တရားတော်လေးဖတ်ကြဦးနော်
သာသနာသက္ကရာဇ် ၂၅၆၁
ကောဇာသက္ကရာဇ် ၁၃၇၉ခု ပြာသိုလဆန်း ၁၄ရက်
ခရစ်နှစ် ၃၁ ၁၂ ၂၀၁၇ တနင်္ဂနွေနေ့
ရန်ကုန်တိုင်းဒေသကြီး မ/ဥက္ကလာပမြို့နယ်
၂-ရပ်ကွက် အာသာဝတီကျောင်းတိုက်အတွင်း
တည်ရှိသော "ဃောသိတာရုံကျောင်း"
ဆရာတော်ဘုရား၏ ၅၄နှစ်ပြည့်
ဝိဇာတမွေးနေ့ပူဇာရဟန်းခံပွဲ၌
ပြုလုပ်ကျင်းပအပ်သော နဝမအကြိမ်မြောက်
"အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲ"၌
ဟောကြားအပ်သောတရားအကျဉ်း
သည်နေ့ရဟန်းခံတဲ့ကုသိုလ်ကတစ်ခု
ပဋ္ဌာန်းပွဲကျင်းပတဲ့ကုသိုလ်ကတစ်ခု
ဘာကိုအကြောင်းပြုသလဲဆိုတော့
ဆရာတော်ဘုရားရဲ့၅၄နှစ်ပြည့်ဝိဇာတမွေးနေ့ကို
ပဋ္ဌာန်းအကျိုးကတော့အကျဉ်းပဲမှတ်ကွာ
ဘေးအန္တရာယ်တွေကလွတ်မြောက်မယ်ကွာ
ကောင်းတဲ့ဆောင်ရွက်ချက်မှန်သမျှအောင်မြင်မယ်ကွာ
နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ကွာ
ဘယ်လိုရွတ်မလဲကွာ ခန္ဓာကိုယ်စင်ကြယ်အောင်ပြုကွာ နတ်တွေပင့်ဖိတ်ကွာ အချိန်မှန်ရွတ်ကွာ
အသံထွက်ပီသအောင်ရွတ်ကွာ
နေ့တိုင်းရွတ်ကွာ ရွတ်ဆိုပြီးဆုတောင်းကွာ
အမျှဝေကွာ
တစ်ခါတုန်းက
မိုးညှင်းဆရာတော်ဘုရားကြီးထံမှာ
တရားနာရင်း ဥပုသ်စောင့်လာကြတဲ့
အဘွားအိုတွေထဲမှာ တယောက်သော
အဘွားကြီးက စာလည်းမတတ်
ဉာဏ်လည်းထိုင်းတော့ သူများတွေ
ပုတီးစိပ်တဲ့အချိန်မှာ ပုတီးမစိပ်တတ်လို့ဆိုပြီး
ဆရာတော်ကြီးကို လာလျှောက်ပါသတဲ့ ။
အဲဒီတော့ မိုးညှင်းဆရာတော်ဘုရားကြီးက
`ဟေတုပစ္စယော´စိပ်လို့ အမိန့်ရှိတော်မူလိုက်ပါသတဲ့ ။ဒါနဲ့ အဲဒီအဘွားကြီးက
ဆရာတော်ကြီးသင်ပေးလိုက်တဲ့အတိုင်း
`ဟေတုပစ္စယော၊ဟေတုပစ္စယော´ လို့ပဲ ပုတီးစိပ်နေလိုက်ပါသတဲ့ ။
မိုးညှင်းဆရာတော်ကြီးက
တရားဟောတဲ့နေရာမှာ ပဋ္ဌာန်းတရားကို
အဓိကထားပြီး ဟောတော်မူလေ့ရှိတော့
အဲဒီအဘွားကြီးဟာ `ဟေတုပစ္စယော´ကို
နားထဲမှာ ယဉ်နေတာပေါ့ ။
မှတ်ဉာဏ်မကောင်းပေမယ့်
`ဟေတုပစ္စယော´တော့ သူရွတ်တတ်တယ်။
သူက ပုတီးစိပ်တဲ့အခါမှ မဟုတ်ဘူး ၊
အလကားနေရင်းနဲ့လည်း
`ဟေတုပစ္စယော၊ဟေတုပစ္စယော´နဲ့
ရွတ်နေတာပဲ။
ထင်းခွေ,ရေခပ်,ထမင်းချက် ဘာလုပ်လုပ်
ဒါပဲ ရွတ်နေတယ်။
သားထောက် သမီးခံ မရှိ ၊
ဆွေမျိုးအသိုင်းအဝိုင်းလည်းမရှိ ၊
ဆင်းရဲနွမ်းပါးလှတဲ့ အဘွားကြီးဟာ
တယောက်တည်း ဘဝကို ရုန်ကန်ပြီး
ဝမ်းစာရှာဖွေရင်းနဲ့ `ဟေတုပစ္စယော´ကိုပဲ
အချိန်ရှိတိုင်း ရွတ်နေပါသတဲ့ ။
အဲဒီလို `ဟေတုပစ္စယော´တလုံးတည်း
ရွတ်နေလို့ ရွာကလူတွေက
သူ့ကို `ဒေါ်ဟေတု´လို့
နောက်ပြောင် ခေါ်ဝေါ်ကြတယ်။
ကြာလာတဲ့အခါ သူ့နာမည်ရင်းကို မခေါ်ကြတော့ဘူး။
`ဒေါ်ဟေတု´လို့ပဲ တွင်နေပါတော့တယ်။
ဒီလိုနဲ့ မိုးညှင်းဆရာတော်ကြီး
မြန်မာပြည်အောက်ပိုင်းကို တရားဟောကြွနေခိုက်
`ဒေါ်ဟေတု´ကြီး ဆုံးရှာပါရော။
ဆွေမဲ့မျိုးမဲ့ တကောင်ကြွက်ဆိုတော့
ရွာကနေ သင့်တော်သလို သင်္ဂြိုဟ်လိုက်ကြတယ်။
ဆရာတော်ကြီး မိုးညှင်းတောရကို
ပြန်ကြွလာတော့ `ဒေါ်ဟေတု´ကြီးဆုံးတာ
နှစ်လလောက် ရှိသွားပြီ။
သူဆုံးတဲ့အကြောင်း ဆရာတော်ကြီးကို
ဘယ်သူမှ မလျှောက်ဖြစ်ကြဘူး။
အမှတ်တမဲ့ပဲ နေကြတယ်။
တနေ့တော့ ဆရာတော်ကြီးက
`ဟဲ့…ဒေါ်ဟေတုကြီးလဲ မမြင်ပါလား´လို့
မေးရော `ဆုံးသွားရှာတာ
ကြာပြီကောဘုရား´ဆိုတော့
`ဟဲ့…နင့်တို့ ဘယ်လို သင်္ဂြိုဟ်လိုက်ကြတုံး´လို့ ဆရာတော်ကြီးက မေးတယ်။
မြေမြုပ်သင်္ဂြိုဟ်လိုက်တာပဲ ဘုရား´လို့
လျှောက်တော့`
ဟဲ့…ဒေါ်ဟေတုက သူတော်ကောင်းမကြီးပါ ၊
ကရော်ကမည် မလုပ်ကြပါနဲ့´လို့ မိန့်တယ်။
ဒါနဲ့ ရွာကလူတွေလည်း
ဒေါ်ဟေတု အလောင်းကို
ပြန်ဖော်ကြတာပေါ့ ။ အဲဒီအခါမှာ
နှစ်လ,သုံးလလောက်မြုပ်ထားတဲ့
ဒေါ်ဟေတုရဲ့ အလောင်းဟာ
အရိုးတောင် ဆွေးလောက်ပြီလို့
ထင်နေပေမယ့် လူကောင်း ပကတိအတိုင်း
အသားအရည်တွေ ဝါဝင်းစိုပြေလို့
မနံမစော်ဘဲ လတ်လတ်ဆတ်ဆတ်
ရှိနေပါသတဲ့။
မိုးညှင်းဆရာတော်ကြီး ဦးစီးပြီးတော့
သံဃာတော်တွေ ပင့်ဖိတ်ပြီး
ဒေါ်ဟေတုရဲ့ ဈာပနပွဲကို
စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသတဲ့။
ကဲဒါဟေတုပစ္စယောတစ်လုံးထဲရဲ့ကျေးဇူးနော်
နေ့တိုင်းများရွတ်သင့်လားမရွတ်သင့်ဘူးလား
နောက်သည်နေ့ကုသိုလ်တစ်ခုကရဟန်းခံတာ
ဒုလ္လဘတရားငါးပါးထဲတစ်ပါးပါတဲ့
ရဟန်းဖြစ်ရန်ရခဲတာ
ဒုလ္လဘတရားငါးပါးကဘာတွေလဲဆိုတော့
ဘုရားဖြစ်ရန်ရခဲတာ
ဘုရားရှင်လက်ထက်လူဖြစ်ဘို့ရခဲတာ
သဒ္ဓါတရားနှင့်ပြည့်စုံသူဖြစ်ဘို့ရခဲတာ
ရဟန်းအဖြစ်ကိုရခဲတာ
သူတော်ကောင်းတရားနာကြားဘို့ရခဲတာ
သည်လိုအကျဉ်းမှတ်မယ်။
သည်နေ့ဆရာတော်ဘုရားရဲ့ဝိဇာတမွေးနေ့ကို
အကြောင်းပြုပြီး ဒို့တွေကုသိုလ်တွေဆက်နေတာ
ရဟန်းပြုခွင့်ရှေ့ဆက်တိုးလိုက် သာမဏေပြုခွင့်
ရှေ့ဆက်တိုးလိုက် တရားအားထုတ်ခွင့်
သီလတွေဆောက်တည်ခွင့် ဒါနတွေပြုခွင့်
ဒါတွေရတာ ဘာဖြစ်လို့ ရတနာသုံးပါးရှိလို့
ရတနာသုံးပါး မရှိရင်လုပ်ခွင့်မရဘူး။
အဲသည်တော့ရတနာသုံးပါးဂုဏ်ကျေးဇူးမကြီးဘူးလား။
ဒါဆိုလိုက်ဆိုရအောင်
ဗုဒ္ဓဂုဏံ အနန္တံ အဟံ ဝန္ဒာမိပါဘုရား
ဗုဒ္ဓဂုဏ်ရည် စုံအညီ ယုံကြည်မြတ်နိုးလက်စုံမိုးရှိခိုပါ၏ဘုရား
ဓမ္မ ဂုဏံ အနန္တံ အဟံ ဝန္ဒာမိပါဘုရား
ဓမ္မဂုဏ်ရည် စုံအညီ ယုံကြည်မြတ်နိုးလက်စုံမိုးရှိခိုပါ၏ဘုရား
သံဃဂုဏံ အနန္တံ အဟံဝန္ဒာမိပါဘုရား
သံဃဂုဏ်ရည် စုံအညီ ယုံကြည်မြတ်နိုးလက်စုံမိုးရှိခိုပါ၏ဘုရား
ကဲသည်တော့ပဋ္ဌာန်းရဲ့အကျိုးလည်းသိပြီ။
ရဟန်းပြုဘို့အတွက်လည်းလိုအပ်တာတွေကို
သိပီးဖြစ်မယ်လို့ထင်ပါတယ်။
သည်နေ့ကဝိဇာတမွေးနေ့ဆိုတော့
မွေးနေ့ဆိုတာ အသက်ကြီးလာတဲ့
အထိမ်းအမှတ် ဖြစ်တယ်
" ငါသည် တစ်နှစ်ပို၍ သေဘက်နီးလာပြီ " ဟု
မွေးနေ့ကသတိပေးနေတာဖြစ်တယ်
"ငါနှင့်ရွယ်တူ ငါအောက်လူ ကြီးသူသေကြ များလှပြီ
ခဏမစဲ အိုစမြဲ ကိုယ်လဲသေဘက် နီးခဲ့ပြီ
မသေရမီ ပါရမီ ငါသည်ဖြည့်မှ သင့်တော်မည်"
"မွေးနေ့မွေးရက်ကုသိုလ်ဆက်အသက်ကိုယ့်မှာရှည်
အသက်ရှည်လို/စိတ်ချမ်းသာလို
/စည်းစိမ်တိုးလို/နိဗ္ဗာန်မဂ်ဖိုလ်ရလို
မွေးနေ့ကိုကုသိုလ်ပြုရမယ်"
သည်နေ့မွေးနေ့ကိုအကြောင်းပြု
ပုဂ္ဂိုလ် ၂မျိုးကိုပြောချင်တယ်။
ပုဂ္ဂိုလ် ၂မျိုး ဆိုတာ
ပိုးစာကောင် နဲ့ပင့်ကူ
ပင့်ကူရောပိုးစာကောင်ရောခန္ဓာအိမ်ထဲက
ပိုးချည်မျှင်ထုတ်လွှတ်တယ်။
ပိုးစာကောင်က ပိုးချည်မျှင်နဲ့
သူ့ကိုတုပ်နှောင်ပလိုက်တယ်။
နောက်ဆုံး
အသက်ဆုံးရှုံးပီးဘဝနစ်မွန်းရတယ်။
ပင့်ကူက နေထိုင်ဘို့ဆောက်လုပ်
လမ်းဖောက်လျှောက်လှမ်းတယ်။
အသုံးပြုပုံကွာခြားတယ်။
လူ့ဘဝခန္ဓာရလာပီ ကာယဥာဏအားတွေနဲ့
ကြိုးစားလို့
စည်းစိမ်ရတာချင်းတူပေမယ့်
အသုံးချပုံမတူဘူး။
ပိုးစာကောင်က လိုသူက
အတ္တအတွက်သာသုံးတယ်။
ဘာမှမပါဘဲအကျိုးမဲ့သေသွားရတယ်။
သူတော်ကောင်းဥစ္စာတစ်ခုမှမရှိဘူး။
မက်မောတွယ်တာပီး သေသွားရတယ်။
ပင့်ကူနဲ့တူတဲ့သူက သူ့အတွက်
အကျိုးရှိအောင် ကုသိုလ်အမှုတွေပြုတယ်
ဒါနပြုတယ် သီလဆောက်တည်တယ်
သေတော့ အကျိုးရှိရှိသေသွားတယ်။
အခုဒို့ဆရာတော် မွေးနေ့မှာရော
မွေးနေ့မတိုင်ခင်ရော
ဒို့ဒကာဒကာမတွေအသိ
ကုသိုလ်ကောင်းမှုတွေပြုတာ
မနည်းဘူး။
ဟောသည်နေ့ ဝိဇာတမွေးနေ့နဲ့အတူ
နဝမကြိမ်မြောက် ပဋ္ဌာန်းပွဲလည်းကျင်းပသလို
ရဟန်းခံစတာတွေလည်းမလုပ်ဘူးလား
ဒါဆိုဆရာတော်ဟာ သူ့အတွက်လုပ်တာလား
ဒို့ဒကာဒကာမတွေအတွက်လုပ်တာလား
ဒို့ဒကာဒကာမတွေသည်နေ့အလှူတွေပြုဖြစ်အောင်
ဆရာတော်ကလုပ်ပေးလိုက်တယ်။
ဆရာတော်ဘုရားရဲ့မွေးနေ့ကိုအကြောင်းပြုပြီး
လှူဒါန်းရတဲ့ဒါန ဆောက်တည်ရတဲ့သီလ
အားထုတ်ခဲ့တဲ့ ဘာဝနာတွေကြောင့်
ဒို့ဒကာဒကာမတွေ
နိဗ္ဗာန်ကိုရောက်သည်အထိအကျိုးပေးနိုင်ကြပါစေလို့ဆုတောင်းရင်း တရားသိမ်းကြစို့။
လိုက်ဆိုရအောင်
ဘဝစည်းစိမ် ခန္ဓာအိမ်ကား တိမ်တခဲနက်
ကြည့်ရင်းပျက်သို့ မျက်စေ့အောက်တွင်
လွင့်ပျောက်စင်သည်။
သင်္ခါရစက် သူ့ပိုက်နက်၌ သွင်သွက်လည်ကာ
ပါရရှာသည် ခန္ဓာအနိစ္စ/ဒုက္ခ/အနတ္တပါတကား။
အရှင်နာယက ကရုဏာပျိုးခင်းဆရာတော် ဗုဒ္ဓတက္ကသိုလ်
09-252051484
31-12-2017
No comments:
Post a Comment