လဥ,လဖြုန်း လကိုးလုံး ဘုန်းဘုန်းဘာကြောင့်သုံးသနည်း?
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
တောင်တွင်းဆရာတော် ရှင်ဥတ္တမကျော်သည် ရိုင်းသူများအား ယဉ်ကျေးအောင်ဆုံးမတတ်သော သြဝါဒါစရိယလည်းဖြစ်တော်မူ၏။ ပိဋကတ်အရာ၌လည်း ကမ်းခတ်အောင် တတ်မြောက်တော်မူ၏။ ဝိနည်းသိက္ခာပုဒ်တော်နှင့်အညီ ကျင့်တော်မူသည်ဟူ၍လည်း ထင်ရှားတော်မူ၏။ လွန်စွာလည်း သိမ်မွေ့တော်မူ၏။ အထူးသဖြင့် လူတို့နှင့်ဝေးရာ အရညဝါသီ တောရဆောက်တည်နေသော အရှင်သူမြတ်လည်း ဖြစ်တော်မူ၏။
ဤသို့သော ဆရာတော်ဘုရား၏နှုတ်တော်မှ တောလားရတုကိုးပုဒ်အချတွင် --
{ သီးမျိုးခိုင်ညှာ လပြွတ်တည်း။ }
{ ဘီလူးသွားကို လဖြဲတည်း။ }
{ တောကြက်တောင်ပံ လဖြုန်းတည်း။ }
{ မုဆိုးချုံက လချောင်းတည်း။ }
{ မိုးမှာရွှေကြယ် လဥတည်း။ }
{ ရွှေဘောင်မြစ်ညှာ လဆန်တည်း။ }
{ တရားထားသို့ လထစ်တည်း။ }
{ ပြုစုပျိုးထောင် လမွေးတည်း။ }
{ မြဲစွာဖြစ်လိမ့် လမှန်တည်း။ } ဟူ၍
စီကာပတ်ကုံး လ,ကိုးလုံး ထွက်လာသောအခါ ``ညစ်ညမ်းသကိုး´´ဟု ယူဆကြကုန်လေ၏။ ဆရာတော်နှုတ်ထွက်စကားဖြစ်နေ၍ မယုံရခက် ယုံရခက် မျက်စိလည်ကုန်ကြလေသည်။ ``ငါ ဤသို့ရေးလိုက်သည်ရှိသော် အစွန်းမလွတ် မနှစ်မြို့ဖွယ်ရာသော အဓိပ္ပါယ်မျိုးတွေ ထွက်လာကုန်လိမ့်မည်´´ဟူ၍ ဆရာတော်အနေဖြင့် မတွေးမိပဲ နေမည်လည်းမဟုတ်၊ ဧကန်တွေးမိပေလိမ့်မည်။
သို့ပါလျက် အဘယ်သို့သော ဦးတည်ချက်ဖြင့် ဆရာတော်သည် ဤ လ,ကိုးလုံးကို သုံးတော်မူလိုက်လေသနည်း? အကြောင်းမဲ့ကား မဟုတ်တန်လေရာ။ ဆရာတော်၏ အာဘော်ဆိုက်အောင် နှိုက်နှိုက်ချွတ်ချွတ် တွေးခေါ်နိုင်မိဖို့ လိုပေသည်။
အကျင့်ကောင်းခြင်းသည် တခြား၊ ညာဉ်သည် တခြားဖြစ်၏။ အကျင့်ကောင်းသည်ပင်မှန်စေ၊ ညာဉ်ကိုကား ဖျောက်နိုင်ခဲသည်။ မှန်၏။ ရှေးဘဝက မျောက်ဖြစ်ခဲ့ဘူးသော ဝါသနာညာဉ်ကြောင့် အရှင်မောဂ္ဂလ္လာန်သည်ပင်လျှင် မြောင်းငယ်ကလေးမျှကိုလည်း ခုန်၍ ကူးတော်မူခဲ့ဘူးလေသည်ဟု အဆိုရှိ၏။
အရှင်ဥတ္တမကျော်၌ ဝမ်းတွင်းပါ ညာဉ်တစ်ခုရှိနေကြောင်းကို သူ့သမိုင်းအားဖြင့် ထင်ရှားပေ၏။ ထိုညာဉ်ကား အရွဲ့တိုက်တတ်သောညာဉ်, ရွတ်တတ်သောညာဉ်ဖြစ်လေသည်။ ဆရာတော်၏ သမိုင်းတလျှောက်၌ အရွဲ့တိုက်တတ်သော ထိုညာဉ်ကြောင့် ဖြစ်ရသော စွတ်ကြောင်းကြီးသုံးခု ထင်၍ ကျန်ခဲ့သည်ဖြစ်ရာ ယင်းသုံမျိုးအနက် ပထမဆုံး အရွဲ့တိုက်မှုမှာ ``ဣတ္ထိဗီဇံ အဟံ ဝန္ဒာမိ´´ဟူသော ဘုရားရှိခိုးဖြစ်လေသည်။
ဆရာတော် ရှင်ဥတ္တမကျော်သည် အသက်၁၅နှစ်အရွယ် ရှင်သာမဏေဘဝက အခြားသူများကဲ့သို့ ဘုရားကို ရိုးရိုးရှိမခိုးလေပဲ ``မိန်းမအစေ့ကို ရှိခိုးပါ၏´´ဟု အရွဲ့တိုက်၍ ရှိခိုးခဲ့သည်။
ယင်းအမှုကို ဆရာဘုန်းကြီးကသိလျှင် တုတ်မိုး၍ စစ်လေသော် မယ်တော်မာယာဣတ္ထိမှ ဖွားမြင်တော်မူသော သိဒ္ဓတ္ထမင်းသား ဘုရားမျိုးစေ့ဗီဇကို ရှိခိုးခြင်းဖြစ်ပါကြောင်းကို ပါဠိတော်နည်း အဋ္ဌကထာနည်းတို့ဖြင့် ဖွင့်ဆို၍ လျှောက်ထားလိုက်သဖြင့် အရိုက်မခံရတော့ရုံမက
``အေး!! ငါ့တပည့် မောင်ဥတ္တမ ကျော်ပေစွ´´ဟူ၍ ကောင်းချီးပေးခြင်းခံခဲ့ရ၏။
ဤ အရွဲ့တိုက်မှုမှ ရလဒ်ကား ``ကျော်´´ဖြစ်လေသည်။ ထိုအခါမှစ၍ ဥတ္တမနောက် ကျော်တစ်လုံးရောက်လာပြီး ``ကိုရင်ဥတ္တမကျော်´´ဟူ၍ ခေါ်တွင်လာသတတ်။
ဒုတိယအရွဲ့တိုက်မှုကား ခုံတော်မောင်ကျဘမ်း၏ မယားကို ပါးရိုက်၍ ဆွမ်းခံဖိတ်မှုဖြစ်လေသည်။
ဆရာတော်သည် မှန်သည်ကိုသာ နှစ်ခြိုက်တော်မူ၏။ သူက ရွဲ့လာသော် မခံချင်တတ်သောညာဉ်က ကြွ၍ ကြွ၍ ထလာတတ်သည်။ ထိုအခါ သူမည်းလျှင် မှောင်ကူ၍ သူဖြူလျှင် ထုံးဖြစ်လိုက်တတ်၏။ သူချိုလျှင် ကြံချောင်း သူစောင်းလျှင် ကိုယ်က ရွဲ့တတ်သောအလေ့မှာ ဆရာတော်၏ ပကတိညာဉ်ဖြစ်၏။
သက္ကရာဇ် ၈၅၅ခု အသက်၄၀အရွယ်၌ ဆရာတော်သည် အင်းဝနေပြည်တော်သို့ ရောက်သွားလေသည်။ ဆွမ်းဖိတ်၍ ရ/မရ မောင်ကျဘမ်းအား ဆရာတော်က မေး၏။ ``ဆွမ်းတစ်အုပ်မျှနှယ်ကို ဘယ်အိမ်မှာမဆို ပါးရိုက်ဖိတ်ဦးတော့ ရနိုင်သည်´´ဟု မောင်ကျဘမ်းက ဖြေ၏။ ထို့ကြောင့် ဆရာတော်က အရွဲ့တိုက်၍ သူ့မယားအား ပါးရိုက်၍ ဆွမ်းဖိတ်လိုက်ခြင်း ပြုလေတော့သည်။
ပါးရိုက်မှုမပြီးခင် တစ်မှုပေါ် နှစ်မှုထပ်လာ၏။ မောင်ကျဘမ်းက သူ့မယားအား ``နင့်လင်စားဖို့ မြန်မြန်ချက်´´ဟု စိတ်ဆိုးမာန်ဆိုးဖြင့်ခိုင်းလေသည်ကို ဆရာတော်က တေးထားလိုက်၏။ ဆွမ်းစားပြီးသောအခါ ဆရာတော်က မောင်ကျဘမ်း၏ မယားလက်ကို ဆွဲ၍ခေါ်လေတော့သည်။
`` ဟဲ့ ဒကာမ လာ! ငါ့နောက်လိုက်ခဲ့ နင့်လင်က
နင့်ကို ငါနဲ့ပေးစားပြီးပြီ´´ဟု ဆွဲခေါ်သည်။ ဆရာတော် ဤမျှအထိ ရွတ်သောဟူ၏။ ဤရွတ်မှုကြောင့် မောင်ကျဘမ်းက သူ့မယားအား ပါးရိုက်မှု လက်ဆွဲမှုဖြင့် ရှင်ဥတ္တမကျော်အား တရားစွဲသဖြင့် သံဃာ့တရားရုံးသို့ ရောက်သွားလေသည်။ အမှုသွား အမှုလာကို ချင့်၍ ရှင်ဥတ္တမကျော်ကပင် အနိုင်ရသွား၏။ ဤကား ဒုတိယမြောက် အရွဲ့တိုက်ခြင်းဖြစ်၏။
တတိယအရွဲ့တိုက်ခြင်းကား ဤ ``လ,ကိုးလုံး အသုံးအနှုန်း အရေးတော်ပုံကြီး´´ပင် ဖြစ်လေသည်။ ဆရာတော်သည် နေပြည်တော်ကို အထင်ကြီး၍ တက်လာခဲ့လေရာ ထိုအချိန်တွင် အင်းဝနေပြည်တော်၌ လ-အက္ခရာများ အလွန်ရေပန်းစားနေသည်ကို တွေ့ရလေ၏။
လ-ကို ထုတ်လုပ်သူများကား ကဗျာအကျော်အမော် ဆရာတော်များဖြစ်သည့် အရှင်မဟာသီလဝံသနှင့် အရှင်မဟာရဋ္ဌသာရတို့ ဖြစ်လေသည်။ ယင်း လ-ကို နှစ်ခြိုက်စွာ မြိန်မြိန်ရှက်ရှက် သုံးစားနေသူတို့ကား မင်းနေပြည်က ရဟန်းရှင်လူတို့ဖြစ်လေ၏။
အရှင်မဟာသီလဝံသကဆိုလျှင်
သျှိသျှားကန်မော်ကွန်း၌ -
{ ရန်မျိုးကြက်နှယ် လငြင့်တည်း။}။
ဆုတောင်းခန်း၌ -
{ တရားဆီမီး လညှိတည်း။}။
{ ပြစ်မှားကြိုးနှယ် လခွေတည်း။}။
ပါရမီခန်း၌ -
{ အမောင်ဆည်းပူး နိုင်စေလေဿး။}။
{ ဆုကောင်းတံစိုး ပိုင်စေလေဿး။}။ဟူ၍၄င်း။
အရှင်မဟာရဋ္ဌသာရကလည်း
ကိုးခန်းပျို့၌ -
{ သက်ရင့်မကြီး လမီတည်း။}
{ မင်းမြတ်တောင်းပန် လထွာတည်း။}
{ ဂါထာနှစ်ခု လရွတ်တည်း။}
{ လူတွင်ဆူးသို့ လပို့တည်း။} ဟူ၍၄င်း
လ-အက္ခရာများကို ဘုံးဘောလအော သုံးနေဆဲဖြစ်လေသည်။
အရှင်ဥတ္တမကျော်က ဤ လ-အသုံးအနှုန်းကို လုံးဝ
နှစ်ခြိုက်တော်မမူပေ။ ထို့ကြောင့် ဤတွင်လည်း အရွဲ့တိုက်ချင်တတ်သောညာဉ်က သတ္တိပြလာတော့သည်။ ခေါင်းပြူ၍ ထလာလေတော့သည်။
``ရေးသူက ရေးသည်ပဲထားဦးတော့၊ မင်းနေပြည်မှာ ဒီလောက်တောင် အသိဉာဏ်ခေါင်းပါးရာသလော၊ အားပေးပြုရာသလော၊ ဒီလောက်တောင် လ-ကြိုက်လှတာ နေနှင့်ကြဦး၊ လ-အကြောင်း ကောင်းကောင်းကြီး ပြလိုက်ရသေးတာပေါ့´´ဟူ၍ တေးကာ တောင်တွင်းသို့ ပြန်လာခဲ့လေသည်။
တောင်တွင်းသို့ရောက်လျှင် အရှင်ကာဠုဒါယီက နေပြည်တော်သို့ကြွရောက်ရန် ဘုရားရှင်အား ပင့်လျှောက်ခန်း ဂါထာ-၆၀-ကိုမှီး၍ လ-ကိုးလုံးတို့ဖြင့် တခမ်းတနား တန်ဆာဆင်လျက် တောလားကိုးပိုဒ်ကို အင်းဝစာဆိုတော်များအား အရွဲ့တိုက်၍ ရေးစီရင်တော်မူလေသည်။ ဤကား တတိယမြောက် အရွဲ့တိုက်ခြင်းဖြစ်၏။
စင်စစ်သော်ကား လ-အက္ခရာကြောင့် တစုံတခု ထူးခြားသော အနက်မထွက်၊ မရှိ။ လပြွတ်~လဖြဲ~ လချောင်း~စသည်တို့၌ လနှင့်ပြွတ်ကိုလည်းကောင်း၊ လနှင့်ဖြဲ ကိုလည်းကောင်း၊ လနှင့်ချောင်းကိုလည်းကောင်း ရှေ့နောက်ပြန်၍ တေ့လွဲကလေး လှည့်စား၍ အရွဲ့တိုက်ထားခြင်းမျှသာ ဖြစ်လေသည်။ ထို့ကြောင့် အဓိပ္ပါယ်အဖြောင့်ရေးလိုက်သော် ~
သီးမျိုးခိုင်ညှာ ပြွတ်လတည်း။ {ပြွတ်သတည်း။ }
ဘီလူးသွားကို ဖြဲလတည်း။ { ဖြဲသတည်း။ }
တောကြက်တောင်ပံ ဖြုန်းလတည်း။{ဖြုန်းသတည်း။}
မုဆိုးချုံက ချောင်းလတည်း။ { ချောင်းသတည်း။ }
မိုးမှာရွှေကြယ် ဥလတည်း။ { ဥသတည်း။ }
ရွှေဘောင်မြစ်ညှာ ဆန်လတည်း။ {ဆန်သတည်း။ }
တရားထားသို့ ထစ်လတည်း။ { ထစ်သတည်း။ }
ပြုစုပျိုးထောင် မွေးလတည်း။ { မွေးသတည်း။ }
မြဲစွာဖြစ်လိမ့် မှန်လတည်း။ { မှန်သတည်း။ }
ဟု ဆိုလိုသည်။
သ~လ~က-တို့သည် မိတ်တူစကားများ ဖြစ်ကုန်၏။ စကားပရိယာယ် လဲလှယ်သုံးနိုင်သည်။
ပုံစံ ~
မြကန်လင်္ကာ၌ -
မြကန်သာ တောင်ကျချောင်းတေး။
။ ချောင်းတည်း။
။ ချောင်းဖြစ်သည်တည်း။
။ ချောင်းဖြစ်သတည်း။
။ ချောင်းဖြစ်လတည်း။
။ ချောင်းဖြစ်သလျှင်ကတည်း။
ဤ ကြိယာအနက်အားလုံးသည် အဓိပ္ပါယ်တူ၏။
``မြကန်သည် တောင်ကျချောင်းဖြစ်ပါသည်´´ဟူသော အနက်ထက်ပို၍ မည်သည့်အဓိပ္ပါယ်မျှ မထွက်လာ။ ထို့အတူ လပြွတ်တည်း~ပြွတ်လတည်း၊ လဖြဲတည်း~ဖြဲလတည်း-စသည်တို့၌လည်း တူကုန်၏။ လ နှင့် ပြွတ်ကို, လ နှင့် ဖြဲကို (အရွဲ့တိုက်၍) ရှေ့နောက် ပြောင်းရွှေ့ထားကာမျှသာတည်း။ လ-အတွက် အနက်အဓိပ္ပါယ် အထူးမရှိပေ။
ထို့ကြောင့် လ-သည် စကားပို၊ စကားပိုး၊ ပုဒ်မြှောင်၊ စကားမြှောင်မျှသာ ဖြစ်လေသည်။ ရှင်ဥတ္တမကျော် ဆရာတော်၏ အရွဲ့တိုက်တတ်သောညာဉ် ရွတ်တတ်သောညာဉ်အရ ဉာဏ်ကွန့်မြူးထားခြင်းမျှသာ ဖြစ်၏။ ဆရာတော်၏ လ-ကိုးလုံးပါသော တောလားသည် စာ, စာပေ, ပတ်ဝန်းကျင်ဟူ၍ သုံးမျိုးရှိလေသည့်အနက် ယင်း သုံးမျိုးစလုံးကိုပင် ပေါ်လွင်စေသည့်အပြင် သူ့ တောလားများကို စိတ်ဝင်စားကြပြီး ထာဝရလှုပ်ရှားနေရစ်စေရန်အတွက် ဆရာတော်က စက်ယန္တရားများ တပ်ဆင်ထားခဲ့၏။ ယင်း စက်ယန္တရားများကား ``လ-ကိုးလုံး´´ဖြစ်သော ဟူ၏။
<><><><><><><><><><><><><><><><><><><>
စာပေမှတ်တမ်းတစ်ခုအဖြစ် သိစေချင်လို့တင်တာပါ
ရိုင်းတယ်လို့တော့ မထင်စေချင်ပါဘူး
ဆုံးအောင်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
Nandiya Ashin PPA
No comments:
Post a Comment