ဝါကျွတ်- ၀ါလွတ်- ၀ါထ- ပ၀ါရဏာ
********************
ဝါတွင်း (မိုးတွင်းသုံးလ) ကျောင်းအောင်း သို့မဟုတ် တစ်စုံတရာအရေးကြီးကိစ္စမရှိဘဲ ၀ါတွင်းကာလမှာ ရဟန်းတော်များသည် အရုဏ်တက်ချိန်အတွင်းမှာ ကျောင်းဝိုင်းအတွင်းမှာ ရှိနေရမှာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ညအိပ် ကျောင်းဝင်း အပြင်မှာ ရှိမနေရပါဘူးလို့ ဆိုလိုပါသည်။
ထို့ကြောင့် ရဟန်းတော်များသည် မြတ်ဗုဒ္ဓ၏ အမိန့်အာဏာတော်အတိုင်း ၀ါတွင်း (သီတင်းကျွတ်လ္ဆန်း (၁၅)ရက်နေ့အထိ) ကျောင်းတွင်းမှာပဲ ပရိယတ် (စာပေသင်ကြားခြင်း၊ ပို့ချခြင်း၊ ဟောပြောခြင်း) ပဋိပတ်အလုပ် (ဆောင်သီလ၊ ရှောင်သီလဟူသော ကိုယ်ကျင့်တရားများဖြင့် ပဋိပတ်အလုပ်)ကို ပြုလုပ်နေရခြင်းဖြစ်ပါသည်။
ဝါကျွတ်ပြီ
***********
ယခုအခါ သီတင်းကျွတ် လပြည့်ကျော်၊ ၀ါကျွတ်၊ ၀ါတွင်းမှ ထလာခြင်း (၀ါထ)၊ ၀ါတွင်းသုံးလ ခိုအောင်းရခြင်းမှ လွတ်ခြင်း (၀ါလွတ်)သည့်အခါ ဘာတွေ လုပ်ကြရသနည်း။
ဗုဒ္ဓဘာသာနိုင်ငံတွေမှာတွေမှာတော့ ၀ါကျွတ်ပွဲဟု ပွဲတော်တစ်ရက် Holy Month အနေနဲ့ ပြုလုပ်လေ့ရှိကြသည်၊ ၀ါတွင်းကာလမှာ ရဟန်းတော်များက အထူး ရဟန်းတရားများ အားထုတ်ကြသလို ဒကာ ဒကာမများကလည်း အထူးကုသိုလ် ကောင်းမှုများ ပြုလုပ်ကြသည်၊ အမျိုးသား အမျိုးသမီးတို့ ဇနီးခင်ပွန်းအဖြစ်နဲ့တောင် မနေကြဘဲ ၀ါကျွတ်မှပဲ မင်္ဂလာပွဲများ ပြုလုပ်ကြသည်၊ ဤကား ၀ါတွင်းကာလမှ မကောင်းမှု နဲနိုင်သမျှနဲအောင်၊ ကောင်းမှုတွေ များနိုင်သမျှ များအောင် ပြုလုပ်ကြခြင်းဖြစ်သည်။
ဝါမှလွတ်၊ ၀ါမှထ၊ ၀ါကျွတ်၊ ၀ါလအဆုံးသော အခါ
*********************
ရဟန်းတော်များက ၀ါတွင်းကာလမှာ သီတင်းသုံဖော်များနှင့် အတူနေကာလမှာ အကယ်၍ တစ်ပါးနဲ့ တစ်ပါး တစ်စုံတရာ အပြစ်များ ကျူးလွန်ခဲ့ရင် ၀ါကျွတ်သောအခါ ဒေသအသီးသီးသို့ ခရီးကြွချီကြတော့မည်။ ခွဲခွါကြတော့မည်၊ မခွဲခွါမီ ထိုကာယကံ မနောကံတို့ဖြင့် ပြစ်မှားမိသော အပြစ်တွေအတွက် အပြန်အလှန် တောင်းပန်ကြသည်၊ အပြစ်အတွက် ထောက်ပြ ဆုံးမပေးရန် အပြန်အလှန် ဖိတ်မိန္တက ပြုကြသည်၊ ဤသည်ကိုပင် ပ၀ါရဏာဟု ခေါ်သည်။ ပ၀ါရဏာ- ဖိတ်မန်ခြင်းတည်း။
ဒကာ ဒကာမတွေလဲ ပ၀ါရဏာပြုကြသည်
************
ရဟန်းတော်များကဲ့သို့ လူဝတ်ကြောင်တွေလဲ ပ၀ါရဏာအလုပ်ကို လုပ်ကြသည်၊ အဘိုးအဖွားတွေ ကန်တော့ကြသည်၊ အဖေ အမေကို ကန်တော့ကြသည်၊ အစ်ကို အစ်မကို ကန်တော့ကြသည်၊ ဆရာသမားများကို ကန်တော့ကြသည်၊ ရတနာသုံးပါးကို ကန်တော့ကြသည်၊ ကာယကံ ၀စီကံ မနောကံတွေမှာ တစ်စုံတရာ အပြစ်များပါခဲ့ရင် ခွင့်လွတ်ပေးရန် တောင်ပန်ကြသည်၊ ဖိတ်မန်ကြသည်။ ဤသည်ပင် ပ၀ါရဏာဟု ခေါ်သည်။
ကျေးဇူးရှင် ဆရာသမားများအားလုံးကို ဤနေရာမှ လက်ဆယ်ဖြာ ထိပ်မှာမိုးလျက်ရှိခိုးကန်တော့လိုက်ပါသည်ဘုရား။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၀-၂၀၁၇
No comments:
Post a Comment