Sunday, February 12, 2017

၂၀၁၆ မြန်မာနိုင်ငံ သမိုင်းလမ်းကြောင်း


၂၀၁၆ မြန်မာနိုင်ငံ သမိုင်းလမ်းကြောင်း

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အောင်မြင်မှု၊ စိမ်ခေါ်မှု၊ ရပ်ဆိုင်းနေတဲ့ မျှော်လင့်မှုတွေနဲ့ ထူးခြားတဲ့ ဖြစ်ရပ်တွေကို ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်။

ကုန်ဆုံးတော့မယ့် ၂၀၁၆ ဟာ မြန်မာနိုင်ငံ သမိုင်းလမ်းကြောင်းမှာ အဆစ်အချိုးတကွေ့ ဖြစ်တယ်လို့ ယတိပြတ် ပြောနိုင်ပြီလားဆိုတဲ့ မေးခွန်းနဲ့ ဒီနှစ်ချုပ်သုံးသပ်ချက်ကို စတင်လိုပါတယ်။

တကယ်တော့ ဒီနှစ်ဟာ နှစ်ဆန်းကတည်းက ပြည်သူတွေရင်တမမနဲ့ အသက်အောင့်ပြီး စတင်ခဲ့ရတဲ့နှစ် ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အောင်ပွဲရခဲ့ပေမယ့် ပြည်သူလူထုအနေနဲ့ ပွင့်ပွင့်လင်းလင်း မပျော်နိုင်ဘဲ အာဏာ တကယ်လွှဲပါ့မလားဆိုပြီး စိုးရိမ်နေခဲ့ကြရတာပါ။
ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ အသေးစိတ်ကို မသိကြရပေမယ့် အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်တယ်လို့ သဘောပေါက်ထားကြတဲ့အတွက် နှစ်ဘက်သဘောတူညီမှု ရပါစေကြောင်း လူတိုင်းဆုတောင်းနေခဲ့ကြပါတယ်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာတော့ ရာစုဝက်ကျော် မြန်မာ့သမိုင်းမှာ ရွေးကောက်ခံလွှတ်တော်ကိုယ်လှယ် (၇၅)% နဲ့ ဖွဲ့စည်းထားတဲ့ ပထမဦးဆုံးသော ပြည်သူ့လွှတ်တော် ပေါ်ထွက်လာပါတယ်။

၂၀၁၆ ကာလ သက်တမ်း (၄) နှစ်တာအတွက် အောက်လွှတ်တော် အစည်းအဝေးကို စတင်ကျင်းပခဲ့တဲ့ အခါ ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသလို နိုင်ငံတကာကလဲ ကောင်းချီးသြဘာ ပေးခဲ့ကြပါတယ်။
ဒီအချိန်၏မှာ လူတိုင်း အထူးစိတ်ဝင်စားနေတဲ့ကိစ္စကတော့ ဘယ်သူ သမ္မတဖြစ်လာမလဲ ဆိုတာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်အောင် အကွက်ဆင်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေထဲက ပုဒ်မ ၅၉(စ) ကို ပြင်ဖို့အားထုတ်မှုတွေ အရာမရောက် ဖြစ်သွားပြီးတဲ့နောက်မှာတော့ သူ့အခန်းကဏ္ဍကို သူ ပြတ်ပြတ်သားသား ပြောထားခဲ့ပြီးဖြစ်ပါတယ်။
မတ် (၃၁) ရက်နေ့မှာတော့ ဖွဲ့စည်းပုံဥပဒေနဲ့အညီ နိုင်ငံတော်သမ္မတ အဖြစ် NLD ကရွေးချယ်တဲ့ ဦးထင်ကျော်ကို တင်မြှေက်လိုက်ကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတဲ့ ရာထူးသစ်ကို ဥပဒေပြု ဖန်တီးရယူလိုက်ပါတယ်။

ဒီလိုနဲ့ ရွေးကောက်ပွဲအကြိုကာလက အဓိက ပဟေဠိတရပ်ဖြစ်နေခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးမဖြစ်ရေးကိစ္စဟာ အခိုက်အတန့်အားဖြင့် ငြိမ်သက်သွားခဲ့ပါတယ်။ ဒီရာထူးကို အောင်အောင်မြင်မြင် ဖန်တီးရယူနိုင်လိုက်ခြင်းဟာ ၂၀၁၆ အတွင်း NLD အစိုးရသစ်ရဲ့ ပွဲဦးထွက်အောင်ပွဲဖြစ်သလို အကြီးအားဆုံးသောအောင်ပွဲလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြည်သူတွေ လိုလားကြတာဟာ ဒေါ်စုသမ္မတ ဖြစ်ရေး-မဖြစ်ရေးဆိုတာအပြင် ပိုအရေးကြီးတဲ့ကိစ္စတွေလည်း ရှိနေပါတယ်။ ရွေးကောက်တင်မြှောက်လိုက်တဲ့ လူထုကိုယ်စားလှယ်တွေအကြား ဘယ်သူမှ မရွေးကောက် မတင်မြှောက်ဘဲနဲ့ တပ်မတော်ကိုယ်စားလှယ်ဆိုပြီး စစ်သားတွေ ပါဝင်နေတာ အဲဒီဖွဲ့စည်းပုံကို ဖယ်ဒရယ်ပုံစံမျိုးရေးဆွဲထားပြီး တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့် မရရှိတာ စတဲ့ကိစ္စတွေလဲ ရှိနေတာပါ။

ဒါကြောင့်လဲ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ရာထူးလက်ခံတုံးကေ ပြောကြားခဲ့တဲ့ သမိုင်းဝင် (၃) မိနစ်ကြာ မိန့်ခွန်းမှာ “ဒီမိုကရေစီ စံချိန်စံညွန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်” လို့ အလေးအနက်ထား ပြောသွားခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ ဒီတာဝန်ဟာ NLD ပါတီရဲ့ အဓိကရွေးကောက်ပွဲ ကတိတခုလည်း ဖြစ်ခဲ့ပါတယ်။ NLD အစိုးရတက်လာပြီး ၂၀၁၆ ကုန်ဆုံးတော့မယ့် အချိန်အထိ ဒီအရေးကို ပြန်မကိုင်တော့သလောက် ပစ်ထားခဲ့တာ တွေ့ရပါတယ်။ သုံးသပ်သူတချို့ကတော့ ဖွဲစည်းပုံပြင်ဆင်ရေးကို အလေးထားလုပ်ဆောင်နေရင် တခြားလုပ်ငန်းတာဝန်တွေပါ ရှေ့မတိုးနိုင် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဦးစည်သူအောင်မြင့် - လက်တွေ့မှာတော့ နိုင်ငံရေးမှာ စစ်တပ်ပါဝင်ကြီးစိုးနေတဲ့အတွက်ပဲ ကျန်အရေးတွေ ရှေ့မတိုးနိုင် ဖြစ်နေရတာပါ။

အထင်ရှားဆုံးပြသနာကတော့ ပြည်တွင်းငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်က ရရှိခဲ့တဲ့ ပြည်လုံးကျွတ် အပစ်ရပ်သဘောတူညီချက်ကို အခြေခံပြီး (၂၁) ရာစု ပင်လုံညီလာခံ ခေါ်ယူခဲ့တာဟာ ၂၀၁၆ ခုနှစ်အတွက် မှတ်တမ်းတင်ရမယ့် ဖြစ်ရပ်တခုပါ။ သို့သော် ကံမကောင်းအကြောင်းမလှစွာဘဲ ၁၉၄၇ ပင်လုံညီလာခံလိုတော့ သမိုင်းတွင်လောက်တဲ့ ဖြစ်ရပ်တခုတော့ ဖြစ်မလာခဲ့ပါဘူး။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးမထားတဲ့ အဖွဲ့တချို့ပါ တက်ရောက်ဖြစ်ခဲ့ပါသော်လည်း ဧည့်ခံကြိုဆိုရေး အစီအစဉ်တာဝန်ရှိသူ တချို့ရဲ့ စေတနာကင်းမဲ့တဲ့ အပြုအမူတွေကြောင့် ငြိုငြင်စရာတွေ ဖြစ်ခဲ့ရပါတယ်။ တိုင်းရင်းသားအင်အားစုတွေ အနက် လက်နက်အင်အားအကြီးဆုံ UWSA ဝတပ်ဖွဲ့ဟာဆိုရင် ညီလာခံကို ဆက်မတက်ဘဲ ပြန်လည်ထွက်ခွါသွားခဲ့ပါတယ်။ ထိုစဉ်က စစ်ရေးပဋိပက္ခဖြစ်နေဆဲ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ဟာလဲ ဘာမဟုတ်တဲ့ စကားအသုံးအနှုန်းတခုမှာ တပ်မတော်နဲ့ သဘောကွဲတဲ့အတွက် မတက်ရာက်ဖြစ်ခဲ့ပါဘူး။

ဒီလို (၂၁) ရာစုပင်လုံညီလာခံ ထင်တိုင်းမပေါက် ဖြစ်ခဲ့ရတာဟာ တပ်မတော်ရဲ့သဘာထားတချို့ ကြောင့် ဖြစ်တယ်လို့ တွေသုံးသပ်ကြ သူတွေရှိပါတယ်။
တိုင်းရင်းသားခေါင်းဆောင်…(အင်ဘန်လ)(၀င်းမင်း) မြန်မာံအရေးသုံးသပ်သူ ဦးဝင်းမင်းပြောခဲ့တာပါ။
၂၁ ရာစုပင်လုံဟာညီလာခံဟာ သတင်းကြီးသလောက် ခရီးမရောက် ဖြစ်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အကောင်းဘက်က ရှုမြင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူအစိုးရဘက်က သဘောထား နဲ့ ကာချုပ်နဲ့ စစ်ဘက်ကအမြင် မတူညီမှုကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ရှေ့မတိုးဖြစ်နေရတ်ာလို့ UNFC (ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ) တွဲဘက်အထွေထွေ အတွင်းရေးမှူးဦးထွန်းဇော် က သုံးသပ်ပါတယ်။
သို့ပေမဲ့ ငြိမ်းချမ်းရေးအလားအလာကတော့ ကောင်းမွန်တိုးတက်မှုထက် ဆုတ်ယုတ်ကျဆင်းမှုက ပိုများလာတယ်လို့ ဆိုရပါလိမ့်မယ်။ အထူးသဖြင့် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတချို့တို့ဟာ ပြည်ထောင်စုသားအားလုံးနဲ့ ဆိုင်တဲ့မြေပေါ်မှာ သူနယ်ငါ့နယ်ခွဲ တဘက်နဲ့တဘက် ကျူးကျော်တယ်လို့ အပြန်အလှန်စွပ်စွဲပြီး တိုက်ပွဲတွေ ပြန်စတင်ခဲ့ကြပါတယ်။

တိုင်းရင်းသားပြဿနာေ ပြေလည်ရေး ပိုအလှမ်းဝေးစေခဲ့တဲ့နောက် ဖြစ်ရပ်တခုကတော့ ပြည်နယ်တချိုမှာ ရွေးကောက်ပွဲနိုင်တဲ့ ဒေသခံတိုင်းရင်းသားပါတီ က လိုလားသူကို ၀န်ကြီးချုပ်ရာထူးမပေးဘဲ NLD ပါတီဝင်တွေကို ခန့်အပ်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။
ရခိုင်ပြည်မှာဆိုရင် ရခိုင်အမျိုးသားပါတီ (ANP)က မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့်၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ NLD ပါတီဝင်အမတ် ဦးညီပုကို ခန့်အပ်ခဲ့ပါတယ်။ ဒါကြောင့် ANP အမတ်အများစုကြီးစိုးတဲ့ ရခိုင်ပြည်နယ်လွှတ်တော်နဲ NLD ၀န်ကြီးချုပ်တို့အကြား အပေးအယူလုပ်ဖို့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား ပါတီဝင် တချို့ကိုလည်း သက်ဆိုင်ရာပါတီနဲ့ ညှိနိုင်းခြင်းမရှိဘဲ ခေါင်းခေါက်ခေါ်ယူပြီး ရာထူးပေးခဲ့တဲ့အတွက် တိုင်းရင်းသားတွေဘက်က မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။

တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ပဋိပက္ခ ပြဿနာ တွေထက် ၂၀၁၆ အတွင်း အပူတပြင်းဖြစ်လာတဲ့ ပြဿနာတရပ်ကတော့ မောင်တောမြို့နယ် နယ်စပ်ရဲစခန်းကို မူဆလင် အကြမ်းဖက်သမားတချို့ စီးနင်းတိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် လျစ်လျူရှုထားခဲ့ပြီး နိုင်ငံရေးအမြတ်ထုတ်မှု ကိုယ်ကျိုး စီးပွါးအတွက် အသုံးချခဲ့မှုတွေကြောင့် ဆိုးသထက်ဆိုးလာနေတဲ့ ရခိုင်ပြည်နယ် အနောက်မြောက် ဘာသာကွဲ လူ့အသိုင်းအကြား တင်းမာမှုဟာ တကယ်တော့ မြန်မာနိုင်ငံ စတင်ပွင့်လင်းချိန်မှာ အတင်းသားပေါ်ထွက်လာတာ ဖြစ်ပါတယ်။

၂၀၁၂ မှာ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့ပြီးတဲ့နောက် ခေတ္တငြိမ်သက်သလို ဖြစ်နေခဲ့ပေမယ့် အခိုးအရှိန် မသေခဲ့ပါဘူး။ တရားဥပဒနဲ့အညီ နိုင်ငံသားဖြစ်ထိုက်သူတွေကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ခဲပေမယ့် တဖက်မှာ ပြည်ထောင်စုသား အများစုကြီးက လက်မခံနိုင်တဲ့ ရိုဟင်ဂျာ လို့ အသိအမှတ်ပြုရေးကို လှုံ့ဆော်စည်းရုံးမှုတွေ ရှိနေတာကြောင့် မအောင်မြင်ခဲ့ပါဘူး။

သူတို့ကိုယ်သူတို့ ”ရိုဟင်၈ျာ” လို့ သတ်မှတ်၊ ဦးသိန်းစိန်အစိုးလက်ထက်က “ဘင်္ဂါလီ” လက်ရှိ NLD အစိုးရလက်ထက်မှာ “ရခိုင်ပြည်နယ်က မူဆလင်တွေ” လို့ ခေါ်ဝေါ်အသုံးအနှုန်းတွေအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြန်မာအစိုးရကို အပြင်အထန် ဝေဖန်ရှုတ်ချလာခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတကာရဲ့ ဝေဖန်ပြောဆိုမှုတွေဟာ တဖက်သတ်ဆန်ပြီး ပြဿနာ ကို မီးထိုးပေးနေကလို ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ပြောခွင့်ရပု၈္ဂိုလ် ဦးဇော်ဌေး က အခုလိုပြောခဲ့ပါတယ်။
ဒီပြဿနာကို လေ့လာအကြံပေးဖို့ ကုလသမ၈္ဂ အတွင်းရေးမှူးချုပ်ဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်တခုကိုလဲ ဖွဲ့စည်းပေးခဲ့ပါတယ်။

အဲဒီနောက်မကြာခင် အောက်တိုလ (၉)ရက်နေ့မှာ ပြင်ပက အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတဲ့ မူဆလင်အကြမ်းဖက်သမားတချို့က မောင်တောမြို့နယ်က နယ်ခြားစောင့်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်လာခဲ့တယ်။ ဒါကိုတပ်မတော်က တုံ့ပြန်ရာမှာ လူအခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကဆိုရင် မြန်မာနိုင်ငံရဲ့ အာဆီယံအသင်းဝင် ဖြစ်မှုကို ပြန်စဉ်းစားသင့်တယ်လို့ ပြောဆိုလာပါတယ်။

မလေးဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်အပေါ် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် ပါမောက္ခThitinan Pongsadirak ကတော့…
“မူဆလင်ဦးရေး အများစုနေထိုင်တဲ့ မလေးရှားဟာ ပြည်တွင်းမှာ အကတိအချုပ်တော်ပုံကြောင့် အစိုးရပြဿနာတက်နေရတာကို အာရုံလွှဲဖို့အတွက် ရိုဟင်၈ျာတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လူမျိုးတုံး သတ်ဖြတ်နေတယ်၊ မြန်မာနိုင်ငံအာဆီယံအဖွဲ့ဝင် ဖြစ်မှုကို ပြန်သုံးသပ်ဖို့ပြောလာတယ်” လို့ ဒီဇင်ဘာ (၂၀) ထုတ် Nikkei Asian Review မှာ သုံးသပ်ရေးသားခဲ့ပါတယ်။

မကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေကို ခေါ်ယူစည်းဝေပြီး ရှင်းပြညှိနှိုင်းခဲ့ပါတယ်။

၂၀၁၆ အတွင်း ဒီလိုနိုင်ငံရေးဘက်မှာ အပိတ်အဆို့ အတားအဆီးတွေ ရှိနေခဲ့ပေမယ့် ပြည်ပနိုင်ငံရေး ဒါမှမဟုတ် နိုင်ငံခြားဆက်ဆံရေးမှာ ထူးခြားတိုးတက်မှုတွေ ရှိခဲ့တယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။

ပထဆုံးတချက်ကတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်မှုတွေကို အမေရိကန်ပြည်ထာင်စုက ပြန်လည်ရုပ်သိမ်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တဘက်မှာလဲ အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံ နဲ့ ဆက်ဆံရေးကို ပိုအရှိန်မြှင့်ပြီး အမေရိကန်အပါအဝင် အနောက်အုပ်စုနဲ့ ပိုမိုနီးစပ်တယ်ဆိုတဲ့အမြင်ကို ပယ်ချက်ဖို့ အားထုတ်ခဲ့ပါတယ်။

ဒါဟာ နိုင်ငံတကာစင်မြင့်မှာ မြန်မာနိုင်ငံပုံရိပ်ကို မြင့်မားလာစေသလို မြန်မာ့နိုင်ငံခြားရေးဝါဒကို အစဉ်အလာအတိုင်း ဘက်မလိုက်လမ်းကြောင်းပေါ် အောင်အောင်မြင်မြင် တည်မတ်ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အမေရိကန်ဆီက တိုက်ရိုက်အထောက်အပံ့ထက် ရင်းနှီးမြှုတ်နှံမှုကိုသာ လိုအပ်တော့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က၂၀၁၆ အမေရိကန်ခရီးစဉ်အတွင်းမှာ ပြောသွားခဲ့ပါတယ်။

ပြည်ပ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရတယ်လို့ ဆိုခဲ့ကြပေမယ့် အခုလို ဒဏ်ခတ်မှုတွေ ရုပ်သိမ်းလိုက်ပေမယ့် ပြည်တွင်းဖွံ့ဖြိုးတိုတက်မှုကတော့ မျှော်လင့်ထားသလောက် တဟုန်ထိုး တက်မလာခဲ့ပါဘူး။

နှေးကွေးနေဆဲ ဖြစ်ပါတယ်။ ရာစုဝက်ကျော်ကျော် ယိုယွင်းလာခဲ့တဲ့ အခြေအနေတွေကို လပိုင်းအတွင်း မပြုပြင်နိုင်သေးပါဘူး။ ဒါကို နားလည်သဘောပေါက်စွာနဲ့လည်း ပြည်သူလူထုကလဲ NLD အစိုးရကို ဆက်လက် ထောက်ခံပြီး မျှော်လင့်ချက်ထားနေကြဆဲပါပဲ။

တကယ်တော့ နိုင်ငံရေးမှာ လူထုထောက်ခံမှုက အရေးကြီးတယ် မဟုတ်ပါလား။ လူထု ပါဝင်ထောက်ခံမှု အင်အားအခြေခံ အတွေ့အကြုံကို အသုံးချပြီး ကြုံနေရတဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်မဲ့ အခြေအနေကို လာမဲ့နှစ်တွေအတွင်း ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment