Monday, February 27, 2017

သွေးမြေကျခဲ့သည့် နာလန္ဒာတက္ကသိုလ်ကြီး၏ သမိုင်းကိုလေ့လာခြင်း”

“သွေးမြေကျခဲ့သည့် နာလန္ဒာတက္ကသိုလ်ကြီး၏ သမိုင်းကိုလေ့လာခြင်း”
****************************************************************************
သမိုင်းကိုမသိရင် လူ-အနှင့်တူ၏။ စာရေးသူသည် သမိုင်းဘာသာကို စိတ်ဝင်စားသူတစ်ဦးဖြစ်သည့် အားလျော်စွာ ကမ္ဘာကြီးသို့ ဗုဒ္ဓဘာသာစာပေများ ဖြန့်ဖြူးပေးခဲ့သော ရဟန်းသံဃာတော်များသွေးမြေကျခဲ့သည့် ရှေးဟောင်းနာလန္ဒာတက္ကသိုလ်ကြီး၏ သမိုင်းကြောင်းကို လေ့လာကြည့်မိတဲ့အခါ…

ဗုဒ္ဓရှင်တော်ဘုရား၏ လက်ထက်တော်အခါက နာဠကရွာ- ယခုနာလန္ဒာခေါ်သော နေရာသည် ဗုဒ္ဓဂယာ မိဂဒါဝုန်စသော နေရာတို့ကဲ့သို့ အဝိဇဟိတဌာနမဟုတ်သော်လည်း ဗုဒ္ဓဘာသာနှင့် တစ်ခြားသော ဘာသာတို့၏ စာပေကျမ်းဂန်တို့ကို လေ့လာကျက်မှတ်ကြရာ ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုအဖြစ်ဖြင့် တည်ရှိခဲ့သည်။ နာလန္ဒာတက္ကသိုလ်ကြီးသည် ရာဇဂြိုဟ်မြို့နှင့်၎မိုင်၊ ယခု-ပတ္တနား(ဘီဟာပြည်နယ်၏ မြို့တော်)၊ ယခင်ပါဋလိပုတ်မြို့မှ ၅၅မိုင်ခန့်အကွာတွင်တည်ရှိ၏။ လင်္ကျာတော်ရံ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ဤရွာမှာပင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ ထို့ပြင် မြတ်စွာဘုရားရှင် သည်လည်း ရာဇဂြိုဟ်မြို့မှ ကြွရောက်တော်မူပြီးလျှင် အကြိမ်ပေါင်းများစွာ တရားဒေသနာတော် ဟောတော်မူရာဖြစ်ပြီး ထင်ရှားသည့်သုတ္တန်တစ်ခုက ဗြဟ္မဇာလသုတ္တန်ပင်ဖြစ်၏။ မဂဓတိုင်းရှင်ဘုရင်များ၏ လေညှင်းခံရာ ဖြစ်သော ဥယျာဉ်ကြီးတစ်ခုမှာ ဤတက္ကသိုလ်ကြီးနှင့် မနီးမဝေးသော နေရာတွင် တည်ရှိခဲ့၏။
နာလန္ဒာတက္ကသိုလ်ကြီးကို ကျောက်စာဝန်မင်းကြီး ဘူချနန်ဟာမီလတန်သည် ဘရာဂွန်ခေါ်ရွာ၏ အနီး၌ တူးဖော်၍ ရရှိခဲ့လေသည်။ ဘူချနန်ဟာမီလတန်ဘက်ထက် ရှေ့ကျသော ကျောက်စာဝန်မင်းကြီး ကာနင်ဂန်သည် ဤကျောင်းတော်ရာကို တူးဖော်၍ ဤကျောင်းတော်ပျက်ကြီးထဲမှ ရရှိခဲ့သော အကိုးအကား ကျောက်စာများ ပါသည့် အတိုင်း နာလန္ဒာတက္ကသိုလ်ကြီး ဖြစ်ကြောင့်နှင့် တစ်ထစ်ချ အစီအရင်ခံစာကို ဆိုင်ရာသို့ တင်သွင်းခဲ့လေသည်။

နာလန္ဒာကျောင်းတော်ကြီး၏ ပရဝုဏ်တွင် စေတီတန်းကြီးများ၊ ကျောင်းတော်ကြီးများ စီတန်းလျက်ရှိသည်။ ၄င်းနေရာများ၏ တစ်ဖက်တွင်ကား ကောလိပ်ကျောင်းကြီးများနှင့် စတုဒိသာဇရပ်ကြီးများ ရှိ၏။ ဤအဆောက် အဦးများအနက် တစ်ချို့တစ်လေ အဆောက်အဦးတို့မှာ အထပ်ပေါင်းများစွာ ရှိသဖြင့် အလွန်ပင် မြင့်မားလှပေ သည်။ ထို့ပြင်အဆောက်အဦးဟောင်းကြီးများ အပေါ်၌ အကြိမ်ပေါင်းများစွာ ထပ်မံဆောက်လုပ်ထားသော အဆောက်အဦးများလည်းရှိ၏။ ယခုနာလန္ဒာတက္ကသိုလ်အဟောင်းကြီးသို့ လက်ဝဲဘက်ဂိတ်ပေါက်ကြီးမှ စ- ဝင်ခဲ့သည်ရှိသော် ရှေးဦးစွာ ကျောင်းတော်နံပါတ်တစ်၊ ၄င်း၏လက်ယာဘက်ရှိ နံပါတ် ၄-၅ ကျောင်းတော်ကြီး များသို့ ရောက်၏။ ဤတက္ကသိုလ်ကြီး၏ ပတ်ဝန်းကျင်၌ရှိနေသော စေတီကြီးငယ်ပေါင်းများစွာတို့မှာ မင်း၊ သူကြွယ်တို့၏ အဆင်သင့်လှူဒါန်းထားခဲ့သော ကောင်းမှုတော်များ ဖြစ်သည်။ ထိုအထဲတွင် ဂုတ္တခေတ်မှ လာသော အဆောက်အဦးတို့မှာ အလှဆုံး အခိုင်မာဆုံးဖြစ်သည်။ တက္ကသိုလ်ကြီး၏ အရှေ့မြောက်ဘက် သစ်သားလှိုဏ်ဂူကြီးထဲ၌ အဝလောကီတေဆွာရခေါ်သော ဘုရားလောင်းရုပ်တုတော်၊ အရှေ့တောင်ဘက်၌ တက္ကသိုလ်ကြီးတွင် ပထမဆုံး ကျောင်းအုပ်ဖြစ်ခဲ့သူ နာဂဇုန မဟာယာနဘုန်းတော်ကြီး၏ အရုပ်လည်းရှိ၏။ တက္ကသိုလ်ကြီးထဲ၌ရှိသည့် အဆောက်အဦး၊ စေတီ။ ရုပ်ပွားတော်များ အကြောင်းကို အကျယ်ဝိတ္ထာရအားဖြင့် ရေးသားရန်မလွယ်ကူလှ၊ အကျဉ်းသင်္ခေပဖြင့်သာ ရေးသားနိုင်မည်ဖြစ်၏။

အရှေ့ဘက်တွင် မွတ်ဆလင်တို့၏ မီးဒဏ်ကြောင့် ပျက်စီးခြင်းသို့ ရောက်နေသော အခန်း၉-ခန်းပါဝင်သော ကျောင်းတော်ကြီး၊ ကျောက်တိုင်ကြီးများနှင့် ယနေ့တိုင် မီးလောင်ကျွမ်းနေသော အရာဝတ္ထုများကို တွေ့မြင်နိုင်သည်။ ခရစ် ၈၁၅-၈၅၄ခုနှစ် ပါလမင်းများလက်ထက် ဂျဝါနှင့် သုမတ္တရာကျွန်းရှင် ဗလပုတြတို့ ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်၏။ ထို့ပြင်ဆရာများနှင့် ကျောင်းသားများ နေထိုင်ရန် Hall ဟောလ် ခန်းမကြီး၊ ရှိပြီး၊ ဆက်လက်တူးဖော်ချက်အရ ရှစ်ပါးသီလကို ကျောက်ကမ္ဗည်းထိုးထားသော ကျောက်ချပ်များ၊ ရုပ်ပွားတော်ပေါင်းများစွာ ပေါ်ထွက်ကြောင်း၊ နာလန္ဒာလမ်းညွှန်စာအုပ် မစ္စတာအေဃောဆ်က ရေးသားထားသည်။ ယခုအခါ ထိုအရာများကို ပြတိုက်ကြီးထဲ၌ သိမ်းဆည်းထား၏။ ကျောင်းတော် ၄-၅-၆ တို့ကို တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ဆောက်လုပ်ထားသည်။ ဤကျောင်းတော်ကြီးများသည် ယခုခေတ် မြန်မာပြည်ရှိ မည်သည့်ကျောင်းများနှင့်မျှ နှိုင်းယှဉ်စရာမရှိချေ။ အလျားတစ်ဖက်တွင် ၉-ခန်းနှင့် အနံ ၄-ခန်းစီ ရှိလေသည်။ တစ်ကျောင်းလျှင် သံဃာတော်ပေါင်း (၁၀၀) နေနိုင်၏ ဤကျောင်းတော်များကိုတော့ ခရစ် ၄၁၃တွင် ဂုတ္တမင်းများ လက်ထက်၌ ဆောက်လုပ်ခဲ့လေသည်။ ဤကျောင်းတော်များကို ခိုင်ခန့်သော အုတ်နံရံကြီးများဖြင့် ကာရံထားကာ ထိုအုတ်နံရံကြီးများအပေါ်တွင် စေတီငယ် ၂၁၁ဆူ ပူဇော်ထား၏။ အရှေ့မြောက်တွင် ကျောင်းတော် ၂နှင့်၇ တို့ရျိပြီး ၈-၉-၁၀-၁၁တို့ကား ပညာသင်ကြားရာ ကောလိပ်ဆောင်ကြီး များသာဖြစ်၍ ကျောင်းသားပေါင်း ၂၀၀၀၀ခန့်ဆံနိုင်မည်ဖြစ်၏/

ဤနာလန္ဒာကျောင်းတော်ကြီးသည် ဖော်ပြခဲ့သည့်အတိုင်း အေဒီ၁ရာစုမှစ၍ မွတ်ဆလင်တို့ဝင်ရောက် ဖျက်ဆီးခဲ့သော ၁၂ရာစုထိ ကမ္ဘာကျော်တက္ကသိုလ်ကြီးဘဝဖြင့် တည်ရှိခဲ့ခြင်းကြောင့် မင်းစိုးရာဇာများနှင့် သူဌေးသူကြွယ် အဆက်ဆက်တို့၏ ကောင်းမှုတော် ကျောင်း စေတီများမှာ မည်၍ မည်မျှဟု ရေတွက်ခြင်းငှာ မတတ်နိုင်လောက်အောင် များပြားလှသည်။ တရုတ်ဘုရားဖူးသား ယန်ချောင်၏ မှတ်တမ်းအရ အေဒီ၆ရာစုမှ စ၍ ဗုဒ္ဓဘာသာသည် အိန္ဒိယပြည်၌ သိသိသာသာကြီး ဆုတ်ယုတ်လျက် ရှိသော်လည်း၊ နာလန္ဒာတက္ကသိုလ်  ကြီးကား အလွန်စည်ကားလျက်ရှိသေး၏။ မင်းစဉ်မင်းဆက် ဤတက္ကသိုလ်ကြီး၏ ပညာရေးကို အားပေးကူညီ ရသောကြောင့် ဖြစ်လေသည်။ ဤတက္ကသိုလ်ကြီး၏ အကျိုးအလို့ငှာ ရွာပေါင်း ၁၀၀မှ ကောက်ခံ၍ ရရှိအပ်သော ဘဏ္ဍာတော်ကို တရုတ်ပြည်၊ မွန်ဂိုလီးယားနှင့် နိုင်ငံအရပ်ရပ်မှ လာရောက်ပညာသင်ကြား ကြသော ကျောင်းသားတို့အား နေထိုင်ရေး၊ ပညာသင်ကြားရေး စရိတ်တို့ကို အခမဲ့ပေးထား၏။ အိန္ဒိယပြည်တွင် ပညာဂုဏ်ရည် အချွန်ဆုံးသောသူသည် ဤတက္ကသိုလ်ကြီးသို့ လာရောက်ပြီး Professor ပရောက်ဖက်ဆာအဖြစ်လုပ်ဆောင်ရ၏။

ဤတက္ကသိုလ်ကြီးကို ဗုဒ္ဓသာသနာတက္ကသိုလ်ကြီးဟု ခေါ်ဆိုကြသော်လည်း တစ်ခြားဘာသာမှ စာပေတို့ကိုလည်း အထူးသဖြင့် ဂရုစိုက်ကာ သင်ကြားပေး၏။ အချင်းချင်း ဆွေးနွေးတိုင်ပင်ခြင်း၊ ပညာသင်ကြားခြင်းတို့ကို နေ့ရောညပါ အခါမရွေး ခွင့်ပြုထား၏။ ဤတက္ကသိုလ်ကြီး၏ နိဂုံးပိုင်းကို ဆက်လက်ရေးသားပါဦးမည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment