Tuesday, February 28, 2017

သံသယ

သံသယ
▄▄▄▄▄
ကြည်ကြည်လင်လင်၊ ရေကိုမြင်လျက်၊
ရေတွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်၊
စိုးရွံ့မသောက်သာပြီတကား။

သန့်သန့်စင်စင်၊ လေကိုခင်လျက်၊
လေတွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်၊
စိုးရွံ့မရှိုက်သာပြီတကား။

ရွမ်းမှည့်ရွှင်ရွှင်၊ သစ်သီးမြင်လျက်၊
သူ့တွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်၊
စိုးရွံ့မစားသာပြီတကား။

ဖြူဖွေးလွင်လွင်၊ စပယ်မြင်လျက်၊
သူ့တွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်၊
စိုးရွံ့မနမ်းသာပြီတကား။

အော် … လက်နက်ချင်းပြိုင်၊ ဂုဏ်ချင်းဆိုင်ကြ၊
နိုင်ငံကြီးသား၊ ထိုသူများက၊
စွမ်းအားရှိတိုင်း၊ အဆိပ်မှိုင်းနှင့်၊
ရှစ်တိုင်းကိုလွှမ်း၊ ဖောက်ခွဲစမ်း၍၊
ယမ်းငွေ့ယှက်ဖြာ၊ ဤကမ္ဘာဝယ်၊
အရာခပ်သိမ်း၊ ဆိပ်ငွေ့လိမ်းခဲ့၊
မတိမ်းရှောင်တတ်၊ ရွံ့စိတ်ဓာတ်နှင့်၊
မပြတ်သံသယဝင်သည်တကား။

ကေသီလှိုင် (မောင်လင်းယုန် (ရှမ်းပြည်) ၏ ကလောင်ခွဲ)

အထက်တန်းမြန်မာကဗျာလက်ရွေးစင်တွင် ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခဲ့သည့် ဆရာကြီး မောင်လင်းယုန် (ရှမ်းပြည်)ရဲ့ ကဗျာလေးဖြစ်ပါတယ် ...

(ကိုဟယ်ရီထံမှယူလာတယ်)

No comments:

Post a Comment