Tuesday, October 22, 2019

"ဘယ်ကုသိုလ် အမြတ်ဆုံးလဲ"

"ဘယ်ကုသိုလ် အမြတ်ဆုံးလဲ"

ဘဒ္ဒန္တ ပညိန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)

ကဲ အခု ဒါနကုသိုလ် သင်္ကန်းလှူတာပေါ့ ဝါဆိုသင်္ကန်း၊ အဲဒီတော့ ဝါဆိုသင်္ကန်းလှူတာနဲ့ ပတ်သက်လို့ အကျိုးကြီးပုံကြီးနည်းလေးတွေကို ဘုရားရှင်ဟောထားတာလေးတွေ နည်းနည်းပြန်ပြီးတော့ ဟောမယ်၊ လောကမှာ အမြတ်ဆုံးဖြစ်တဲ့ မြတ်စွာဘုရား၊ အဲဒီမြတ်စွာဘုရားကနေပြီးတော့ မြတ်စွာဘုရားပြီးရင် တပည့်တွေထဲမှာ အမြတ်ဆုံး အဂ္ဂသာဝကဆိုတာ ဘယ်သူလဲ 'အရှင်သာရိပုတ္တရာ'၊ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို သင်္ကန်းလှူတယ်ဆိုကြပါစို့၊ ဘယ်သူက လှူတာလဲ၊ ဘုရားက အလှူရှင်ပေါ့၊ အရှင်သာရိပုတ္တရာက အလှူခံပုဂ္ဂိုလ်၊ ဒါက တစ်မျိုး။ တစ်ခါ အရှင်သာရိပုတ္တရာက ဘုရားကို သင်္ကန်းလှူတယ်ဆိုကြပါစို့၊ အဲဒီကျတော့ အရှင်သာရိပုတ္တရာက အလှူရှင်၊ ဘုရားက အလှူခံပေါ့။ အဲဒီအလှူနှစ်မျိုးတို့တွင် "ဒါ သင်္ကန်းလှူတဲ့ ဒါနကုသိုလ်နှစ်မျိုး" ဘယ်ကုသိုလ်က ပိုပြီးတော့ အကျိုးကြီးသလဲလို့ မေးရင် ဘယ်လိုဖြေမလဲ၊ ကဲ ဖြေကြ အားလုံး ထင်သလိုဖြေ၊ မှားလည်း ဘာမှ ဒဏ် မရိုက်ဘူး ဟုတ်လား၊ { အရှင်သာရိပုတ္တရာက ဘုရားကို လှူတဲ့ကုသိုလ်က ပိုပြီးတော့ အကျိုးကြီးပါတယ်ဘုရား } အရှင်သာရိပုတ္တရာက ဘုရားကို လှူတာက ပိုပြီးတော့ အကျိုးကြီးတယ်၊ နောက်က ပရိသတ်က ဘယ်လိုဖြေမလဲ၊ { အရှင်သာရိပုတ္တရာက ဘုရားကို လှူတဲ့ကုသိုလ်က ပိုပြီးတော့ အကျိုးကြီးပါတယ်ဘုရား } အရှင်သာရိပုတ္တရာက ဘုရားကို လှူတာက ပိုမြတ်တယ်၊ အကုန်လုံး ဒီလိုသဘောတူတယ်ပေါ့ ဟုတ်လား။ အေး အဲဒီအဖြေသည် ကျမ်းဂန်နဲ့ လွဲတယ်၊ ကျမ်းဂန်နဲ့လွဲရင် အမှတ် မရတော့ဘူးပေါ့ ဟုတ်လား။ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို လှူတာက ပိုပြီးတော့ အကျိုးကြီးတယ်၊ ကဲ ဘယ်ဟာက ပိုအကျိုးကြီးတာလဲ ? { မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို လှူတာက ပိုအကျိုးကြီးပါတယ်ဘုရား } မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို လှူတာ၊ မြတ်စွာဘုရားက အလှူရှင်၊ အရှင်သာရိပုတ္တရာက အလှူခံ၊ အဲဒါက ပိုအကျိုးကြီးတယ်တဲ့၊ ဥပရိပဏ္ဏာသအဋ္ဌကထာမှာ ဖွင့်ထားတာရှိတယ်။

အဲဒီတော့ အဲဒါနဲ့ ပတ်သက်လို့ နည်းနည်းပြောရအောင်၊ ဘာဖြစ်လို့ အကျိုးကြီးတာလဲ၊ အလှူဒါနတစ်ခုဖြစ်ဖို့အတွက်က ဒါနကုသိုလ်ဖြစ်ဖို့အတွက်က အလှူရှင်, အလှူခံ, လှူဖွယ်ပစ္စည်းဆိုပြီး (၃)မျိုးရှိတယ်။ အလှူရှင်ကိုယ်တိုင်ကလည်း လှူချင်တဲ့သဒ္ဓါတရားရှိရတယ်၊ အလှူရှင်မှာ ဘာရှိရလဲ၊ သဒ္ဓါတရားရှိရတယ်။ နောက် အလှူခံပုဂ္ဂိုလ်လည်း ရှိရတယ်၊ နတ်ပြည်လိုနေရာမျိုးကျတော့ အလှူခံပုဂ္ဂိုလ်က ရှားတယ် ဟုတ်လား၊ နောက်တစ်ခါ လှူဖွယ်ပစ္စည်းကလည်း ရှိဦးမှ၊ အလှူရှင်မှာ သဒ္ဓါတရားလည်း ရှိတယ်၊ အလှူခံပုဂ္ဂိုလ်လည်း အဆင်သင့်၊ လှူစရာ ပစ္စည်း မရှိဘူးဆိုရင် လှူနိုင်ပါ့မလား ? { မလှူနိုင်ပါဘုရား } မလှူနိုင်ဘူး။ အဲဒီတော့ အလှူရှင်ရဲ့ သဒ္ဓါတရားရယ်, အလှူခံပုဂ္ဂိုလ်ရယ်, လှူဖွယ်ပစ္စည်းရယ်လို့ (၃)မျိုးရှိတဲ့အနက် လှူဖွယ်ပစ္စည်းကတော့ ဒီတစ်မျိုးတည်းပဲ၊ ဘုရားရှင်က သင်္ကန်းလှူလည်း ဒါပဲ၊ အရှင်သာရိပုတ္တရာက လှူလည်း ဒါပဲ၊ သင်္ကန်းကတော့ ဒီသင်္ကန်းပဲဆိုကြပါစို့၊ တန်ဖိုးအားဖြင့် အတူတူပဲပေါ့ နော်။ အဲဒီတော့ အလှူရှင်အနေနဲ့ အလှူ'လှူတဲ့အခါ သဒ္ဓါတရားအားကောင်းရမယ်၊ စေတနာသန့်ရမယ်။ စေတနာသန့်ရမယ်ဆိုတာ အဲဒီအလှူ'လှူတဲ့အချိန်မှာ ဒါနစေတနာနဲ့ ပတ်သက်လို့ စိတ်ကူးတိုင်း စဉ်းစားတိုင်း အကုသိုလ်တွေ ရော မသွားရဘူးတဲ့၊ အကုသိုလ်ရောသွားရင် စေတနာ မသန့်ဘူးခေါ်တယ်၊ မသန့်ရင် အကျိုးပေးကျတော့ ညံ့သွားတယ်၊ နည်းသွားတယ်။ အကျိုး မပေးဘူးလို့ မပြောဘူး၊ ပေးတော့ ပေးတယ်၊ နည်းနည်းညံ့သွားတာပေါ့၊ အထက်တန်းအကျိုး မရနိုင်ဘူးပေါ့၊ ဘာကြောင့်လဲ စေတနာမှာ အကုသိုလ်ရောသွားလို့၊ အဲဒါကိုပဲ စေတနာ မသန့်ဘူးလို့ပြောတာ။

နောက်တစ်ခါ အလှူခံပုဂ္ဂိုလ်ဘက်က သီလ ရှိမှု မရှိမှုကလည်း အရေးကြီးတယ်၊ အလှူခံပုဂ္ဂိုလ်ဘက်က သီလရှိတယ်ဆိုရင် လှူတာချင်းအတူတူ သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်ကို လှူရင် ပိုပြီးတော့ အကျိုးများတယ်၊ အဲဒီတော့ အရှင်သာရိပုတ္တရာက အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ်, မြတ်စွာဘုရားက အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ် နှစ်ပါးလုံးအနေနဲ့ ကြည့်မယ်ဆိုရင် သီလအနေနဲ့ကတော့ မစင်ကြယ်စရာ အကြောင်း မရှိဘူး၊ စင်ကြယ်တာချည်းပဲ ဟုတ်လား။ လှူဖွယ်ဝတ္ထုကလည်း သင်္ကန်းလှူတာချင်း အတူတူပဲ ဟုတ်လား၊ အလှူရှင်အနေနဲ့ ကြည့်ပြန်တော့လည်း အရှင်သာရိပုတ္တရာကပဲ လှူလှူ, ဘုရားကပဲ လှူလှူ အဲဒီလှူတဲ့စေတနာမှာ အကုသိုလ်ရောစရာ အကြောင်း မရှိဘူး၊ ဘုရားတို့ ရဟန္တာတို့ဆိုတာ အကုသိုလ် မရှိဘူး၊ စင်ပြီးသားတွေ ဟုတ်လား။ အဲဒီတော့ အလှူရှင်အနေနဲ့ ကြည့်မယ်ဆိုရင် စေတနာထက်သန်ပြီးသား၊ အလှူခံပုဂ္ဂိုလ်အနေနဲ့ ကြည့်မယ်ဆိုရင်လည်း သီလစတဲ့ဂုဏ်တွေက အထက်တန်းဂုဏ်တွေ ရှိပြီးသား နော်၊ လှူဖွယ်ဝတ္ထုကလည်း ဒီလှူဖွယ်ဝတ္ထုပဲ။ ဒါပေမဲ့ ဘယ်သူက ဘယ်သူ့ကိုလှူတာ သာတယ်လို့ပြောထားလဲ၊ ဘုရားက အရှင်သာရိပုတ္တရာကို လှူတဲ့အလှူက ပိုပြီးတော့ အကျိုးကြီးတယ်။ ဘာကြောင့်လဲဆိုရင် ဒါနရဲ့အကျိုးကို ဘုရားရှင်လောက်သိတာ လောကမှာ မရှိဘူး၊ အရှင်သာရိပုတ္တရာလည်း သိတယ်၊ ဒါပေမဲ့ ဘုရားနဲ့ယှဉ်လိုက်တဲ့အခါကျတော့ အရှင်သာရိပုတ္တရာရဲ့အသိက ဘုရားနဲ့ နှိုင်းယှဉ်လိုက်ရင် ဘုရားရှင်လောက်ရှိပါ့မလား ? { မရှိပါဘုရား } အဲဒီတော့ ဘုရားရှင်က အရှင်သာရိပုတ္တရာကို လှူတဲ့သင်္ကန်းသည် ဘာဖြစ်လို့ ပိုမြတ်သလဲဆိုတော့ အလှူရှင်ဖြစ်တဲ့ မြတ်စွာဘုရားက ဒါနရဲ့အကျိုးကို ပိုပြီးတော့ သိလို့။ ဒီစကားအရ အလှူရှင်ကိုယ်တိုင်က ဒါနရဲ့အကျိုးကို သိဖို့လိုတယ်၊ ဒါနရဲ့အကျိုးကို သိရင် အလှူရဲ့အကျိုးက ပိုပြီးတော့ ကြီးတယ်၊ တစ်နည်းအားဖြင့် ပညာလိုအပ်တယ်ပေါ့၊ အသိဉာဏ်ဆိုတာ ပညာပဲမဟုတ်ဘူးလား၊ အသိပညာ လောကမှာ လိုအပ်တယ်။ အလှူ'လှူတဲ့အခါမှာတောင် အသိပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့အလှူသည် ပိုပြီးတော့ သာလွန်တဲ့အကျိုးကို ရတယ်ဆိုတာ ဒီဥပရိပဏ္ဏာသအဋ္ဌကထာထောက်ပြီးတော့ မသိနိုင်ဘူးလား ? { သိနိုင်ပါတယ်ဘုရား }

ဒါကြောင့် မြတ်စွာဘုရားက ဣတိဝုတ္တကပါဠိတော်မှာ -
‘‘ဧဝဉ္စေ ဘိက္ခဝေ သတ္တာ ဇာနေယျုံ ဒါနသံဝိဘာဂဿ ဝိပါကံ ယထာဟံ ဇာနာမိ" (ခု၊ ၁၊ ၂၀၇။) အေး သတ္တဝါတွေ ဒါနရဲ့အကျိုးတရားကို ငါသိသလို ( ငါဆိုတာ ဘုရားပြောတာ ဟုတ်လား ) ငါသိသလို သတ္တဝါတွေ မသိကြဘူးတဲ့၊ မသိတဲ့အတွက်ကြောင့် "န အဒတွာ ဘုဉ္ဇေယျုံ" (ခု၊ ၁၊ ၂၀၇။) မလှူဘဲနဲ့ စားကြတာတဲ့၊ ငါသိသလိုသာ သိမယ်ဆိုရင် မစားဘဲနဲ့ကို လှူမှာတဲ့ ဟုတ်လား။ မလှူဘဲနဲ့ စားတာရယ်, မစားဘဲနဲ့ လှူတာရယ်၊ အဲဒါ ဒါနရဲ့အကျိုးကို သေချာ မသိလို့တဲ့၊ ဒါနရဲ့အကျိုးကို သေချာသိမယ်ဆိုရင် ဘုရားရှင်က မစားဘဲနဲ့ကို လှူကြလိမ့်မယ်တဲ့ ဟုတ်လား။

ဥပမာအနေနဲ့ ပြောပြမယ်၊ လူတစ်ယောက်မှာ ငွေ(၁၀၀)ပဲ ချမ်းသာတယ်ဆိုကြပါစို့၊ သူချမ်းသာတာ ဒါအကုန်ပဲ (၁၀၀) ဟုတ်လား၊ အဲဒီ(၁၀၀)ကို မင်း ဟိုမှာသွားပြီးတော့ လှူလိုက်စမ်းပါ၊ အလှူတစ်ခုမှာ လှူလိုက်စမ်းပါဆိုရင် သူချမ်းသာတာ ဒီ(၁၀၀)အကုန်ပဲ၊ လှူနိုင်ပါ့မလား၊ မလှူနိုင်ဘူး၊ ကိုယ်ချင်းစာကြည့်ပေါ့ ဟုတ်လား၊ သို့သော်လည်း အဲဒီ(၁၀၀)လှူလိုက်တဲ့အတွက် ချက်ချင်း ဘေးကနေ (၁,၀၀၀)ပြန်လှူတဲ့သူရှိတယ်ဆိုကြပါစို့၊ ဒါဆိုရင်တော့ မလှူနိုင်စရာရှိပါ့မလား ? { မရှိပါဘုရား } အဲဒီအတိုင်းပဲ ဘုရားရှင်က ဒီလို အလှူ'လှူလိုက်တဲ့အတွက် နောင်ရမယ့်အကျိုးက ဒီထက်သာနေတာကို သိတယ်, မြင်တယ်။ ဒါကြောင့် "ငါသိသလိုသာ သတ္တဝါတွေသိမယ်ဆိုရင် မစားဘဲနဲ့ကို လှူကြမှာ"၊ သို့သော်လည်း ငါသိသလို မသိတဲ့အတွက် သတ္တဝါတွေ အဲဒီလို မလှူနိုင်ဘူးပေါ့ ဆိုလိုတာက ဟုတ်လား။  အဲဒီတော့ ဘာပြောချင်တာလဲဆိုရင် အလှူ'လှူတဲ့အခါမှာ ဒါနရဲ့အကျိုးတရားကို သိဖို့လည်း လိုအပ်တယ်၊ အဲဒီလိုသိလို့ရင် အသိဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်ရဲ့ အလှူသည် ပိုပြီးတော့ အကျိုးကြီးတယ်ဆိုတာ ဒီဝတ္ထုကြောင်းလေးကို ထောက်သောအားဖြင့် မသိရဘူးလား ? { သိရပါတယ်ဘုရား } သိရတယ်၊ အဲဒါ ဗဟုသုတအဖြစ် သေချာမှတ်ထားပေါ့ နော်။

အဲဒီတော့ ဒါနစတုက္ကဆိုတာရှိတယ်၊ အလှူရှင်ပုဂ္ဂိုလ်, အလှူခံပုဂ္ဂိုလ် နှစ်မျိုးတို့တွင် အလှူရှင်က သီလ မရှိဘူး၊ အလှူခံက သီလရှိတယ်ဆိုရင် အဲဒီအလှူမျိုးကို 'ဘယ်သူက သီလရှိလို့ ဘယ်သူက မရှိတာလဲ' အလှူရှင်က သီလ မရှိဘူး၊ "မုဆိုး, တံငါ"ဆိုကြပါစို့၊ မုဆိုးတို့ တံငါတို့ဆိုတာ သူများအသက် သတ်ဖြတ်နေတာ သီလရှိပါ့မလား ? { မရှိပါဘုရား } အေး မုဆိုး, တံငါလိုအလှူရှင်က သီလ မရှိဘူး၊ သို့သော် အလှူခံပုဂ္ဂိုလ်က သီလရှိတယ်ဆိုရင် အဲဒီအလှူသည် ဘယ်သူ့ကြောင့် အကျိုးပေးနိုင်တာလဲဆိုတော့ အလှူခံပုဂ္ဂိုလ်ရဲ့သီလကြောင့် အကျိုးကြီး'ကြီးပေးနိုင်တယ်၊ ဒါကို စာလိုပြောရင် "ဝိသုဇ္ဈတိ" စင်ကြယ်တယ်လို့ခေါ်တယ် ဟုတ်လား၊ စင်ကြယ်တယ်ဆိုတာကို "မဟပ္ဖလဘာဝေန ဝိသုဇ္ဈတိ"တဲ့ အဋ္ဌကထာများက အကျိုးများတာကို စင်ကြယ်တယ်လို့ပြောတာပါပဲ ဟုတ်လား။

ဥပမာအားဖြင့်ပြောရင် စူဇကာပုဏ္ဏားက ဘုရားအလောင်းထံကနေ သားနဲ့သမီး လာအလှူခံတယ်၊ ဘုရားအလောင်း ဝေဿန္တရာမင်းကြီး မလှူဘူးလား ? { လှူပါတယ်ဘုရား } ဒါပေမဲ့ အလှူခံပုဂ္ဂိုလ် စူဇကာပုဏ္ဏားမှာ သီလရှိရဲ့လား ? { မရှိပါဘုရား } မရှိဘူး၊ သို့သော် အလှူရှင် ဝေဿန္တရာမင်းကြီးမှာ သီလ မရှိဘူးလား ? { ရှိပါတယ်ဘုရား } အေး အဲဒါကျတော့ အကျိုးက အလှူရှင်ရဲ့ သီလကြောင့် အကျိုးကြီးတာ နော်။

တစ်ခါ ပြောင်းပြန်၊ အလှူရှင်က သီလရှိတယ်၊ အလှူခံပုဂ္ဂိုလ်က သီလ မရှိဘူးဆိုကြပါစို့။ အလှူရှင်က ဘာတဲ့လဲ၊ သီလရှိတယ်၊ အလှူခံပုဂ္ဂိုလ်က သီလ မရှိဘူး၊ အလှူရှင်က သီလရှိပြီး အလှူခံပုဂ္ဂိုလ်က သီလ မရှိတာဆိုတာက ခုနက ဝေဿန္တရာမင်းကြီးပေါ့၊ ဝေဿန္တရာမင်းကြီးက သီလရှိတယ်၊ အလှူခံပုဂ္ဂိုလ်က သီလ မရှိဘူး၊ အဲဒါဆိုရင် အလှူရှင်ရဲ့ သီလကြောင့် အကျိုးကြီးနိုင်တယ်။

နောက်တစ်ခါ အလှူခံပုဂ္ဂိုလ်က သီလရှိပြီး အလှူရှင်က သီလ မရှိတာကတော့ ဘာလဲဆိုရင် မုဆိုး, တံငါတွေကနေ သီလရှိတဲ့ပုဂ္ဂိုလ်တွေ ဘုရားစတဲ့သံဃာတော်အရှင်မြတ်တွေကို လှူဒါန်းတာပေါ့၊ အဲဒါများကျတော့ ဘယ်သူ့ရဲ့ သီလကြောင့် အကျိုးကြီးနိုင်လဲ ? {အလှူခံပုဂ္ဂိုလ်ရဲ့ သီလကြောင့်ပါဘုရား } အေး အလှူခံပုဂ္ဂိုလ်ရဲ့ သီလကြောင့် အကျိုးကြီးနိုင်တယ်။

နှစ်ယောက်လုံး နှစ်ဦးလုံး သီလ မရှိဘူးဆိုရင်ကော အလှူရှင်ပုဂ္ဂိုလ်ကလည်း သီလ မရှိဘူး၊ အလှူခံပုဂ္ဂိုလ်ကလည်း သီလ မရှိဘူးဆိုရင် အကျိုး မရဘူး မဟုတ်ဘူး၊ ရတော့ ရတယ်၊ မဟပ္ဖလ မဖြစ်ဘူးပေါ့၊ ရသင့်သလောက် မရဘူး ဟုတ်လား။ အကောင်းဆုံးကတော့ အလှူရှင်လည်း သီလရှိတယ်၊ အလှူခံပုဂ္ဂိုလ်လည်း သီလရှိတယ်ဆိုရင် ဒါ အကောင်းဆုံး အမြတ်ဆုံးအလှူဖြစ်တယ်၊ အကျိုးများဆုံးရနိုင်တဲ့ အလှူဖြစ်သွားတာပေါ့။ ဒါကြောင့် သံဃာတော်အရှင်မြတ်တွေက အလှူခံကာနီးကျတော့ ဒကာ ဒကာမတွေကို သီလရှိတဲ့ပုဂ္ဂိုလ်ဖြစ်အောင် (၅)ပါးသီလပေးတယ်၊ (၈)ပါးသီလပေးတယ်၊ ဒါ အလှူရှင်တွေ သီလရှိမသွားဘူးလား ? { ရှိသွားပါတယ်ဘုရား } အေး အခု သီလရှိသွားတယ်၊ ဘုန်းတော်ကြီးတွေကတော့ သီလရှိပြီးသား ထားပါတော့ သံဃာတော်အရှင်မြတ်တွေ သံဃာကို ရည်ရွယ်တာ ဘုန်းကြီးတွေ အများကြီးပဲ ဟုတ်လား။ အဲဒီတော့ စာပေမှာ "သံဃော ဟိ ဒုဿီလော နာမ နတ္ထိ" (မ၊ ဋ္ဌ၊ ၄၊ ၂၂၅။) တဲ့၊ ဒကာကြီး ဦးမျိုးမြင့် သံဃာလှူတဲ့အခါ မျက်မှောက်သံဃာလောက်ကို အာရုံ မပြုရဘူး၊ စာပေမှာလာတဲ့ အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်ဆိုတဲ့ သံဃာကနေစပြီး အဲဒီရဟန္တာအစစ်ကြီးတွေကစပြီး အာရုံပြုထားရတယ်၊ { မှန်လှပါဘုရား } အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်ဆိုတဲ့ သံဃာတော်တွေလည်း ရည်စူးပြီးလှူတယ်လို့ အဲဒီလို အာရုံပြုထား။ အဲဒီလို သံဃာကို ရည်စူးထားရင် သံဃာမှာ ဒုဿီလပုဂ္ဂိုလ်ဆိုတာ မရှိဘူး၊ သီလ မရှိတာကို "ဒုဿီလ"လို့ခေါ်တယ် ဟုတ်လား။ "သံဃော ဟိ ဒုဿီလော နာမ နတ္ထိ" (မ၊ ဋ္ဌ၊ ၄၊ ၂၂၅။) တဲ့၊ အဲဒီတော့ အလှူခံပုဂ္ဂိုလ်ဘက်က သီလရှိတာ သေချာအောင် ဘာကို ရည်စူးရမလဲ၊ သံဃာကို ရည်စူး၊ အလှူရှင်ဘက်ကလည်း သီလရှိသူဖြစ်သွားအောင် လောလောဆယ် (၅)ပါးသီလဆောက်တည်လိုက်၊ သို့မဟုတ် (၈)ပါးသီလဆောက်တည်လိုက် ဥပုသ်နေ့တွေဆိုရင် ဟုတ်လား၊ အဲဒါ နှစ်ဦးနှစ်ဖက်လုံး သီလရှိမသွားဘူးလား ? { ရှိပါတယ်ဘုရား } အဲဒီကျတော့ အကျိုးက ပိုကြီးတယ်တဲ့၊ မဟပ္ဖလဖြစ်တယ် ဟုတ်လား။ အဲဒီတော့ အလှူခံကာနီးမှာ သီလပေးတာ ဘာကြောင့် သီလပေးတယ်ဆိုတာ သဘောပေါက်သွားပြီ နော်။

နောက်တစ်ခါ အလှူခံသံဃာတွေဘက်ကလည်း မေတ္တာပွားပြီး အလှူခံရင် အကျိုးကြီးတာပေါ့၊ ဒါကြောင့် သံဃာတော်အရှင်မြတ်တွေက ပရိတ်ရွတ်တယ် 'မေတ္တသုတ္တန်' မရွတ်ဘူးလား ? { ရွတ်ပါတယ်ဘုရား } မေတ္တသုတ္တန်ပရိတ်ရွတ်တယ်ဆိုတာ မေတ္တာပို့တာပဲ ဟုတ်လား။ ဘာဖြစ်လို့ အလှူ မခံခင် မေတ္တာပို့ရတာလဲ မေတ္တသုတ်ပရိတ်ရွတ်ရတာလဲဆိုရင် - ဥပမာအားဖြင့်ပြောရင် အဲဒါ မြေသြဇာထည့်ပေးတာခေါ်တယ်၊ ဒကာကြီး အပင်စိုက်တဲ့အခါ ဒီအတိုင်း ပစ်ထားလို့ရင် ဒီအပင်က ဖွံ့ဖြိုးတဲ့ သန်မာထွားကြိုင်းတဲ့ အသီးမျိုး မရနိုင်ဘူး၊ ဘာလုပ်ပေးရလဲ၊ မြေသြဇာထည့်ပေးရတယ်။ မြေသြဇာထည့်ပေးရင် အသီးတွေ သန်မာထွားကြိုင်းမလာဘူးလား ? { သန်ပါတယ်ဘုရား } အဲဒီအတိုင်းပဲ ဒကာကြီးတို့ မိသားစု လှူတဲ့အလှူ အကျိုးကြီးအောင်လို့ သံဃာတော်အရှင်မြတ်တွေက အလှူ မခံခင် ဘာလုပ်ရတာလဲ၊ { မေတ္တသုတ်ပရိတ်ရွတ်တာပါဘုရား } မေတ္တသုတ်ရွတ်တယ်ဆိုတာ မြေသြဇာထည့်တာ ဟုတ်လား။

သြော် လှူရဦးမယ် မေ့နေတာ တရားတွေဟောပြီး သင်္ကန်းကပ်ရဦးမယ်၊ သင်္ကန်းကပ်ရအောင် သင်္ကန်းကိုင် - - -

ကဲ စုံပြီလား၊ လိုက်ဆို -
"မယံ ဘန္တေ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ ဣမာနိ ဝဿဝါသိကစီဝရာနိ သပရိဝါရာနိ သံဃဿ ဒေမ"

အရှင်မြတ်တို့ဘုရား တပည့်တော်တို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှာ ဤဝါဆိုသင်္ကန်းတို့ကို အခြံအရံ လှူဖွယ်ပစ္စည်းများနှင့်တကွ သံဃာတော်အရှင်မြတ်အား ဆက်ကပ်လှူဒါန်းပါ၏၊ ဤပစ္စည်းများကို သုံးဆောင်၍ သာသနာပြုတော်မူပါ အရှင်မြတ်တို့ဘုရား၊ ကဲ ကပ် - - -
[ ထုံးစံအတိုင်း ရှေ့မှ တိုင်ပေး၍ လိုက်ဆိုစေသည် ]

ကဲ အစောကပြောတဲ့အတိုင်း အကျိုးများတာတွေ သိသွားပြီ နော်၊ ဘာလိုသလဲဆိုရင် အသိပညာလေးတွေလိုတယ်၊ အဲဒီအသိပညာလေးတွေ ကျောင်းနေတဲ့အရွယ်မှာဆိုရင်လည်း ပညာဆည်းပူးရတယ်၊ စီးပွားရှာတဲ့အရွယ်မှာလည်း ပညာဆည်းပူးရတယ်၊ တရားရှာတဲ့အရာမှာလည်း ပညာဆည်းပူးရတယ်ဆိုတာ အခု လက်တွေ့ သာဓကလေးပြောပြီးသွားပြီ။

နောက်တစ်ခါကျတော့ "သလ္လေခသုတ်"က ဘုရားရှင်ဟောထားတဲ့တရားလေး နည်းနည်းလေးပဲပြောမယ်၊
"ယေ ကေစိ ကုသလာ ဓမ္မာ - သဗ္ဗေ တေ ဇာတိဝသေန ဥပရိဘာဂင်္ဂမနီယာ" (မ၊ ဋ္ဌ၊ ၁၊ ၁၉၆။) တဲ့၊ ကုသိုလ်ဆိုတာ ဘာကုသိုလ်ပဲဖြစ်ဖြစ် အထက်တန်းကျဖို့ပဲဖြစ်တယ်တဲ့၊ အထက်တန်းကျကျ နေချင်တယ်ဆိုရင် ကုသိုလ်အကုန်လုံးလုပ် ဘာကုသိုလ်ဖြစ်ဖြစ် ဟုတ်လား။

"ယေ ကေစိ အကုသလာ ဓမ္မာ -  သဗ္ဗေ တေ ဇာတိဝသေန အဓောဘာဂင်္ဂမနီယာ" (မ၊ ဋ္ဌ၊ ၁၊ ၁၉၆။) အကုသိုလ်ကျတော့ တက်နိုင်သလောက် ရှောင်ရတယ်၊ အကုသိုလ်မှန်သမျှ ကိုယ့်ကို အောက်ဆွဲချတဲ့ တရားတွေချည်းပဲ၊ အကုသိုလ်က အထက်ကို တွန်းပို့တယ်လို့ ဘယ်နှစ်ခါကြားဖူးလဲ ? { မကြားဖူးပါဘုရား } မကြားဖူးဘူး၊ အကုသိုလ်မှန်သမျှ အောက်ကို ဆွဲချတယ်၊ အဲဒီတော့ အောက်ကို အကျ မခံချင်ဘူးဆိုရင် ကိုယ့်သန္တာန်မှာ အကုသိုလ် မဖြစ်အောင် တက်နိုင်သလောက် ရှောင်၊ လုံးဝ မဖြစ်အောင် ရှောင်လို့တော့ မရဘူး ပုထုဇဉ်ဆိုတော့ ဖြစ်တော့ဖြစ်တာပဲ ဟုတ်လား။ အဲဒီတော့ နည်းအောင်ပေါ့ နော်၊ တစ်နေ့ကို (၁)ပိဿာလောက် အကုသိုလ်ဖြစ်မှာကို (၅၀)သားလောက်ပဲ ဖြစ်စေရမယ်၊ (၅၀)သားလောက်ဖြစ်မယ့်ဟာကို (၂၅)ကျပ်သားလောက်တင် ဖြစ်စေရမယ်၊ တစ်နေ့ကို ဒီလို ဒီလို လျော့'လျော့ပေးရတယ်၊ အဲဒါဆို ပါး'ပါးသွားတာပေါ့။ ထို့အတူပဲ ကုသိုလ်ကျတော့ (၁)ပိဿာလောက်ဖြစ်မယ့်နေရာမှာ (၂)ပိဿာလောက်ဖြစ်အောင် လုပ် ဟုတ်လား၊ ကုသိုလ်ကျတော့ တိုးသထက် တိုးအောင် လုပ်ရမယ်၊ ဘာဖြစ်လို့ ကုသိုလ်ကို တိုးခိုင်းတာလဲဆိုတော့ ခုနက "ဥပရိဘာဂင်္ဂမနီယာ"ဆိုတဲ့အတိုင်း မိမိဘဝကို တစ်ဆင့်ထက်တစ်ဆင့် မြင့်စေချင်လို့၊ မြင့်ချင်ရင် ကုသိုလ်နဲ့ မြှင့်ရတယ်၊ ဒါမှမြင့်တယ် ဟုတ်လား။

အဲဒါကြောင့် ဘုရားရှင်က ဆီတို့ ထောပတ်တို့နဲ့ ဥပမာပေးတယ်၊ ဆီတို့ ထောပတ်တို့ဆိုတာ ရေထဲလောင်းထည့်လိုက်ရင် အောက်မှာအနည်ထိုင်သလား ? အပေါ်မှာတက်ပြီး ဝေ့နေသလား ? { အပေါ်မှာတက်ပြီး ဝေ့နေတာပါဘုရား } အေး ဆီတို့ ထောပတ်တို့ဆိုတာ ဘယ်တော့မှ အောက်မှာ မနေဘူး၊ အပေါ်မှာပဲ နေတယ်။ အဲဒီအတိုင်းပဲ ကုသိုလ်များများလုပ်ထားမယ်ဆိုရင် ကုသိုလ်ရှင်များသည် သုဂတိဘုံမှာပဲ ဝေ့တယ်၊ နောက်ဆုံး နိဗ္ဗာန်အထိ ကုသိုလ်က ပကတူပနိဿယသတ္တိနဲ့ ကျေးဇူးပြုနိုင်တယ်၊ လောကီကုသိုလ်တွေက ဟုတ်လား။ အဲဒီတော့ အထက်ဘုံတွေမှာပဲ ကျင်လည်ချင်တယ်ဆိုရင် အထက်ဘုံကို ပို့ပေးမှာ ဘယ်သူက ပို့ပေးမှာလဲ၊ ကုသိုလ်က ပို့ပေးမှာ၊ ကုသိုလ်ဆိုတာလည်း သူများကုသိုလ်သွား မမျှော်နဲ့ ကိုယ့်ကုသိုလ်ကပဲ ကိုယ့်ကို ကယ်မှာ ဟုတ်လား။ အဖေ အမေရဲ့ကုသိုလ်က သားသမီးသွား မကယ်နိုင်ဘူး၊ သားသမီးရဲ့ကုသိုလ်ကလည်း အဖေ အမေကို မကယ်နိုင်ဘူး၊ ကိုယ်လုပ်မှ ကိုယ်ရတာ နော်။ အေး တစ်ခုတော့ရှိတာပေါ့ အဖေ အမေ ကုသိုလ်လုပ်ဖြစ်အောင် သားသမီးက ကူညီတယ်၊ ဒီလိုကူညီလို့တော့ ရတာပေါ့ နော်။ သားသမီးမှာ ဖြစ်ပြီးသားကုသိုလ်တွေကို "အဖေနဲ့အမေ ရော့ ကျွန်တော်ပေးတယ်၊ ယူတော့" ဒီလိုတော့ မရဘူး ဟုတ်လား၊ အဲဒီတော့ ကိုယ့်သန္တာန်မှာ ကုသိုလ်တွေ များများထည့်ထား၊ အဲဒီကုသိုလ်က သံသရာမှာ ကိုယ့်နောက်ကနေ အရိပ်ပမာ လိုက်နေလိမ့်မယ်၊ ဘယ်အချိန်မှာ မလိုက်ဘဲနဲ့ ရပ်မလဲလို့မေးရင် အကျိုးပေးပြီးသွားရင်တော့ မလိုက်တော့ဘူး၊ ကုသိုလ်ဆိုတာ ကောင်းကျိုးပေးတယ်၊ ပေးပြီးတဲ့နေရာကနေ အဲဒီကုသိုလ်က ရပ်သွားတယ်၊ မပေးရသေးတဲ့ ကုသိုလ်တွေက ဆက်လိုက်နေတာပဲ နော်။ ထို့အတူပဲ အကုသိုလ်ကလည်း မကောင်းကျိုးပေးတယ်၊ သူကလည်း အရိပ်ပမာ လိုက်နေတာပဲ၊ ဘယ်အချိန်ရပ်သွားလဲဆိုတော့ အကျိုးပေးပြီးတဲ့အချိန် ရပ်သွားတယ်၊ ဆက် မလိုက်တော့ဘူး။ အဲဒီတော့ မိမိဘဝကို အဆင့်အတန်းမြင့်ချင်တယ်ဆိုရင် "ဥပရိဘာဂင်္ဂမနီယာ"ဆိုတဲ့အတိုင်းပဲ ကုသိုလ်ကို များများလုပ်။

လိုက်ဆို -
ကုသိုလ်ဆိုတာ၊ ဆီပမာ၊ အထက်မှာ ဝေ့နေသည်။

ဆို (၃)ခေါက် -
{ ကုသိုလ်ဆိုတာ၊ ဆီပမာ၊ အထက်မှာ ဝေ့နေသည်။ }
{ ကုသိုလ်ဆိုတာ၊ ဆီပမာ၊ အထက်မှာ ဝေ့နေသည်။ }
{ ကုသိုလ်ဆိုတာ၊ ဆီပမာ၊ အထက်မှာ ဝေ့နေသည်။ }

ကုသိုလ်က အထက်မှာ ဝေ့နေသော်လည်း အောက်ကို ဆွဲချတာကတော့ အကုသိုလ်တဲ့၊ ဒါကြောင့် အကုသိုလ်ကျတော့ ဘုရားရှင်က ကျောက်တုံးကြီးနဲ့ ဥပမာပေးတယ်၊ ကျောက်တုံးကြီး အချိန်(၂၀)လောက်ရှိတဲ့ ကျောက်တုံးကြီး ရေထဲချရင် မမြုပ်ဘူးလား ? { မြုပ်ပါတယ်ဘုရား } (၁)ပိဿာလောက်ရှိရင်ရော၊ { မြုပ်ပါတယ်ဘုရား } (၁)ကျပ်သားလောက်ရှိတဲ့ ကျောက်တုံးချလည်း { မြုပ်ပါတယ်ဘုရား } ကျောက်တုံးမှန်သမျှ အောက်ကိုပဲ မြုပ်စေတတ်တယ်။ အဲဒီအတိုင်းပဲ အကုသိုလ်ဆိုတာ မိမိဘဝကို အောက်ကို ဆွဲချတယ်တဲ့၊ လူဆင်းရဲ, တိရစ္ဆာန်ဆင်းရဲ, ပြိတ္တာဆင်းရဲ နောက်ဆုံး ငရဲ အဝီစိတိုင်အောင် အကုသိုလ်က ဆွဲချသွားတာပဲ ဟုတ်လား။ အကုသိုလ်ဆိုတာ လုပ်မိရင် ပြင်ဖို့ မလွယ်ဘူး၊ အဇာတသတ်မင်းကြီးဆိုရင် ဒေဝဒတ်နဲ့ ပေါင်းမှားတဲ့အတွက် အဖေသတ်ခြင်းဆိုတဲ့ အကုသိုလ် လုပ်မိတယ်မဟုတ်လား၊ သို့သော်လည်း နောက်ဆုံး ဘုရားရှင်နဲ့ တွေ့တဲ့အခါကျမှ သူ နောင်တတွေရတယ်၊ ဒါပေမဲ့ ပြင်လို့က မရဘူး။ ဘုရားရှင်နဲ့ တွေ့တဲ့အခါကျတော့ ကုသိုလ်တွေ လုပ်လိုက်တာ၊ ပုထုဇဉ်ထဲမှာ သူလောက်သဒ္ဓါတရားကောင်းတဲ့ပုဂ္ဂိုလ် ရှိတောင် မရှိဘူး။ ဘယ်လောက်ပဲလုပ်'လုပ် အကုသိုလ်အမည်းစက်ကြီးက ကြီးလွန်းတဲ့အတွက် သေတဲ့အခါ အဝီစိငရဲရောက်ရတာပဲ ဟုတ်လား၊ အဝီစိငရဲကနေလွတ်အောင် ပြန်လုပ်ပေးလို့ မရဘူး၊ တစ်ခုတော့ရှိတာပေါ့ နည်းနည်းတော့ သက်သာသွားတာပေါ့။ ငရဲမကြီးကနေပြီးတော့ ဘေးငရဲလေးသွားရောက်တာပေါ့ အဝီစိငရဲ၊ သက်သာခွင့်တော့ နည်းနည်းရတယ်၊ အဝီစိက လွတ်ငြိမ်းချမ်းသာခွင့်တော့ မရဘူး။ အကုသိုလ်ဆိုတာ ကြောက်စရာကောင်းတယ် မှားမိသွားလို့ရင်လေ၊ အေး အဲဒါကြောင့် ကျောက်တုံးကျောက်ခဲလိုပဲတဲ့၊ မိမိဘဝကို အောက်ကို ဆွဲချတာလား ? အထက်မြှင့်တင်ပေးမှာလား ? { အောက်ကိုဆွဲချတာပါဘုရား }

ကဲ လိုက်ဆို -
အကုသိုလ်ဆိုတာ၊ ကျောက်ပမာ၊ အောက်မှာ နစ်တတ်သည်။

(၃)ခေါက်ဆို -
{ အကုသိုလ်ဆိုတာ၊ ကျောက်ပမာ၊ အောက်မှာ နစ်တတ်သည်။ }
{ အကုသိုလ်ဆိုတာ၊ ကျောက်ပမာ၊ အောက်မှာ နစ်တတ်သည်။ }
{ အကုသိုလ်ဆိုတာ၊ ကျောက်ပမာ၊ အောက်မှာ နစ်တတ်သည်။ }

အကုသိုလ်က ဘာနဲ့တူလဲ ? { ကျောက်နဲ့တူပါတယ်ဘုရား } ဘာဖြစ်လို့လဲ၊ မိမိဘဝကို အောက်မှာ ဆွဲချသွားလို့ အောက်မှာ နှစ်ပစ်လို့ ဟုတ်လား။ အဲဒီတော့ အောက်မှာ အနှစ် မခံချင်ရင် ဘာရှောင်မလဲ၊ အကုသိုလ်ရှောင်ပေါ့။ ကုသိုလ်ဆိုတာ အထက်ကို မြှင့်တင်ပေးတဲ့အတွက် ဘာနဲ့တူလဲ၊ ဆီနဲ့တူတယ်။ အဲဒီတော့ အထက်ဘုံဘဝမှာ ကျင်လည်ချင်တယ် ဝေ့ချင်တယ်ဆိုရင် ဆီနဲ့တူတဲ့ကုသိုလ် မိမိသန္တာန်မှာ များများထည့်ထား များများလုပ်ထားပေါ့ ဟုတ်လား၊ { မှန်ပါဘုရား } အေး အဲဒီတော့ ကုသိုလ်ကပဲ ကိုယ့်ကယ်မှာ၊ အသီးအသီး ကုသိုလ်ဆိုတာ ကိုယ်တိုင်လုပ်မှ ရတယ် နော်၊ ဒီလိုပိုက်ဆံကုန်တဲ့ ကုသိုလ်မျိုးရှိသလို ပိုက်ဆံ မကုန်တဲ့ကုသိုလ်မျိုးလည်း လုပ်လို့ရတယ်။ နံနက် အိပ်ယာထတယ်ဆိုရင် မျက်နှာသစ်ပြီးတော့ ဘုရားရေချမ်းကပ် ဟုတ်လား၊ ဘုရားကို ဦးသုံးကြိမ်ချ၊ "နမော တဿ" အခေါက်(၁၀၀)လောက်ရွတ်လိုက် ပိုက်ဆံတစ်ပြားမှ မကုန်ဘူး၊ ဒီလိုကုသိုလ်မျိုးလည်း များများလုပ်လို့ မရဘူးလား ? { ရပါတယ်ဘုရား } အေး အဲဒါ များများလုပ်ရင် သုဂတိဘုံမှာ များများလည်ရမယ်။

ကဲ ဒီနေ့ ဝါဆိုသင်္ကန်းလှူဒါန်းခြင်းစတဲ့ ကုသိုလ်တွေ ပြုပြီးသွားပြီ၊ အဲဒီကုသိုလ်တွေသည် ပရမတ္ထသဘောတရားအရ စိတ်ဆိုတာ ဘယ်တော့မှ အမြဲတမ်း တည်မနေဘူး၊ ဖြစ်ပြီးရင် သူက အသက်စေ့ရင် ချုပ်သွားတာပဲ ဟုတ်လား၊ လူတွေလည်း ထိုနည်းလည်းကောင်းပဲ လူတွေရဲ့ သက်တမ်းကတော့ (၅၀) (၆၀) (၁၀၀) ဒီလိုသွားတာ အသီးသီး၊ အသက်စေ့တဲ့အခါ မသေဘူးလား ? { သေပါတယ်ဘုရား } ထို့အတူပဲ ခန္ဓာကိုယ်ထဲမှာ ရုပ်နဲ့ နာမ်ဆိုတဲ့တရားတွေ ပရမတ္ထတရားတွေမှာလည်း သက်မှတ်ချက်သက်တမ်းရှိတယ်၊ သက်မှတ်ချက်သက်တမ်းကုန်ရင် ချုပ်သွားတာပဲ ဟုတ်လား၊ အဲဒါကတော့ သာမန်ဉာဏ်နဲ့ ကြည့်လို့ မရဘူး၊ ဝိပဿနာဉာဏ်နဲ့ ကြည့်ရတယ် နော်၊ ဦးဇင်းကတော့ စာနဲ့ ပြောပြတာပေါ့။ တကယ်သိချင်ရင် ဝိပဿနာဉာဏ်ရအောင် အားထုတ်တဲ့၊ မိမိခန္ဓာကိုယ်မှာ လက်ထိပ်ကို အပ်ကလေးနဲ့ထိုးပြီး ဖောက်လိုက်ရင် သွေးလေးတစ်စပ်လောက် ကျမလာဘူးလား ? { ကျပါတယ်ဘုရား } အဲဒီသွေးလေးတစ်စက်ကို သိပ္ပံပညာရှင်တွေက အဲဒီသွေးစက်တစ်စက်ထဲမှာ 'ဆဲလ်'လို့ခေါ်တဲ့ ရုပ်ကလာပ်လေးတွေ (၅)သန်းလောက်ပါတယ်တဲ့၊ { မှန်ပါဘုရား } ဘယ်လောက်ပါတယ်တဲ့လဲ ? { ၅-သန်းပါဘုရား } အဲဒါ ဘုရားဟောတဲ့တရားကို ထောက်ခံပေးနေတာ၊ ဘုရားက ဒီခန္ဓာကိုယ်မှာ ရုပ်ကလာပ်လေးတွေ 'သိန်း သန်း'အများကြီးရှိတယ်တဲ့ နော်၊ အဲဒါလေးတွေ ရုပ်ကလာပ်အမှုန်အမွှားလေးတွေကို စုဖွဲ့လိုက်တဲ့အခါကျတော့ အစိုင်အခဲကြီးဖြစ်နေတာ၊ အဲဒီအမှုန်အမွှားလေးတွေကလည်း ချုပ်'ချုပ်နေတာ၊ အဟောင်းတွေချုပ် အသစ်တွေဖြစ်နေတာ နော်။

ဥပမာအားဖြင့် ပြောမယ်ဆိုရင် နွေဘက်မှာဆိုရင် နေသိပ်ပူတဲ့အခါကျတော့ ဖုန်တွေ မထဘူးလား ? { ထပါတယ်ဘုရား } အဲဒီဖုန်တွေ မထအောင် ဘာလုပ်ရလဲ၊ ရေဖျန်းပေးရတယ်၊ ရေက အာပေါဓာတ်ခေါ်တယ်၊ အာပေါဓာတ်ကနေပြီးတော့ သိပ်သည်းထားတော့ ဖုန် မဖြစ်တော့ဘူး၊ အဲဒီဖုန်တွေကနေပြီးတော့ အလုံးအခဲဖြစ်သွားတာ ဟုတ်လား။ ထို့အတူပဲ ခန္ဓာကိုယ်မှာ ရုပ်တရားတွေက အမှုန်အမွှားတွေ အများကြီး သန်းပေါင်း ကုဋေချီနေတာ၊ အဲဒါတွေကို အာပေါဓာတ်နဲ့ ဖွဲ့စည်းထားတာ၊ အဲဒါကြောင့် သွေးအလုံးအခဲကြီးဖြစ်သွားတာ။ ပုထုဇဉ်တွေက ကြည့်လို့ရင်တော့ ဒီရုပ်က ဒီရုပ်ပဲလို့ ထင်တာ၊ ဝိပဿနာဉာဏ်နဲ့ ကြည့်ရင်တော့ အဲဒီရုပ်အစိုင်အခဲကြီးကနေပြီးတော့ အမှုန်လေးတွေကြည့်ရင် မြင်တယ်၊ အဲဒါလေးတွေ ချုပ်'ချုပ်သွားနေတာ၊ အဲဒါတွေ မမြင်တဲ့အတွက် ပုထုဇဉ်တွေကတော့ ကိုယ့်ရုပ်ကို ခင်တွယ်တယ် တွယ်တာတယ် မက်မောနေတယ်၊ မက်မောပြီးတော့မှ အကုသိုလ်တွေဘာတွေ လုပ်မိကြတယ်။ မြင်တဲ့ပုဂ္ဂိုလ်ကျတော့ ဒီရုပ်တရား မမြဲတဲ့အခါကျတော့ ဘာမှ ခင်တွယ်စရာ မရှိဘူး "သြော် ဒီရုပ်တွေ ချုပ်'ချုပ်ပြီး ပျက်သွားတာပဲ၊ ငါလည်း သေရမှာပါလား"ဆိုတာ ဆင်ခြင်မိတယ်၊ အဲဒါဝိပဿနာကုသိုလ်ခေါ်တယ်၊ ဘာကုသိုလ်ခေါ်လဲ ? { ဝိပဿနာကုသိုလ်ပါဘုရား } အေး ဝိပဿနာကုသိုလ် များများဖြစ်ချင်ရင် သမာဓိအားကောင်းအောင် ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းရတယ်၊ သမာဓိအားကောင်းလို့ ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေရရင်တော့ သံသရာဝဋ်ကနေ လွတ်မြောက်နိုင်တယ် ဟုတ်လား၊ { မှန်ပါဘုရား } အဲဒါကြောင့် မိမိသန္တာန်မှာ ယနေ့ ဒါနကုသိုလ်ကို အခြေခံပြီးတော့မှ ဝိပဿနာကုသိုလ်, မဂ်ကုသိုလ်များ အဆင့်ဆင့်ဖြစ်ပြီးရင် သံသရာဝဋ်ကနေ လွတ်မြောက်ရပါစေလို့ ဆုတောင်းပတ္ထနာပြုရင်း - - -

တုမှေ၊ သင်ဒကာ, ဒကာမအပေါင်း သူတော်ကောင်းတို့သည်။ အတ္တနော သန္တာနေ ဥပ္ပန္နံ၊ မိမိတို့သန္တာန်၌ ဖြစ်ပေါ်နေသော။ ကုသလံ၊ ဒါန, သီလ, ဘာဝနာလို့ခေါ်တဲ့ ကုသိုလ်တရားကို။ ဝိပဿိတွာ၊ အနိစ္စ ဒုက္ခ အနတ္တ ဝိပဿနာတင်ကာ ရှုနိုင်ကြကုန်သည်ဖြစ်၍။ အနုတ္တရံ၊ အတု မရှိ အမြင့်ဆုံး အမြတ်ဆုံး အသာလွန်ဆုံးဖြစ်သော။ နိဗ္ဗာနသုခံ၊ ခပ်သိမ်းသော ဆင်းရဲတို့၏ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကြီးကို။ သစ္ဆိကရောထ၊ ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုတော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓုပါဘုရား

🎤၁၃၈၀-ပြည့်နှစ်၊ ဝါခေါင်လဆန်း (၁၄)ရက်၊ ( 25.8.2018) စနေနေ့တွင် ဟောကြားသော တရားတော်ဖြစ်ပါသည်။

တက္ကသိုလ် လုလင်
၁၃၈၁-ခု၊ သီတင်းကျွတ်လဆန်း (၁၀)ရက်
(8.10.2019) အင်္ဂါနေ့
                       Share

No comments:

Post a Comment