Saturday, October 12, 2019

ငရုတ်သီးတစ်တောင့် ကျောင်းရေစက်ချပွဲမှ 🌷🌷🌷🌷🌷🌷🌷🌷🌷🌷 အုန်းမှုတ်ခွက်လေးကြောင့်...

ငရုတ်သီးတစ်တောင့် ကျောင်းရေစက်ချပွဲမှ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷
အုန်းမှုတ်ခွက်လေးကြောင့်...
🌷🌷🌷🌷🌷🌷🌷

သာသနာနှစ် ၄၄၀ကျော်ကာလ (သီဟိုဠ်ကျွန်း)

စတုတ္ထ သံဂါယနာမတင်မီ

           တိုင်းပျက်ပြည်ပျက် ဘေးကြီးနှင့် ရံဖန်ရံခါ ကြုံကြိုက်တတ်ကြရာ သာသနာစောင့် မထေရ်ကြီးများ
သာသနာဆက် မပြတ်စေရန် အခက်အခဲ အမျိုးမျိုးကြားမှ ဆင်းရဲပင်ပန်းစွာ ကြိုးစားတော်မူကြရသည်။

           တိုင်းပြည်နှင့် ကမ္ဘာနှင့်ချီ၍ ကြီးလေးလှသော
တာဝန်ကြီးကို မဆိုထားဘိ၊ မိမိတို့ တစ်ကိုယ်ရေ(တစ်နိုင်)
သာသနာကိုပင် မထိန်းသိမ်းနိုင်သူက များလေသည်။
ခေတ်ဆိုး ခေတ်ပျက်ကြီးနှင့် ကြုံရသောအခါ တစ်ကိုယ်ရေ သာသနာကိုပင် မနိုင့်တနိုင် ထိန်းနေရသူများ (ကိုယ်ပိုင် အဇ္စျတ္တိက သာသနာအင်အား နည်းပါးသူများ) မှာ လွယ်လွယ့်နှင့်ပင် သာသနာ ကွယ်ကြရရှာလေသည်။

           အောက်ပါဖြစ်ရပ်သည် ဤ၌ သာဓကတစ်ရပ်
ဖြစ်ပေတော့သည်။ တနည်းအားဖြင့် ကြီးငယ်မဟူ၊
ရှင်လူမရွေး တဏှာပေမ အစေးငြိလျှင် ဘေးထိတတ်ကြောင်း ဝတ္ထုသက်သေ တစ်ခုလည်းဖြစ်ပေသည်။

           ဒုဋ္ဌဂါမဏိမင်းကြီး၏ ငရုတ်သီးတစ်တောင့် ဘုရားနှင့် ကျောင်းသည် အံသြဖွယ် ကောင်းလှသကဲ့သို့
ထိုကျောင်းရေစက်ချပွဲ၏ နောက်ဆက်တွဲ ဖြစ်ရပ်ကလေးမှာလည်း ထူးဆန်းလှပေ၏။

           မင်းကြီးသည် မင်းအဖြစ် အဘိသိက်ခံပြီး ခုနစ်ရက်ရှိသောအခါ မှူးမတ်၊ မိဖုရား အခြံအရံဖြင့် တိဿဝါပိ ရေကန်သို့ ထွက်ချီတော်မူ၏။ အမြို့မြို့မှ လက်ဆောင်များကိုလည်း ကျောင်းစေတီတည်မည့် နေရာဖြစ်သော ယာယီစံနန်းအတွင်းသို့ ယူဆောင်လာကြရသည်။
ဓာတ်တော်များ ဌာပနာထားသော လက်သုံးတော်လှံလည်း အနီး၌ စိုက်ထား၏။ တစ်နေကုန် ရေကစား၊ စားသောက်ပြီး၍ ပြန်မည်ရှိစဉ် ထိုလှံမှာ ဗိုလ်ခြေအများဝိုင်း၍
နုတ်သော်လည်း မရ၍ ထိုနေရာ၌ ငရုတ်တစ်တောင့်စေတီ တည်ခဲ့၏။

           လှံ=(ပါဠိလို ကုန္တ)ကို ဌာပနာ၍ တည်သောကြောင့် မရီစဝဋ္ဋစေတီကို ကုန္တစေတီဟုလည်း ခေါ်လေသည်။ စေတီပြီးလျှင် မရီစဝဋ္ဋကျောင်းကြီးကိုလည်း
စေတီအနီး၌ တည်ဆောက်ထား၏။ သုံးနှစ်တည်ရလေသည်။

           ထိုကျောင်းနှင့် စေတီကြီးသည် အနုရာဓမြို့၏
ကျက်သရေဖြစ်သော တိဿဝါပိ ရေကန်ကြီးနှင့် အဘယဝါပိ ရေကန်ကြီးနှစ်ကန်၏ အကြား၌ တည်ရှိလေသည်။ တိဿဝါပိကန်ကြီးမှာ အရှေ့အနောက်သုံးမိုင်
တောင်မြောက်နှစ်မိုင်ရှိ၏။ ဣသိဂိလိကျောက်တောင်၏
အနောက်ဘက်ကပ်လျက်ရှိသည်။
(အချို့စာများ ချန်ထားခဲ့ပါမည်)

ငရုတ်သီးတစ်တောင့်ကျောင်းကြီး ရေစက်ချပွဲ လုပ်သောအခါ ကြီးကျယ်သော မဏ္ဍပ်ကြီးများ ထိုးထားသည်။
ရဟန်းသံဃာတော်များ သီတင်းသုံးရန် မဏ္ဍပ်ကိုမူ
အဘယဝါပိ ရေကန်ကြီးအလယ်၌ ဆောက်လုပ်သည်။
ခုနစ်ရက်တိုင်တိုင် ကျောင်းလွှတ်(ပူဇော် )ပွဲ ပြုလုပ်လေ၏။

         ကျောင်းရေစက်ချပွဲ၌ ရဟန်းတော် တစ်သိန်း၊
ရဟန်းမိန်းမ(ဘိက္ခုနီ) ကိုးသောင်း ကြွရောက်၍ မထေရ်ကြီးများအား တစ်သိန်းတန်၊ မထေရ်ငယ်များအား
တစ်ထောင်တန် ပရိက္ခရာ အပ်စပ်သောပစ္စည်းများ လှူလေသည်။ (မဟာဝံသ- ၂၆-အခန်း။)

            ကျောင်းရေစက်ချပွဲ၌ စားသောက်ဖွယ်များမှာလည်း လိုလေသေးမရှိ ပြည့်ပြည့်ဝဝ လောင်းလှူလေသည်။ သာမဏေငယ်တစ်ပါးသည် သပိတ်၌ အပြည့်အလျှံ လောင်းလှူလိုက်သော ယာဂုပူပူကို ပွေ့ပိုက်လာစဉ်
ပူလွန်း၍ မကိုင်နိုင်သဖြင့် သင်္ကန်းထောင့်စွန်းများ လုံးထွေးခုခံပြီး ပွေ့ရ၏။ ကြာလာလျှင် သင်္ကန်းပါ ပူလာ၍ သပိတ်ကို မြေကြီးပေါ်သို့ ချလေ၏။

           တဖန် သင်္ကန်းများ လုံးထွေးခုခံကာ ခရီးတထောက်သွားပြန်၏။ သွားလိုက် နားလိုက် လုပ်နေရသည်ကို သာမဏေရီ(အမျိုးသမီး သာမဏေမ)ကလေးက
မြင်နေရသဖြင့်...........

       "ကိုရင်... ပူလို့ရှိရင် တပည့်တော်မဆီက ဟောဒီ
အုန်းမှုတ်ခွက်လေး အောက်ကခံဖို့ ယူသွားပါ။ တပည့်တော်မ ကိုရင့်ကို လှူလိုက်ပါတယ်" ဟု ပြုံးရွှင်သော စကားဖြင့် အကူအညီ ပေးလှာ၏။

           ထိုအခါကျမှ ကိုရင်လေးမှာ အပူလည်းသက်သာ၊ ပွေ့ယူရာတွင်လည်း အဆင်ပြေသွားသဖြင့်
ဝမ်းမြောက်သွားလေသည်။
           ကျေးဇူးတင်လွန်း၍ ရှေ့ဆက်မသွားသေးဘဲ
သာမဏေမလေးအား တစ်ချက်လှမ်းပြီး တွေတွေကြီး
ကြည့်နေလိုက်မိ၏။
           သာမဏေမလေးကလည်း ကိုရင်လေးအား
ကရုဏာမှ မုဒိတာသို့ပြောင်းကာ ဝမ်းသာစွာ အပြုံးဖြင့်
နှုတ်ဆက်နေမိလေသည်။

           ထို့နောက်မှ ကိုယ့်လမ်းကိုယ်သွားကာ သမင်လည်ပြန် ခွဲခွါကြလေ၏။ ခုနစ်ရက် ခုနစ်လီ ကျောင်းရေစက်ချ အသဒိသ အလှူပွဲကြီး၏ နောက်ဆုံးနေ့ဖြစ်၍
ပြန်လည် တွေ့ဆုံခွင့် မရကြတော့ပေ။

           နှစ်ပေါင်း ငါးဆယ်ခန့်ရှိသောအခါ ဝဋ္ဋဂါမဏိမင်းကြီးလည်း ဗြဟ္မဏတိဿ သူပုန်ဘေးကြီးကြောင့်
ထွက်ပြေးနေရစဉ် တိုက်းပြည်၌ ငတ်မွတ်ခေါင်းပါးသော ဘေးကြီးလည်း ပူးတွဲလာသဖြင့် သီဟိုဠ်ကျွန်းမှ
ရဟန်း သာမဏေများ မဇ္စျိမဒေသဘက်သို့(ဣန္ဒိယ) အများအားဖြင့် ကူးပြောင်း သီတင်းသုံးကြရသည်။

           ဣန္ဒိယပြည် တောရွာတစ်ရွာသို့ ရဟန်းမိန်းမ(ဘိက္ခုနီမ)များလည်း သီဟိုဠ်မှ ကူးလာခဲ့ကြ၏။
ထိုရွာရှိ ရဟန်းတော်များ သီတင်းသုံးရာကျောင်းတွင်
သီဟိုဠ် ဘုန်းတော်ကြီး တစ်ပါးလည်း မကြာမီ လာရောက် သီတင်းသုံးလေသည်။
           သက်တော် ခြောက်ဆယ်ခန့်ရှိသော ဘိက္ခုနီမကြီး တစ်ဦးသည် ရဟန်းတော်များ ကျောင်း၌ သီဟိုဠ် ဘုန်းတော်ကြီးတစ်ပါး ရောက်လာကြောင်း သတင်းရ၍
ဇာတိသံယောဇဉ်ကြောင့် သတင်းမေးရန် ထိုကျောင်းသို့
သွားလေ၏။ အဆင်သင့်ပင် ဘဝတူ,ဇာတိတူ ဘုန်းတော်ကြီးကို တွေ့ရသဖြင့် တိုင်းရေးပြည်ရေး အခြေအနေများကို ပြောဆို မေးမြန်းလေသည်။
           ယခင်က သိကျွမ်းဖူးသူများ မဟုတ်သော်လည်း သီဟိုဠ်ဇာတိ၊ စစ်ပြေး ဘဝတူ အချင်းချင်း ဖြစ်၍
တစ်ထိုင်အတွင်းမှာပင် ခင်မင်ရင်းနှီးသွားကြလေ၏။
ဒုက္ခတွေ့သောအခါ ရွှေထီးဆောင်းခဲ့ရသည်ကို သတိရတတ်ကြသည့်အတိုင်း....

#ဘိက္ခုနီမကြီး...  (ဘုန်းတော်ကြီးအား အလေးအနက် စိုက်ကြည့်ကာ) ''အရှင်ဘုရား ငရုတ်သီးတစ်တောင့် ကျောင်းရေစက်ချပွဲကြီး မီရဲ့လား ဘုရာ့'' ။

#ဘုန်းတော်ကြီး... '' အား... မီပါပြီလား၊ တစ်သက်နှင့်တစ်ကိုယ် အပျော်ဆုံး ပွဲတော်ကြီးပေါ့''

#ဘိက္ခုနီမကြီး... (တခဏမျှ စဉ်းစားပြီး) "ဒါဖြင့် အရှင်ဘုရား အဲဒီတုန်းက ဘယ်အရွယ်လောက်ဖြစ်မလဲ”

#ဘုန်းတော်ကြီး  "ဘာရှိအုံးမလဲ... ခုနစ်နှစ်သားလောက် ရှိမှာပေါ့၊ သင်လဲ အဲဒီတုန်းက ဘယ်အရွယ်လောက်
ရှိပြီလဲ"

#ဘိက္ခုနီမကြီး...  "တပည့်တော်မလည်း ရှိရင် ခုနစ်နှစ်သမီးလောက်ပါပဲ။ အဲဒီတုန်းကတော့ သာသနာဟာ
သိပ် စည်ကားတာပဲဘုရား။ အလွန်မှလည်း ပျော်စရာ ကောင်းပါတယ် ။
                         ဒါထက်... တစ်ခု သတိရလို့ တပည့်တော်မ လျှောက်ရအုံးမယ်။ အဲဒီ ကျောင်းရေစက်ချပွဲ နောက်ဆုံးနေ့မှာပေါ့ဘုရား၊ တပည့်တော်မလည်း မဟာစေတီဘက်က ပြန်အလာ၊ လမ်းမှာ ကိုရင်လေးတပါး ယာဂုပူပူနဲ့ သပိတ်ကို မနိုင်လို့ ပွေ့လိုက် ချလိုက် လုပ်နေတာ တွေ့လို့ တပည့်တော်မ အုန်းမှုတ်ကြီးတစ်ခုတောင် လှူလိုက်ရသေးတယ်။ သူ့ခမျာ အတော့်ကို
ကျေးဇူးတင်သွားပုံ ရပါရဲ့။ ခုထိ တပည့်တော်မဖြင့်
မျက်စိထဲ မြင်ယောင်သေး... "။

#ဘုန်းတော်ကြီး... (ဘုန်းတော်ကြီးမှာ သက်ပြင်းချလျက်) "ဟာ... အဲ့ဒါ သူများဟုတ်ပါရိုးလား၊ ကျုပ်ပဲပေါ့...
(ပြောပြောဆိုဆို သင်္ကန်းစုတ်ကလေးဖြင့် လုံးထွေး သိမ်းဆည်းထားသော အုန်းမှုတ်ခွက်ကို ထုတ်၍ပြလေ၏။)

           ဘိက္ခုနီမကြီးသည် 'သြော်' ဟု ဆိုကာ စကားကိုပင် ဆက်၍ မပြောနိုင်တော့ဘဲ ကတုန်ကယင် ဘုန်းတော်ကြီး မျက်နှာကိုသာ စိုက်၍ ကြည့်နေလေ၏။

            ဘုန်းတော်ကြီးလည်း အုန်းမှုတ်ခွက်ကို ကိုင်ကာ ဘာကိုမျှ ဆက်မပြောနိုင်တော့ဘဲ သက်ပြင်းရှည်ကြီးဆွဲကာ ဘိက္ခုနီမကြီး၏ မျက်နှာကိုသာ ကြောင်ကြောင်ကြီး ကြည့်နေလေ၏။

             နောက်တစ်နေ့တွင် ထိုရွာမှ အသက်ခြောက်ဆယ်ကျော် စစ်ပြေး ဘုန်းတော်ကြီး တစ်ပါးနှင့်
ဘိက္ခုနီမကြီး တစ်ဦးသည် ထူးထူးခြားခြား
ပျောက်ကွယ်သွားလေတော့သတည်း။
(မ- ဋ္ဌ- ၂၊ ၅၁- ၂- ရထဝိနီသုတ်။)

ဓမ္မာစရိယ ဦးဌေးလှိုင်ရေး
သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ... စာအုပ်မှ
ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။( နှာ- ၂၀၃ မှ ၂၀၅)

ထိုဝတ္ထုကို ဖတ်ရှုပြီး လွန်ခဲ့သော သုံးနှစ်လောက်က
သံချို လေးချိုးတစ်ပုဒ် ရေးဖွဲ့ခဲ့မိပါ၏။
သတိသံဝေဂ ရကြပါစေသောဝ်။

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

သမုဒယမြစ်ဖျား
*************

သီဟိုဠ်ကျွန်းဆီမှ
လွမ်းစရာ့ ချစ်ပုံပြင်
သီလရှင် ပျိုကလေးရယ်မှ
ငယ်ထွေး ကိုရင်ထံသို့
အောက်ခြေခံ ကရွတ်ကွေးကိုဖြင့်(သပိတ်ခြေ)
ဖြူဖွေး သဒ္ဓါဟုန်နဲ့
ကြာပန်းဒုံ လက်စုံမိုး
ဖြိုးလျက် လှူခဲ့တယ်။

သူပုန်ဘေးရယ်ကြောင့်
ကွာဝေး တစ်နယ်ဆီသို့
ချိန်ရာသီ ခြောက်ဆယ်စွန်းပေမယ့်
မျက်ဝန်း ကိုယ်စီမှာတော့
မှုံပြာရီ နှစ်ယောက်သား
ထားရှိခဲ့တယ်။

အို...တစ်နေ့မှာတော့
ဆုံတွေ့ပြီ နှစ်ယောက်သားသာပါ့
မြတ်ဘုရား အနွယ်ဝင်မို့
ထေရ်အရှင် အရှင်မ ပေမယ့်
ပေမ ရင်မှာဝင်တော့
တကယ်ပင် ရင်ခုန်ဖက်ပေမို့
နွယ်ယှက်ကာ ရွာကလေးဆီမှ
ရှောင်ပြေး၍ တစ်မြေနယ်
တကယ်တဲ့ ပျောက်သွား။

အလို...ဘုရားသာပါ့
မြစ်ဖျားဟာ ဘယ်လိုပုံသို့
၃၁-ဘုံ ကြုံစဉ်တွင်းမှာတော့
ကွေကွင်းကာ ရှောင်မရနိုင်ဘု
ဒုက္ခဟာ သည်အချစ်ရယ်ကြောင့်
အပင်ဖြစ်ကာ ခက်လက်ပျိုးသည်ဟု
ဂုဏ်ကိုးရှင် ဗုဒ္ဓဟောပေမယ့်
ကာမောဂ သံသရာမှာ
ဖန်ခါခါ နစ်အောင်ပြုကြတယ်
(သြော် ....)
ပုထုဇဉ်များ။

ဝေဟင်သော်တာ(စစ်ကိုင်း)

ဇွန်လ ၂ရက် ၂၀၁၉ ၊ တနင်္ဂနွေနေ့

Original Uploader

Photo credit...

No comments:

Post a Comment