Wednesday, October 9, 2019

ထေရဝါဒ နှင့် ကန်တော့ပွဲ အပ်စပ်သည်မအပ်စပ်သည်

ထေရဝါဒ နှင့် ကန်တော့ပွဲ အပ်စပ်သည်မအပ်စပ်သည်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

ကန်တော့သည်ဟူသောအသုံးအနူန်းသည်လူတိုင်းပါးစပ်ဖျားတွင်အမြဲပြောနေကြသည်။ ဘုရားကန်တော့မလို့၊ ဘုန်းကြီးကန်တော့မလို့၊ မိဘဆရာသမားကန်တော့မလို့၊ နတ်ကန်တော့မလို့၊ စသည်ဖြင့် အမျိုးအစားများစွာရှိသည်။ ကန်တော့ပွဲများစွာထဲတွင် ဗုဒ္ဓဘာသာ၀င်များ၏ ဘုရားစင် ဘုရားခန်းရှေး၌ ဘုရားပွဲ တရားပွဲ သံဃာပွဲ သာသနာပွဲစသည်ဖြင့် ကန်တော့ပွဲတွေထိုးလေ့ရှိသည်။

အဘယ်ကြောင့်ကန်တော့ပွဲထိုးပါသနည်းဟုမေးလျှင် များသောအားဖြင့်ဖြေကြသည်မှာ စီပွားလာဘ် ဘာဘတက်ဖို့၊ ရာထူးတိုးဖို့စသည်ဖြင့်ပြောတတ်ကြသည်။ သည်လိုကန်တော့ပွဲထိုးခြင်းသည် ထေရဝါဒဗုဒ္ဓဘာသာနှင့်အပ်စပ်ပါသလားစသည်ဖြင့်မေးမြန်းကြသည်။

မအပ်စပ်ပါဟုဖြေလိုပါသည်။ သည်နေရာ၌ ကန်တော့ပွဲဟူသောစကားကိုစိတ်ဖြာကြည့်လျှင် ကန်တော့+ပွဲ ဟူသောစကား ၂ လုံးရှိ သည်။ ကန်တော့စကားသည် အပြစ်ရှိကပြေပျောက်စေရန်၊ အပြစ်မရှိကလည်းကုသိုလ်ရစေရန်ပြူလုပ် ကြသည့်အလေ့အထတခုဖြစ်သည်။

ဘုရားလက်ထက်က သောရေယျသူဌေးသားသည်မြစ်ဆိပ်မှ အပေါင်းအသင်းများနှင့် ရေချီုးပြီး၌ပြန်လာစဉ် ကြည်ညိုဖွယ်ရာရုပ်အဆင်းအင်္ဂါအလွန်သပ္ပါယ်သော ရဟန္တာအရှင်မဟာကစ္စည်းမထေရ်ကိုမြင်သဖြင့် သည်ရဟန်းသည် အလွန်ချောမောလှပပေသည် ငါ့မိန်းမသာဖြစ်လျှင် သိတ်ကောင်းမှာပဲဟု စိတ်ထဲကပြစ်မှားမိသည်။ သည်မနောကံအပြစ်ကြောင့် မ်ိန်းမဘ၀ကိုပြောင်းသွားသည်။

သောရေယျသည်ရှက်လွန်းသောကြောင့်အခြားအရပ်သို့ထွက်ပြေးပြီး ထိုအရပ်မှာပင်မိန်းမဘဝြဖင့်အိမ်ထောင်ကျကာ သားသမီးသုံးယောက်ရရှိခဲ့သည်။ တနေ့သ၌ သေရေယျနေထိုင်သောအရပ်သို့ အရှင်မဟာကစ္စည်းမထေရ်ကြွလာရာ သောရေယျအမျိုးသမီးသည် ကန်တော့တောင်းပန်ရာ ယောက်ျားဘဝြပန်ရခဲ့သည်။

ရွာတရွာထဲတွင် ရဟန္တာမထေရ်ကြီးနှင့် ရဟန်း ငယ်တို့ဆွမ်းခံကြွရာ ယာဂုပူပူရသောအခါ ရဟန္တာမထေရ်ကြီးမှာ လေနာရောဂါထသောကြောင့် သစ်တုံးပေါ်အမြန်ထိုင်လျှက်ဘုန်းပေးတော်မူသည်။ ရဟန်းငယ်က သည်ရဟန်းအိုကြီးဆာပဲဆာနိုင်လွန်း သည်ဟုစိတ်ထဲကပြစ်မှားမိသည်။ သည်တွင် ရဟန္တာမထေရ်ကြီးကသိတော်မူသောကြောင့် ရဟန်း ငယ်အားသင် ဘယ်အဆင့်ရောက်ပြီနည်းမေး၏။ တပည့်တော် သောတပန်ပါဟု လျောက်သော် သင် ရှေးဆက်အားမထုတ်နဲ့တော့ဟုမိန့်တော်မူသည်။ ရဟန်းငယ်ကသူပြစ်မှားမိသောအပြစ်သည် မဂ်ဖိုလ် ကိုတားနေပြီးဟုသိသောကြောင့် ရဟန္တာမထေရ်ကြီးအား ကန်တော့တောင်းပန်မှပြေပျောက်လေ သည်။

မိမိထက်အသက်သိက္ခာဂုဏ်ဝါကြီးမြတ်သောသူတို့အား ကန်တော့လျှင်အကျိုး ၄ မျိုးရရှိသည်။

(၁) အသက်ရှည်ခြင်း၊

(၂)အဆင်းလှခြင်း၊

(၃) ချမ်းသာခြင်း၊

(၄) ခွန်အားကြီးခြင်း

ဟူသောကောင်းကျိုးလေးမျိုး တို့ဖြစ်သည်။

ပွဲ-ဟူသည်မှာ လောကီအစီအရင်သာ ဖြစ်ပါသည်။ ဘုရားပွဲ၊ တရားပွဲ၊ သံဃာပွဲ၊ ဝိဇ္ဖာဓိုရ်ပွဲ၊ မဟာလာဘံလာဘ်ဖွင့်ပွဲ၊ ဓနသိဒ္ဓိပွဲ၊ စန်းလာဘ်ဖွင့်ပွဲ၊ မဟာဇေယျံပွဲ၊ အနေကဇာတင်ပွဲ၊ အနန္တငါးပါးပွဲစသည်ဖြင့်များစွာရှိ၏။ ဤနေရာတွင် လောကီပွဲများကိုမဆိုလိုပါ။

ဘုရားစင်ရှေ့ရောက် လာသောပွဲများကိုသာစိစစ်ပါမည်။ယင်းကန်တော့ပွဲများတွင် အုန်းသီးတစ်လုံး၊ ငှက်ပျောသီး သုံးဖီး(သို့)ငါးဖီး၊ ကွမ်းယာ၊ သပြေပန်း၊ ဆီးမီးတိုင်နှင့် အခြားလှူဖွယ်များ ပါ၀င်သည်။ ပွဲထိုးပုံနည်းစနစ်မှာ အုန်းသီးကြွက်မြီးကို ဘုရားဘက်သို့ လှည့်ထားရမည်။ ကွမ်းယာကို လက်ဝဲဘက်ကအရင်ခေါက်၊ ပြီးမှလက်ယာဘက်က ခေါက်ရသည်။ အခေါက်ကို အုန်းသီးဘက်လှည့်၌ ညှပ်ရသည်။ ငှက်ပျောငါးဖီးထိုးလျှင် အောက်ဆုံးတွင် နှစ်ဖီးကို အညှာချင်းဆိုင်ထားပြီး ယင်းအပေါ်မှ အုန်းသီးကို ထားရမည်။ ကျန်သုံးဖီးမှာ အုန်းသီးကို ရံထားရသည်။ အုန်းကြွက်မြီးကို ဘုရားရှင်ဘက် လှည့်ထားရမည်။ ယင်းသို့ထိုးမှ သိဒ္ဓိမြောက်သည်ဟု ဆိုသည်။

လောကီအစီအရင် လောကီ ယုံကြည်မှုကို မဝေဖန်လိုပါ။ သာသနာအတွက် အပ်စပ်ထိုက်တန်မှုရှိမရှိကိုသာ ဝေဖန်လိုပါသည်။ ယင်းတို့လှူသောပစ္စည်းများတွင်အုန်းသီးငှက်ပျောသီးများသည် ယာ၀ကာလိကဘောဇဉ်အမျိုးအစား ဖြစ်၍ နံနက်ပိုင်းတွင်သာ ကပ်လှူကောင်းသည်။ အလှူခံသူကလည်း နံနက်ပိုင်းတွင်သာ အလှူခံပြီး နံနက်ပိုင်းတွင်သာ သုံးဆောင်ကောင်းသည်။ ဆွမ်းတော်ကပ်သလို မွန်းတည့်လျှင် စွန့်ပစ်သင့်ပါသည်။ သို့မှသာ သက္ကစ္စဒါန=ရိုရိုသေသေ လှူရာရောက်သည်။

ယခုမူ တစ်ခါပွဲထိုးထားလျှင် ခုနစ်ရက်ခုနစ်လီ ကြာတတ်သည်။ ငှက်ပျောသီးဆိုသည်မှာ အမှည့်ကို စားရသော အသီးဖြစ်သည်။ ပွဲထိုးသူများသည် စားမရသေးသည့် ငှက်ပျောသီးစိမ်းများကိုသာ ရတနာသုံးပါးအတွက် လှူဒါန်းပြီး မှည့်၀င်းကာ စားလို့ရနိုင်သည့်အချိန်တွင် ပြန်ယူသွားကြသည်။

ဘုရားရှေ့တွင်ငှက်ပျောသီးအုပ်သလို ဖြစ်နေသည်။ မအပ်စပ်မဖြစ်သင့်ပါ။အုန်းသီးသည် အပင်ပြန်ပေါက်နိုင်သော ဗီဇဂါမ်ပစ္စည်းဖြစ်သည်။ အလုံးလိုက် မကပ်ကောင်းသလို၊ အလုံးလိုက်တိုက်ရိုက်အလှူ မခံကောင်းပါ။ ခွဲစိတ်ပြီးမှကပ်ခြင်း၊ အပင်ပြန် မပေါက်နိုင်အောင်ဖျက်ဆီးပြီးမှ ကပ်ခြင်းတို့သည်သာအပ်စပ်ပါသည်။
ကွမ်းယာကိုမူ ဘုရားရှင်သုံးဆောင်သည်ဟု ပိဋကတ်၌လည်း မတွေ့ဖူး၊ ပညာရှိစကားလည်း မကြားဖူးပါ။ ထိုသို့သော မအပ်စပ်သည့် လှူဖွယ်၀တ္ထုများကို ဘုရားရှင်တို့ အလှူမခံပါ။

တစ်ခါက သုဘဒ္ဒရဟန်းကြီးတို့ သားအဖသည် ဘုရားရှင်အား ဆွမ်းလှူဒါန်းလိုသဖြင့် ရဟန်းဘဝြဖင့် ဆတ္တာသည်လုပ်၍ ငွေရှာ၏။ ရလာသော ငွေဖြင့် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်၏။ မအပ်စပ်သောနည်းဖြင့်ရှာဖွေလှူဒါန်း ခြင်းကြောင်း ဘုရားရှင်က အလှူခံတော်မမူပေ။

ယနေ့ခေတ်ကန်တော့ပွဲများကိုလည်း မအပ်စပ်သဖြင့် ဘုရားရှင်အလှူခံမည်မဟုတ်ပေ။ သိဒ္ဓိဟူသည်မှာ ပြီးမြောက်ခြင်းဟု အဓိပ္ပာယ်ရ၏။ ဘုရားရှင်အလှူမခံသဖြင့် လှူဒါန်းခြင်းကိစ္စကား ပြီးမြောက်နိုင်မည်မဟုတ်ပေ။ ဒါနသိဒ္ဓိမမြောက်နိုင်သဖြင့် ဒါနကြောင့်ရလာမည့် အကျိုးလည်း ရနိုင်မည်မထင်ပါ။ လောကီနည်းဖြင့် သိဒ္ဓိမြောက်နိုင်မည်ဟု ယုံကြည်လျှင်ကားမဝေဖန်လိုပါ။

ဗုဒ္ဓဘာသာနှင့် ဤစနစ်ယုံကြည်ချက်ကိုအခြေခံသောကန်တော့ပွဲကား ဘယ်လိုမှ မအပ်စပ်ပါ။

ရဟန်းတော်များအတွက်အလှုခံဘုဉ်းပေးသုံးဆောင်ကောင်းသောအရာများမှာ

ယာ၀ကာလိက - ဘောဇဉ် (၅) ပါး၊

ခဲဖွယ် - (၁၂) ပါး

သစ်ကြီး - (၉) ပါး။

ယာမကာလိက - အဖျော်၊သစ်သီးဖျော်ရည်

သတ္တာဟကာလိက - ထောပတ် ၊တင်လဲ ၊ ပျား ၊ ဆီဦး

ယာ၀ဇီ၀က - အသက်ရှိသမျှကာလပတ်လုံးသုံးစွဲနိုင်သော ဆေး

စသည်တို့ဖြစ်ကြသည်။
.

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

.

Thanks:
#shwenakathu

No comments:

Post a Comment