ပုထုဇဉ်ကိုရင်လေးတွေကို သံဃဂုဏ်သွင်း ကြည်ညိုနည်း
"""""""""""""""""""""""""""""""""""""""""""""""""""""
တနေရာမှာ ဘုန်းကြီးကျောင်း တကျောင်း ရှိတယ်။
ဘေးမှာလည်း ပန်းခြံလေး တခု ရှိတယ်။
တနေ့တော့ အဲ ကျောင်းထဲက ကိုရင် နှစ်ပါးက
လမ်းကျဉ်းထဲမှာ လမ်းပိတ်ပြီးတော့ ဘောလုံးကစား နေကြတယ်။
သင်းပိုင် ခါးတောင်းကျိုက် ဧကသီ ချ တန်းပေါ်မှာတင်
နှစ်ပါးလုံး သင်းပိုင် ခါးတောင်းကျိုက်ပြီးတော့
ဘောလုံး ကန်နေကြတယ်။
အဝတ်ကို လုံးပြီးတော့မှ ဘောလုံး ဖြစ်အောင် လုံးပြီးတော့ အဲလို ဘောကန်နေကြတယ်။
ဓမ္မသုတ ရှိတဲ့ ဒကာတယောက်က ကိစ္စရှိတာနဲ့ အဲလမ်းထဲက ဖြတ်သွား
ဘောလုံး ကန်နေတဲ့ ကိုရင် ၂-ပါး သွားတွေ့တယ်။
ဓမ္မသုတ ရှိတော့ အကြည်ညို ပျက်မသွားဘူးနော်။
သံဃာကို တန်ဖိုးနဲ့ ဂုဏ်တင်ပြီးတော့
ကြည်ညို တတ်သဗျ။
သေသေချာချာ ရပ်ပြီး ကြည့်တယ်။
ကိုရင် ၂-ပါး ဘောလုံး ဆော့နေကြတာ ဘေးတောင် လူ ရှိမှန်း မရှိမှန်း မကြည့်မိပါဘူး
ငါ နိုင်ရမယ် ငါ နိုင်ရမယ် ငါ နိုင်ရမယ် ဆိုတဲ့စိတ်နဲ့မှ အားသွန် ခွန်စိုက် ဘောလုံး ကန်နေကြတယ်။
ဧကသီကလည်း တန်းမှာ ချထားတယ်။
သင်းပိုင်လည်း ခါးတောင်းကျိုက်ထားတယ်နော်။
အဲဒါနဲ့ တကိုယ်လုံးလည်း ချွေးဒီးဒီး ကျနေကြပြီ။
ကြိုးစားလိုက်တာ မနေမနား။
အဲတော့ ဒကာက ကြည့်နေတယ်။
အေး ကိုရင်လေး နှစ်ပါး ဇွဲလည်း ကြီးပါ့ ဝီရိယကလည်း ကြီးပါ့
သူတို့ ဇွဲ ဝီရိယက နေရာ မမှန်ဘဲ ဖြစ်နေတာ။
ဇွဲ ဝီရိယ လမ်းဖြောင့်ပေါ် တင်ပေးနိုင်တဲ့ ဆရာသမားရဲ့ လမ်းညွှန်ချက်ကို ရသွားရင်တော့...
သူတို့ရဲ့ ဝီရိယတွေဟာ ဒီလို ဝီရိယမျိုး ပရိယတ် အရာမှာများ သုံးလိုက်ရင်တော့
တခါတည်း ထိပ်တန်းကို ထိုးတက်သွားမယ်။
ဒီလို ဝီရိယမျိုး ပဋိပတ် အရာမှာ လမ်းကြောင်းလေး ဖြောင့် တင်ပေးသွား လိုက်ရင်တော့ ထိပ်တန်းကို ထိုးတက်သွားမှာ ။
သူတို့ အားထုတ်ကြတဲ့ နေရာက ရှိတာ ထုတ်နေကြတာပဲ။ သို့သော် လမ်းကွေ့မှာပဲ ဖြစ်နေတယ်။
ဒီဝီရိယ မျိုးက ပရိယတ်အရာမှာလည်း ထိပ်တန်းရောက်စေနိုင်တယ်။
ပဋိပတ်လည်း ထိပ်တန်းရောက်အောင် စွမ်းဆောင်နိုင်တယ်။
အရိယာ ဖြစ်အောင်ထိ စွမ်းဆောင်နိုင်တဲ့ ဝီရိယမျိုးပဲ။
ဒီဝီရိယမျိုး နည်းမှန် လမ်းမှန်သာသုံး သာသနာ ပန်းတိုင် ရောက်နိုင်တယ်။
သဒ္ဓါတရားနဲ့...
ကိုရင်လေး နှစ်ပါးရဲ့ ဝီရိယ ကြည့်ပြီး တော့
ဓမ္မဂုဏ်သွင်း ကြည်ညိုနေတာဗျ။ ...သူက။
ကိုရင်လေးတွေ ညံ့တာကွာလို့လည်း မပြောဘူး။
မဝေဖန်ဘူးဗျ သူက...။
ကိလေသာ မကင်းသေးဘူးလေ။
ကိလေသာ မကင်းသေးတော့ သူတို့မှာ နေတာလည်း နည်းမှန်ချင်မှ မှန်ဦးမယ်။
ပြောတာလည်း နေရာတကာ နည်းမှန်ချင်မှ မှန်ဦးမယ်။
နောက်တော့ ဆရာသမား အထိန်းအကျောင်းနဲ့
လမ်းပြောင်းပြီး ကြိုးစားရင် ထိပ်တန်း ရောက်သွားမှာ ဒီကိုရင်တွေ...။
တွေးရင်း တွေးရင်းနဲ့
ဒီဝီရိယမျိုးက ပရိယတ်အရာလည်း ထိပ်တန်းရောက်စေနိုင်တယ်။
ပဋိပတ်လည်း ထိပ်တန်းရောက်အောင် စွမ်းဆောင်နိုင်တဲ့ ဝီရိယ။
ပဋိဝေဓထိရောက်အောင် တောင် စွမ်းဆောင်နိုင်တဲ့ ဝီရိယ။
သာသနာ သုံးရပ်နဲ့ ကိုရင်လေးတွေ အပေါ်မှာ ဂုဏ်တင်ပြီးတော့ ကြည်ညိုရင်း ကြည်ညိုရင်းနဲ့
တဖွားဖွား တဖွားဖွား စိတ်ထဲမှာ ပီတိတွေ ဖြစ်လာတာ။
လက်အုပ်လေး ချီလို့
ကိုရင်လေးများဘုရား ကိုရင်လေးများဘုရား
မောလောက်ပါပြီဘုရား
ချွေးလည်း ဒီးဒီးကျနေပါပြီ။
ခါးတောင်းကျိုက်လည်း ဖြုတ်ပါတော့ဘုရား။
ဧကသီလည်း ခန္ဓာမှာ သပ္ပါယ်ပါတော့ဘုရား။
ဟိုနားက တပည့်တော်ရဲ့ သူငယ်ချင်းအိမ်မှာ ခဏ သီတင်းသုံးပေးပါဘုရား။
တပည့်တော် ဟိုနား သင်္ကန်းဆိုင်သွားပြီး သင်္ကန်း သွားဝယ်လိုက်ပါ့မယ်ဘုရား
ကိုရင်လေး ၂-ပါး ဒကာက လျှောက်တဲ့ အတိုင်းပဲ အဲဒီဒကာရဲ့ သူငယ်ချင်းဖြစ်တဲ့ အိမ်မှာ သွား ခဏထိုင်နေကြ။
ဒကာကလည်း သင်္ကန်းဆိုင်သွား သင်္ကန်း နှစ်စုံဝယ်လာတယ်။
ရောက်လာတော့ သေသေချာချာ ဦးသုံးကြိမ်ချ
ပုထုဇဉ်ကိုရင်လေးတွေကို သံဃဂုဏ်သွင်း ကြည်ညိုနည်း ကို ပြောတာပါ။ ဓမ္မဂုဏ်သွင်းပြီးတော့ ကြည်ညိုတာလေးကို ပြောတာပါ။
သေသေချာချာ ဦးသုံးကြိမ် ချသဗျ။
ကိုရင်လေးတို့ဘုရား တပည့်တော် ကိုရင်လေးတို့ကို အလွန် သိပ်ကြည်ညိုလွန်း အားကြီးလို့ပါဘုရား။
အရှင်ဘုရားတို့ ဝီရိယက ပန်းတိုင်ရောက်နိုင်တဲ့ ဝီရိယတွေပါဘုရား။
ကြိုးစားမယ်ဆို ထိပ်ရောက်သွားမှာပါဘုရား။
အရှင်ဘုရားတို့ မဂ်ဖိုလ်တောင် ရောက်နိုင်တယ် ဒီဝီရိယက..
ဆရာကောင်း သမားကောင်းနဲ့ လမ်းပြလိုက်ရင် ထိပ်တန်းရောက်သွားမှာ ဘုရား။
ဒါကြောင့် အရှင်ဘုရားတို့ရဲ့ သံဃဂုဏ်တွေ ဓမ္မဂုဏ်တွေ အာရုံပြုပြီးတော့ ဒီသင်္ကန်းနဲ့ ပူဇော်ပါရစေဘုရား။
အရှင်ဘုရားတို့ ကြိုးစားကြပါဘုရား
ပန်းတိုင်ရောက်အောင် ကြိုးစားကြပါ
သာသနာတော်မြတ်ကြီးဟာ အရှင်ဘုရားတို့ကို အားကိုးနေရတာဘုရား
အရှင်ဘုရားတို့မှ ဦးမဆောင်ရင် ဒီသာသနာက ဘယ်လိုလုပ် ကြာကြာ တည်နိုင်မှာလဲ ကိုရင်တို့ရဲ့
ကိုရင်လေးတို့ ဦးဆောင်မှ ဒီသာသနာ ကြာကြာတည်တော့မပေါ့။
ချီးကျုးစကားတွေရော ပြော သင်္ကန်း တပါး တစုံ သေသေချာချာ လေးလေးစားစား ဆက်ကပ်
နိဗ္ဗာန်ထိ ဦးတည်ပြီး
တပည့်တော်လည်း အရှင်ဘုရားတို့ သင်္ကန်း လှူရတဲ့ အတွက် မဂ်ဖိုလ် နိဗ္ဗာန် ထိ ရပါရစေဘုရား။
ဒီသင်္ကန်း အလှူခံတဲ့ အရှင်ဘုရားတို့ လည်းပဲ မဂ်ဖိုလ် နိဗ္ဗာန် အပြီးတိုင် ရကြပါစေဘုရား။
ရသည့်တိုင် ကြိုးစားတော်မူကြပါဘုရား။
ဝမ်းသာအားရ လှူဒါန်းပြီးတော် ပြန်သွားသဗျ။
ကိုရင်လေး ၂-ပါးက ဒီဒကာကြီးငါတို့ကို ဆုံးမသွားပြီ။
ငါတို့ကို ဆုံးမသွားပြီ။
တော်ပြီ နောက် ဘယ်တော့မှ ဘောလုံး မကန်တော့ဘူး။
တော်ပြီ။ တော်ပြီ တော်ပြီ။ ငါတို့ရဲ့ မဆုတ်နစ်တဲ့ ဝီရိယကို ပရိယတ်ထဲမှာ ထည့်တော့မယ်။
ပဋိပတ်ထဲမှာ ထည့်တော့မယ်။
ဝီရိယ ဒီမှာသာ အသုံးချရင် တကယ်ကောင်းကျိုးရမှာ
မြင့်မားတိုးတက်မှာ သေချာပေါက်။
ကြိုးစားသွားကြတယ်ဗျ။
ဆရာကောင်း သမားကောင်း ရဲ့ လမ်းညွှန်ချက်နဲ့ ကြိုးစားကြလိုက်တာ နောက်တော့ စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်သွားကြပါတယ်ဗျ
စာတတ်ပေတတ် အကျော်အမော်ကြီးတွေ ဖြစ်သွားကြသဗျ။ အကျင့်သိက္ခာ ကြီးမားတဲ့ အကျော်အမော်ကြီးတွေ ဖြစ်သွားကြသဗျ။ ထိပ်တန်း ပုဂ္ဂိုလ်ကြီးတွေ ဖြစ်သွားကြသဗျ။
ဒီမှာ ...သံဃာရဲ့ ကုန်ကြမ်းကို ကြည့်ပါ။
ဘောလုံးသမားလေးတွေပဲ။
ဧကသီချ ဘေးက တန်းပေါ်တင် သင်းပိုင် ခါးတောင်းကျိုက်ပြီးတော့
ချွေးဒီးဒီးကျအောင် ဘောလုံးကန်နေတဲ့ ဘောလုံးသမားလေးတွေ သံဃာရဲ့ ကုန်ကြမ်းနော်။
ဟုတ်တယ် ကိလေသာ မရှိရင် ဒီတရား ဘာလို့ ကျင့်ဖို့ လိုမှာလဲဗျ။
ကိလေသာ ကင်းနေပြီဆိုမှတော့ တရားကျင့်ဖို့ တောင် မလိုတော့ဘူး။
တရားကျင့်တယ် ဆိုတာ ကိလေသာ မကင်းသေးလို့
ကင်းအောင်လို့ ကျင့်နေကြရတာပါ။
သံဃာရဲ့ ကုန်ကြမ်းဟာ ဘောလုံးသမား ကိုရင်လေးတွေဗျ။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော် ဘုရားကြီး။
၈-၄-၂၀၁၇ ည ၇နာရီ
မုံလယ်တောရ စာအောင်သံဃာ သာသနဓဇ ဓမ္မာစရိယ ဂုဏ်ပြုပူဇော်ပွဲ အထိမ်းအမှတ် ည တရားပွဲ တွင်
ဟောကြားသော
သံဃဂုဏ်ရည် အာဇာနည် တရားတော်မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။
No comments:
Post a Comment