ရော်ဘာခံဖိနပ် အပ်၊ မအပ်
*** ရော်ဘာဖိနပ် အပ်၊ မအပ်ကို ဝိနည်း မဟာဝါ (၃၄၈) ၌ မဟာပဒေသဖြင့် ဆုံးဖြတ်အပ်၏။ ***
ထိုမဟာပဒေသ ဒေသနာ၌ အပ္ပဋိက္ခိတ္တ အနနုညာတပင် ဖြစ်သော်လည်း အကပ္ပိယာနုလောမ မဖြစ်လျှင် မအပ်၊ ကပ္ပိယာနုလောမ ဖြစ်လျှင် အပ်သည်ဟု ဆိုထားသည်။ ရော်ဘာကို ကဋ္ဌပါဒုကာ၊ တာလပတ္တပါဒုကာ၊ ဝေဠုပတ္တပါဒုကာ၊ တိဏပါဒုကာ စသည်တို့ကဲ့သို့ တိုက်ရိုက်လည်း ခွင့်မပြုခဲ့။ သို့သော် သစ်သားကဲ့သို့ ခဋ်ခဋ် အသံ မမြည်သောကြောင့် ကဋ္ဌပါဒုကာ အကပ္ပိယနှင့် မနီးစပ်ပေ။ ထန်းပင်ငယ် စသည်တို့ကို သေစေခြင်း ညှိုးစေခြင်းကဲ့သို့ ရော်ဘာ၌ သေစေခြင်း ညှိုးစေခြင်းလည်း မရှိသည့်ပြင် ဝတ္ထုအနေအားဖြင့်လည်း ထန်းဖတ် မြက် စသည်တို့ကဲ့သို့ သမဏသာရုပ္ပ မဖြစ်သည်လည်း မဟုတ်။ အမှန်အားဖြင့်သော်ကား ကပ္ပိယဖြစ်သော သားရေနှင့်သာလျှင် အလားတူဖြစ်၍ ကပ္ပိယအားသာလျှင် အလျော် ဖြစ်သည်။ ဟိန္ဒူတို့၏ အဟိံသ တရားအရ စဉ်းစားကြည့်လျှင်လည်း သားရေကမှ သတ္တဝါကို ညှဉ်းဆဲမှုနှင့် စပ်သေး၏။ ရော်ဘာမှာ ဂျိန်း အယူရှိသော ဟိန္ဒူတို့ အလို ဧကိန္ဒြိယ ဖြစ်သော ရော်ဘာပင်ကိုသော်လည်း သေစေသည် မဟုတ်။ နွားမမှ ညှစ်ယူသော နွားနို့သဖွယ် ဖြစ်၍ ဟိန္ဒူတို့ကပင် ဧကိန္ဒြိယ သတ္တဝါကို ညှဉ်းဆဲသည်ဟု အပြစ်တင်ဖွယ် မရှိပေ။ ဤသို့ ကပ္ပိယအနုလောမ ဖြစ်သောကြောင့် ရော်ဘာခံဖိနပ်၌ သံသယ မဖြစ်သင့်။ သားရေဖိနပ်ကဲ့သို့ပင် အပ်သည်ဟူ၍သာ ယူအပ် ဆုံးဖြတ်အပ်၏။ [ဆဋ္ဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ကြီး ဘဒ္ဒန္တသောဘန]
(သာမဏေကျော်၏ မဟာစည်ဆရာတော်ဘုရားကြီး၏ ထူးခြားသော အတွေးအမြင်များမှ -)
ဓမ္မအသိဖြင့် ကိုယ်စိတ်ဖြူစင် အေးမြကြည်လင်ရှိကြပါစေ။
မေတ္တာဖြင့်
အရှင်ဂုဏိန္ဒ (ဖားအောက်တောရ-ပြင်ဦးလွင်)
၉-၃-၂၀၁၇
No comments:
Post a Comment