စွန်းလွန်းဂူဆရာတော်ကြီး ဖြေကြားသော
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
ဝန်ကြီးချုပ်ဦးနု၏ မေးခွန်းများ -
⚜⚜⚜⚜⚜⚜⚜⚜⚜
တစ်ချိန်က သာသနာမှာ ရဟန္တာတစ်ဆူဟု ကျော်ကြားတော်
မူသော ထွန်ထောင်ဆရာတော် (လူ့ဘ၀တုန်းက ထွန်ကိုထောင်၊ နွားတွေကို ဘေးမဲ့ပေးပြီး ရဟန်းဘောင် ၀င်ရောက်ခဲ့လို့)
စွန်းလွန်းဂူဆရာတော်ဦးက၀ိကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက
ဖူးမြော်ရင်း မေး+ဖြေ ခဲ့တဲ့ စကားဆိုတာကို လွန်ခဲ့သော နှစ်ပေါင်း (၆၀) ကျော်က ထုတ်ဝေခဲ့သည့် ဤစာအုပ်လေးကို ပြန်လည်
ဖတ်ရှုရသည့်အခါ ပညာရှင်နှစ်ဦး၏ အဘိဓမ္မာဆိုင်ရာ
အမေးအဖြေတွေကို ဓမ္မမိတ်ဆွေများ လေ့လာစေချင်ပါသဖြင့်
တင်ပြအပ်ပါသည်။
နု - လူတို့ပြည်တွင် သစ်လေးပင်၊ သေစေလို ရေအေးလောင်း၊ ရှင်စေလို ရေနွေးလောင်း ဟူသော အမေးကို ဖြေကြားတော်မူပါ ဘုရား။
[ဆရာတော်] - လူတို့ပြည်တွင် သစ်လေးပင်ဆိုရာ၌ လူ့ပြည်
နတ်ပြည် ဗြဟ္မာ့ပြည်ရယ်လို့ လောက ဝေါဟာရအားဖြင့်ရှိသော်
လည်း ဘယ်ပြည်မှာများ ဘုရားပွင့်တယ်လို့ ကြားဖူးသတုံး။
နု - လူ့ပြည်မှာလို့ ကြားဖူးပါတယ် ဘုရား။
[ဆရာတော်] - အဲ - ဂင်္ဂါ ၀ါဠု သဲစုမက ပွင့်တော်မူကြတဲ့
ဘုရားရှင်များမှာ သစ္စာလေးပါးနှင့်သာ ပွင့်ခြင်းကြောင့်
လူတို့ပြည်တွင် သစ်လေးပင်ဟုဆိုသည်။ သေစေလို
ရေအေးလောင်း ဆိုရာ၌ မဂ္ဂင်ရေကို ဆိုလိုသည်။
ရှင်စေလို ရေနွေးလောင်း ဆိုရာ၌ လောဘ၊ ဒေါသ၊
မောဟရေနွေးကို ဆိုလိုသည်။
နု - မထိုင်ခင်က ခြေဆေး၊ မလင်းခင်က ရောင်နီလာ၊
မချက်ခင်က ထမင်း၊ မကျက်ခင်က စားပြီးပြီ၊ မရက်ခင်က ပုဆိုး၊
မချုပ်ခင်က ၀တ်ပြီးပြီ၊ ၎င်းအမေးကို ဖြေတော်မူပါ ဘုရား။
[ဆရာတော်] - အေး အဲဒါ ၀ိတက်လို့ ခေါ်တယ်။
(၀ိတက်ဆိုသည်မှာ ကြံစည် စဉ်းစား စိတ်ကူးယဉ်ခြင်းဖြစ်သည်။)
နု - ဘုရားတစ်ဆူ တစ်ဆူလျှင် သင်္ချေနှစ်ဆယ် ကုဋေရှစ်ဆယ်
ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်သွားတယ်လို့ ကြားဖူးပါတယ်။ ကျန်သောသတ္တ၀ါတွေဟာ လျော့သလား မလျော့ဘူးလား ဘုရား။
[ဆရာတော်] - ဒကာကြီးမေးတဲ့အတိုင်းပဲ လျော့သလားဆို လျော့တယ်၊ မလျော့ဘူးလားဆိုရင်လည်း မလျော့ဘူးပေါ့။
နု - လျော့တာ ဘယ်လို၊ မလျော့တာ ဘယ်ပုံဆိုတာ သိလိုကြောင်းပါ ဘုရား။
[ဆရာတော်] - လျော့တယ်ဆိုတာက ဥပမာ - ဒကာကြီးအိမ်မှာ လူဆယ်ယောက် ရှိတယ်ဆိုပါတော့။ ငါးယောက် ဆင်းသွားရင်
ဆင်းသွားတဲ့ ပုဂ္ဂိုလ် သတ္တ၀ါလျော့တာပေါ့၊ မလျော့ဘူးဆိုတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရား မလျော့ဘူး။
နု - ထင်းမရှိ တောသုံးထောင်၊ ရေမရှိ မြစ်လယ်ခေါင်၊ နှမ
မရှိ ခြောက်ယောက်မောင်ကို ဖြေရှင်းတော်မူပါဘုရား။
[ဆရာတော်] - ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့မှာ ကာမ၊ ရူပ၊ အရူပ ဆိုတဲ့ တောသုံးထောင်ထဲတွင် နေငြားသော်လည်း ၎င်းပုဂ္ဂိုလ်များမှာ လောင်စာမရှိသောကြာင့် ထင်းမရှိ တော
သုံးထောင်ဟုခေါ်သည်။ သတ္တ၀ါတို့၏ အာရုံအစဉ်မှာ မြစ်ရေအလျဉ်ကဲ့သို့ တသွင်သွင် စီးဆင်းနေငြားသော်လည်း ဘုရားစသော အရိယာသူတော်ကောင်းတို့မှာ အာရုံယိုစီးခြင်း မရှိတာကို ရေ မရှိ မြစ်လယ်ခေါင်ဟု ခေါ်သည်။ ဘုရား စသော အရိယာသူတော်
ကောင်းတို့မှာ မျက်စိ, နား, နှာခေါင်း, ပါးစပ်, ကာယ, မန
တံခါးခြောက်ပေါက်ပင်ရှိသော်လည်း အာရုံလိုက်စားခြင်း မရှိတာကို နှမ မရှိ ခြောက်ယောက်မောင်လို့ ခေါ်သည်။
နု - အရှင်ဘုရားတို့ ရဟန်းများမှာ မိမိကိုယ်ကို မိမိ သွေး
ထွက်အောင်လုပ်ရုံမျှနှင့် ဒုက္ကဋ်အာပတ် တပ်သလား မတပ်ဘူးလား ဘုရား။
[ဆရာတော်] - တပ်တယ်။
နု - ဒါဖြင့်လျှင် ဘုရားလက်ထက်က ရဟန်းတစ်ပါးဟာ
မိမိလည်ပင်းကို ဓားနှင့်လှီးပြီး ဝေဒနာရှုတာနဲ့ အရဟတ္တဖိုလ်
ဆိုက်ပြီး ပရိနိဗ္ဗာန်ပြုသွားတယ်လို့ ကြားဖူးပါတယ်။
၎င်း ရဟန်းဟာ အာပတ်နှင့်တကွ မဂ်ဖိုလ်သို့ ဆိုက်ပါသလား ဘုရား။
[ဆရာတော်] - ဆိုက်တာ မှန်တယ်၊ ဒုက္ကဋ်အာပတ် မရှိလို့ ဆိုက်တာ။
နု - ဒါဖြင့် ဘုရား၊ အရှင်ဘုရားတို့မှာ သွေးထွက်ရုံမျှနှင့်
အာပတ်သင့်တာ၊ အခုဟာက သွေးထွက်ရုံမက ကိုယ့်ကိုယ်ကိုယ် အသေတောင် သတ်တာ ဒုက္ကဋ်အာပတ် မသင့်ပေဘူးလား ဘုရား။
[ဆရာတော်] - မသင့်ဘူး။ ဥပမာ ဒကာကြီး ပစ္စည်းမကိုင်နှင့်လို့ မတားမြစ်ခင် ဘုန်းကြီးက ကိုင်လိုက်ရင် ဘုန်းကြီးမှာ အပြစ်များရှိ
မလား။
နု - မရှိပါ ဘုရား။
[ဆရာတော်] - တားမြစ်ပြီးမှ ကိုင်တော့ရော။
နု - အပြစ်ရှိပါတယ် ဘုရား။
[ဆရာတော်] - အဲသည်ဥပမာအတိုင်းပဲ။ ထိုပုဂ္ဂိုလ်မှာ အပြစ်မရှိတာလည်း မှန်တယ်၊ မဂ် ဖိုလ် ဆိုက်တာလည်း မှန်တယ်။
နု - ကျေနပ်ဝမ်းမြောက်လှပါသည် ဘုရား။
ယင်းရဟန်းကား လူ့ဘ၀ကို ငြီးငွေ့လွန်းသောကြောင့်
ထွက်ပေါက်ရှာသည့် အနေဖြင့် ရပြီးသား လောကီဈာန်ကို
မလျော့ကျခင် မြစ်ကမ်းနားသွားကာ မိမိကိုယ်ကို ဆံရိတ်သော
သင်ဓုန်းဓားဖြင့် လည်ပင်းကို လှီးဖြတ်မည် ကြံရွယ်စဉ် ရဟန်းဘ၀တစ်လျှောက်လုံး စောင့်စည်းထိန်းသိမ်းလာခဲ့သော မိမိ၏
စင်ကြယ်သန့်ရှင်းသော သီလကို တွေ့မြင်ရသောအခါ
အဆင့်ဆင့် ၀မ်းသာမှုပီတိသည် ခန္ဓာကိုယ်တစ်ခုလုံးသို့
ပျံ့နှံ့သော ဖရဏာပီတိအဖြစ်သို့ ရောက်လေ၏။
၎င်းပီတိဝေဒနာကို ခွာ၍ ၀ိပဿနာ ရှုမှတ်သောအခါ
ကိလေသာကုန်ခြင်း၊ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ဆိုက်ခြင်း၊ အသက်ဇီဝိတိနြေ္ဒကုန်ခန်းခြင်းသည်လည်း တစ်ပြိုင်နက်ဖြစ်ကာ တစ်ခဏအတွင်း အလွန်လျင်မြန်ကာ ပရိနိဗ္ဗာန်စံခြင်းကိစ္စပြီး
သွားသောကြောင့် သတ္တ၀ါတို့ တစ်ဘ၀မှတစ်ဘ၀သို့ကူးပြောင်း
တိုင်း ဖြစ်ရာဘုံဘ၀ကို စုံစမ်းထောက်လှမ်းလေ့ရှိသော မာရ်နတ်
သည်ပင် မျက်စိလည်သွားသည်ဟူ၏။
ထိုမာရ်နတ်ကား (၃၁)ဘုံအတွင်း ဘယ်နေရာဖြစ်ဖြစ် ရောက်သွားလျှင် သူ့ပိုင်နက်အတွင်းဖြစ်သောကြောင့် ကျေနပ်နေလေ့ ရှိသတဲ့။ မာရ်နတ် ရှာဖွေနေကြောင်းသိသော ဘုရားရှင်က ‘ဟယ် - မာရ်နတ်၊ သင်က ငါဘုရားတပည့်ကို အထင်သေးသကိုး၊ သင်မကျေနပ်လို့ (၃၁)ဘုံ အတွင်း ကြိုက်သလောက်ရှာ ဘယ်တော့မှ တွေ့မှာမဟုတ်တော့ဘူး။ ငါ့သားတော် ဂေါဓိကရဟန်းဟာ နိဗ္ဗာန်ဝင်သွားပြီ’
ဆိုတော့မှ ရှက်ကိုးရှက်ကန်းနဲ့ သူ့နေရာနတ်ပြည်ကို ပြန်သွားသတဲ့။
(စကားချပ်-ဂေါဓိကတ္ထေရ၀တ္ထု၊ ဓမ္မပဒ)
နု - တစ်ခုလောက်လျှောက်ပါရစေ၊ သုတ်မဟာဝါပါဠိတော်မဟာ
နိဗ္ဗာနသုတ်ထဲမှာ ဘုရား၏ ဓာတ်တော်ဝေခန်း တွေ့ပါတယ်။ ၎င်းသုတ်ကိုပင် ဘုရားဟောလို့ဆိုပါတယ်။ ဓာတ်တော်များကို ဘုရားပရိနိဗ္ဗာန်မပြုမီက ဝေခဲ့ပါသလား သို့တည်းမဟုတ် ဘယ်သူဝေခဲ့သတုံး ဘုရား။
[ဆရာတော်] - ဧ၀ံ မေ သုတံကို ဘယ်သူဟောသတုံး။
နု - ကျေနပ်လှပါ၏ ဘုရား။ နိဗ္ဗာန်၏ အကြောင်းကို အမိန့်ရှိတော်မူပါ ဘုရား။
[ဆရာတော်] - နိဗ္ဗာန်အကြောင်း သိချင်သလား၊ သိချင်လျှင်
ဘင် စွန်း မြင်အောင်ကြည့်က သိလိမ့်မည်။
နု - ဘယ်လို ဘင်စွန်း ဘယ်လိုမြင်အောင်ကြည့်ရမှာတုံး ဘုရား။
[ဆရာတော်] - ယောဂီပုဂ္ဂိုလ် တစ်ယောက်သည် မိမိ ခန္ဓာကိုယ်ကို သတိနှင့် သုံးသပ်လျက် သမာဓိ အားကောင်းလာသော် စိတ်, စေတသိက်, ရုပ် ဆိုတဲ့ တရားသုံးပါးကို ပိုင်းပိုင်းခြားခြား မြင်သော
အခါ ဒီဒုက္ခကြီးဟာ ဘယ်သူ့ကြောင့်လဲလို့ စိစစ်လိုက်တော့
လုပ်ပေးတတ်တဲ့ လောဘဆိုတဲ့ သမုဒယကို မြင်တော့ မဂ်က
အနုသယကို ပယ်သတ်လိုက်တာနှင့် ဥပါဒ် ဌီ ဘင်ဆိုတဲ့ အကြောင်းအကျိုး ပြတ်တာကို ဘင်စွန်းဟု ခေါ်တယ်။ အဲဒီဘင်စွန်းကို ပြောတာ။
နု - မိမိခန္ဓာကိုယ်ကို ထိတော့ သိတယ်လို့ ပြောတယ်။ သိတယ်ဆိုတာ သူချည်းပဲ သိတာလား သို့မဟုတ် သူတကာ
(အခြားတရား)နှင့် ရောစပ်မှ သိတာလား ဘုရား။
[ဆရာတော်] - ရောစပ်မှ သိတယ်။
နု - ရောစပ်သူ ထည့်ပေးပါဘုရား။
[ဆရာတော်] - ဝေဒနာ, သညာ, ၀ိညာဏ် ထိုသုံးချက် စုမှ
သိမှုဖြစ်တယ်။
နု - စုပေးသူများရှိရင် ထည့်ပေးပါ ဘုရား။
[ဆရာတော်] - ထိုသုံးချက်ကို သင်္ခါရက မြေ, ရေ, လေ, မီး
ဓာတ်ကြီးလေးပါးကို တံခါးမှာ စုပေးတော့ သိခြင်း မှတ်ခြင်း
ခံစားခြင်း ဖြစ်ပေါ်လာသည်ကို သိမှုဖြစ်တယ်(သိတယ်)လို့
ခေါ်တယ်။
နု - တစ်ထောင့်ငါးရာတည်းဟူသော ကိလေသာဟာ ခန္ဓာကိုယ်ကြီးတွင် ဘယ်နေရာမှာ ကိန်းပါသတုံး ဘုရား။
[ဆရာတော်] - သိချင်သလား၊ သိချင်ရင် ဇာတိ မြင်အောင်ကြည့်၊ ဇာတိ ကိန်းတယ်။
နု - ဘယ်လို ဇာတိ ဘယ်လို မြင်အောင် ကြည့်ရမှာတုံး ဘုရား။
[ဆရာတော်] - မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးရှိတယ်မ
ဟုတ်လား၊ ၎င်း ဓာတ်ကြီးလေးပါးကို သင်္ခါရက ပြုပြင်ပေးတော့
သိမှု မှတ်မှု ခံစားမှု ဖြစ်ပေါ်၍လာတယ်။ အဲဒါ ဇာတိပဲ။ အဲဒီဇာတိ
ကို မြင်အောင်ကြည့်က သိလိမ့်မယ်။
နု - ရဟန်းများ၌ သိအပ်သော တရား ငါးပါးကို အမိန့်ရှိတော်မူပါ ဘုရား။
[ဆရာတော်] - (၁) အလိုရှိခြင်း၊ (၂) ကျက်စားခြင်း၊
(၃) ထောက်တည်ခြင်း၊ (၄) နှလုံးသွင်းခြင်း၊ (၅) ပြီးဆုံးခြင်း၊
အလိုရှိတာက ဘာကို အလိုရှိတာတုံးဆိုရင် သုခချမ်းသာကို
အလိုရှိတယ်။ ပညာကို ကျက်စားတယ်။ သီလ, သမာဓိ, ပညာကို ထောက်တည်တယ်။ ကြောင့်ကျမှု တောင့်တမှုကင်းတာကို နှလုံး
သွင်းတယ်။ နိဗ္ဗာန်ကို ပြီးဆုံးတယ်။ အဲဒါ ရဟန်းများ၌ သိအပ်သောတရား ငါးပါးပဲ။
စွန်းလွန်းဆရာတော်ဘုရားကြီးမှ ဦးနုအတွက်ပဋ္ဌာန်းတရားတော်
------------------------------------------------------
[ဆရာတော်] - ဒကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက
မြင်းခြံဂူကျောင်း ဘုန်းတော်ကြီး ဦးက၀ိ ရှိတယ်လို့ မကြားဘူးလား။
နု - ကြားပါ၏ ဘုရား။
[ဆရာတော်] - အဲဒါ ဟိတ်ခတ်တာ။ ဟေတုပစ္စယော လို့ ခေါ်
တယ်။ ၎င်းနောက် သွားဦးမှပါလေလို့ အာရုံက မဆန့်ဘူးလား။
နု - ဆန့်ပါ၏ ဘုရား။
[ဆရာတော်] - အဲဒီ အာရုံဆန့်တာကို အာရမ္မဏပစ္စယောလို့
ခေါ်တယ်။ နောက်တစ်ဖန် အိမ်မှာ ကျီးစားစား ခွေးစားစား
ဘုန်းတော်ကြီး၏ ခြေရင်းသို့ မရောက် ရောက်အောင် သွားဦးမှ
ပဲလို့ ခန္ဓာကိုယ်ကြီးကို အာရုံကဆွဲလာ၍ အခု ဘုန်းကြီး ခြေတော်
ရင်းသို့ ရောက်တာတာဟာ ဒကာကြီး လာချင်လို့လာတာမဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို အာရုံက အဓိပတိတပ်၍ ဆွဲလာခြင်း
ကြောင့် အဓိပတိပစ္စယောလို့ ခေါ်တယ်။
နု - မှန်လှပါ ဘုရား။
[ဆရာတော်] - အဲဒါ ဘာကြောင့်လာရတာလဲ ဆိုရင် ရှေးက
ဘုန်းကြီးနှင့်တွေ့ခဲ့ရဖူးလို့ ခု တွေ့ချင်တယ်၊ ခု တွေ့ချင်လို့ တွေ့ရပြန်တယ်၊ နောင်ကိုလည်း တွေ့လေဦးမယ်။ ဒကာကြီး ၀က်သားများ စားဖူးသလား။
နု - စားဖူးပါ၏ ဘုရား။
[ဆရာတော်] - အဲ ရှေးက ၀က်သားကို စားခဲ့ဖူးလို့ ခု စားချင်တယ်။ ခု စားချင်လို့ စားရပြန်တယ်၊ နောက်ကိုလည်း စားရလေဦးမယ်။ ခွေးသားရော စားဖူးပါသလား။
နု - မစားဖူးပါ ဘုရား။
[ဆရာတော်] - အဲ ရှေးက ခွေးသားမစားဖူးလို့ ခု မစားချင်ဘူး၊
ခု မစားချင်လို့ ခု မစားဘူး၊ နောက်ကိုလည်း စားရမှာ မဟုတ်ဘူး။ ရှေးက ဒီတရားမျိုးကို နာခဲ့ရဖူးလို့ ခု နာချင်တယ်။ ခု နာချင်လို့ နာရပြန်တယ်၊ နောင်ကိုလည်း နာရလေဦးမယ်။ အနန္တရ၊ သမနန္တရ၊ သဟာဇာတ၊ အညမညပစ္စည်း ဆက်မသွားဘူးလား။
နု - သွားပါ၏ ဘုရား။
[ဆရာတော်] - ဘုန်းကြီး၏ခြေရင်းရောက်တော့ ဘုန်းကြီးက ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့၊ အမျှဝေ၊ မိမိခန္ဓာကိုယ်ကို ဘုရားလှူ၊ နှာသီးဖျားမှာ စိတ်ကိုထား၊ လေတိုးထိတော့ သိလိမ့်မယ်။
သိတဲ့ အပေါ် သတိထားရမယ်ပြောတော့ နိဿယပစ္စယော၊ ဥပနိဿယပစ္စယောလို့ခေါ်တယ်။
နု - မှန်လှပါ ဘုရား။
[ဆရာတော်] - အားထုတ်ဆဲ အခိုက်အတန့်မှာ မျက်စိကတော့ တောင်ကြည့်မြောက်ကြည့် ကြည့်သေးရဲ့လား။
နု - မကြည့်ပါဘုရား။
[ဆရာတော်] - နားကကော ဟိုထောင်သည်ထောင် ထောင်သေးရဲ့လား။
နု - မထောင်ပါ ဘုရား။
[ဆရာတော်] - နှာခေါင်းကကော ဟိုရှူသည်ရှူ ရှူသေးရဲ့လား။
နု - မရှူပါ ဘုရား။
[ဆရာတော်] - ပါးစပ်ကကော ဟိုစားချင် သည်စားချင် ရှိသေးရဲ့လား။
နု - မရှိပါ ဘုရား။
[ဆရာတော်] - ခန္ဓာကိုယ်ကြီးကကော ဟိုသွားချင် သည်သွားချင် ရှိသေးရဲ့လား။
နု - မရှိပါ ဘုရား။
[ဆရာတော်] -အဲဒီတော့ စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယဆိုတဲ့ ဣနြေ္ဒငါးပါး မလုံဘူးလား။
နု - လုံပါ၏ ဘုရား။
[ဆရာတော်] - အဲဒါ ဣနြ္ဒိယပစ္စယောလို့ ခေါ်တယ်ကွဲ့။
မိမိနှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့်သုံးသပ်ပါများသော်
ဈာန်သတ္တိ ဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်။ ကိလေသာတွေ
လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့၊ အဲဒါ
ဈာနပစ္စယောပဲ။
နု - မှန်လှပါ ဘုရား။
[ဆရာတော်] - ဘုန်းကြီးက ခန္ဓာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ၊
အေးမှန်းသိတဲ့ အခါမျိုးကျတော့ ပူမှုနှင့်သိမှတ်မှု၊ အေးမှုနှင့် သိမှတ်မှုတွေ ချုပ်သွားလိမ့်မယ်။ အဲဒါ မဂ်ခရီးရောက်ခြင်းကြောင့်
မဂ္ဂပစ္စယောလို့ခေါ်တယ်။
နု - မှန်လှပါ ဘုရား။
[ဆရာတော်] - ၎င်းမဂ်ခရီးကို သွားပါများ၍ သမာဓိအားကောင်းလာသော် ဖြစ်ခြင်း ချုပ်ခြင်းကိုသိသော ဉာဏ်အမြင်ရင့်သန်လာ
ခြင်းကြောင့် မရှိတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊ ရှိတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊ မရှိတာက ငါ့ခြေ, ငါ့လက်, ငါ့ခေါင်း၊ ရှိတာက စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် ပရမတ္ထတရားပဲ။
ကင်းတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကိုလည်း
ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာက သင်္ခတဓာတ်၊ ကင်းတာက အသင်္ခတဓာတ် မဟုတ်လား။
နု - ဟုတ်ပါ၏ ဘုရား။
[ဆရာတော်] - အဲဒါ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ၀ိဂတပစ္စယော၊ အ၀ိဂတပစ္စယောလို့ ခေါ်တယ်။
မှတ်ချက် - ဤနေရာမှစ၍ နိုင်ငံတော်ဝန်ကြီးချုပ်ဦနုနှင့်
စွန်းလွန်းဆရာတော်တို့ ၀ိပဿနာအကြောင်း၊ ၀ိနည်းအကြောင်း၊ အဘိဓမ္မာသဘောတရားများ ဆွေးနွေးခန်း ပြီးဆုံးပါပြီ။
ချမ်းသာပါစေ၊ ငြိမ်းအေးပါစေ၊ သံသရာဝဋ်ဆင်းရဲမှ
လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
ညီညီတင်
{{{ ၂၀၁၅ ခုနှစ်၊ မေလ၊ အတွဲ (၁၆) အမှတ်(၅) အပ္ပမာဒ
ဓမ္မရသမဂ္ဂဇင်း }}}
Dhamma Wizaya မှဓမ္မဒါနမျှဝေပါသည်။
No comments:
Post a Comment