#နေ့နေ့ညညကုသိုလ်ရစေနိုင်သောအလှူ
(၆)မျိုးပြ--"ဂါထာ+အနက်+ကဗျာများ"
အာရာမရောပါ ဝနရောပါ၊
ယေ ဇနာ သေတုကာရကာ။
ပပဉ္စ ဥပဒါနဉ္စ ယေ ဒဒန္တိ ဥပဿယံ၊
တေသံ ဒိဝါစ ရတ္တောစ သဒါ ပုညံ ပဝဍ္ဎတိ။
(သဂါထာ-ဝနရောပသုတ်-နှာ-၃၀)
ဘော ဒေဝပုတ္တ=သိလိုရေးနဲ့ မေးလျှောက်လာငြား
အို နတ်သားးး။
ယေ ဇနာ=ကြောင်းကျိုးမြော်မြင် သမ္ပဇဉ်နှင့်
ဉာဏ်ယှဉ်လေတောင်း အကြင်အမျိုးကောင်းသား
အမျိုးကောင်းသမီးပေါင်း သူတော်ကောင်းတို့သည်။
အာရာမရောပါ=လာလာသမျှ မွေ့လျော်ကြဖို့
စိမ်းမြညိုလွင် စိတ်ကြည်လင်ရန် #ဥယျာဉ်ပန်းခြံ
သစ်သီးခြံကို စီမံကျန စိုက်ပျိုး၍ လှူဒါန်းကြကုန်၏။
ဝနရောပါ=ခရီးသွားသူ များလူရှင်တို့ ကြည်ဖြူ
မထောင့် စိတ်နေဖြောင့်ဖို့ တအောင့်တလျား
နားနေဖို့လျှင် #တောသစ်ပင်ကို စီစဉ်တကျ
စိုက်ပျိုး၍ လှူဒါန်းကြကုန်၏။
သေတုကာရကာ=ရွှံ့ညွန်ရေဗွက် သွားလာခက်၌
စိတ်စက်ချမ်းသာ လွယ်ကူစွာ ကူးမြောက်ဖို့
#တံတားဆောက်၍လည်း လှူဒါန်းကြကုန်၏။
ယေ=မိမိ သူတစ်ပါး အများကောင်းကျိုး
သည်ပိုးလိုတောင်း အကြင်သူတော်ကောင်းတို့သည်။
ပပဉ္စ=လမ်းစုံ လမ်းမ လမ်းလေးခွ၌ အေးမြ
ကြည်လင် #ရေအိုးစင် ကို၎င်း။
ဥပါဒါနဉ္စ=သောက်သုံးချိုးရန် #ရေတွင်းရေကန်ကို၎င်း။
ဥပဿယံ=နေစရာ ထိုင်စရာ အိမ်ဂေဟာ ဇရပ်
တံဆောင်း သိမ်ကျောင်းစသော #အဆောက်အအုံ
ကို၎င်း။
ဒဒန္တိ=စေတနာ သုံးရပ် ပြတ်ကြီးပြတ်၍ လေးမြတ်
ကြည်ဖြူ ပေးလှူကြကုန်၏။
တေသံ=ထိုအမျိုးကောင်းသား အမျိုးကောင်းသမီး
အပေါင်း သူတော်ကောင်းတို့အား။
ဒိဝါစ= သူရိန်လင်းဖြာ နေ့အခါ၌၄င်း။
ရတ္တောစ=သူရိန်ကင်းပ ညဥ့်ကာလ၌၄င်း။
သဒါ=နေ့ရော ညဥ့်ပါ ဘယ်ခါမပြတ်။
ပုညံ=ကုသိုလ်ကောင်းမှု အစုစုသည်။
ပဝဍ္ဎတိ=တွေးမိလေတိုင်း ပီတိလှိုင်းဖြင့်
မဆိုင်းမသွေ တိုးပွား၍ နေရပေသတည်း။
(ဆောင်)ကဗျာ-
အာရာမ်-သစ်ပင် -ရေအိုးစင်-တစ်ခွင် တံတားပေ။
ရေကန်-ဆောက်ဦ-ဤခြောက်ဆူ အလှူမြတလှပေ။
နေ့ည မညိုး ကုသိုလ်တိုး အကျိုး ကြီးလှပေ။
သံယုတ်ဒေသနာ ရွှေကျမ်းစာ မိန့်မှာ ဟောခဲ့ပေ။
မဟာဓမ္မကထိကဗဟုဇနဟိတဓရ
ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ ဟောကြားသော
ဓမ္မဒေသနာအဖြာဖြာတရားစာအုပ်မှကူးယူ
ဖော်ပြ ဝေမျှ ပူဇော်ပါသည်။
အရှင်ကေသရ ပဲနွယ်ကုန်း
21/2/2018(ဗုဒ္ဓဟူးနေ့)"ကုသိုလ်။
No comments:
Post a Comment