Monday, September 25, 2017

မောင့်မှာ ရဟန်းဖြစ်သောကြောင့် ( အပိုင်း ၁ -၂-၃-၄)စဆုံး မေတ္တာရှင်(ရွှေပြည်သာ)

မောင့်မှာ ရဟန်းဖြစ်သောကြောင့် ( အပိုင်း ၁ -၂-၃-၄)စဆုံး
မေတ္တာရှင်(ရွှေပြည်သာ)
ပျိုမြစ်နုနယ် လှမျိုးသွယ်ကို
ချစ်လျှက်သာ  ခွဲရပါသည်
ကမ္မဝါထမ်း ရွှေစာကျမ်းနှင့်
မောင့်မှာရဟန်းဖြစ်သောကြောင့်  ။
=============
(((မမ ပဗ္ဗဇိတတ္တာ (မောင့်မှာ ရဟန်းဖြစ်သောကြောင့်)
   ♢♢♢♢
တရုဏံ သုခုမံ ကညံ,
အဘိရူပံ ပသာဒိကံ၊
ပေမန္တော ဝိပ္ပယောဂေါဝ,
ဉတ္တိစတုတ္ထကမ္မေန၊
အဟဥှိ ဥပသမ္ပန္နော,
တသ္မာ ပဗ္ဗဇိတတ္တာ မေ။
******
တတ္ထ ပသာဒိကန္တိ ပါသာဒိကံ၊ ဂါထာဝသေန ပသာဒိကန္တိ ဝုစ္စတိ။
                      
      (မေတ္တာရှင်၏စာရိတ္တသတ္တိစာအုပ်မှပါသော မောင့်မှာရဟန်းဖြစ်သောကြောင့်ကဗျာကို ပါဠိဘာသာပြန်ဆိုသည်)

                        သာသနာနှစ်(၇း၃း၂၅၆၁)
                             မြန်မာနှစ်(၇ံး၅း၁၃၇၉)
                          ခရစ်နှစ်(14း8း2017)
                           တက္ကသိုလ်စာသင်သား
                 သာသနာ့တက္ကသိုလ်၊ မန္တလေး။)))
============
   နာရီကိုလှမ်းကြည့်တော့ ည(၁၂)နာရီ ထိုးနေလေပြီ။ ဦးသုမနအဖို့ ယနေ့ညအိပ်လို့ရတော့ဟန်မတူ။ မဖြူဟူသော နာမည်လေးကို အထပ်ထပ်ရွတ်နေမိသည်။ ဒီလောက်လှတဲ့ မိန်းကလေးမျိုး လောကမှာ ရှိသေးပါလားဟူသော အတွေးနှင့်အတူ မျက်ခုံးမျက်လုံး လှလှ၊ နှာတံပေါ်ပေါ်၊ ပွင်ကာစ နှင်းဆီပွင့်လေးကဲ့သို့ စုစုဖူးဖူး နီရဲနေသည့် နှုတ်ခမ်းအလှပိုင်ရှင် မဖြူ၏ မျက်နှာလေးက ထင်ထင်ရှားရှားကြီး ပေါ်လာသည်။ 

   ကာယအလှမယ်ကဲ့သို့ အချိုးအဆစ် ပြေပြစ်လှသော သူမ၏ ကိုယ်ခန္ဓာအလှကိုလည်း ဦးသုမနတစ်ယောက် မေ့ပျောက်၍မရ။ တကယ်တော့ ဦးသုမနသည် ရည်ရွယ်ချက်ကြီးသော ရဟန်းတစ်ပါးသာဖြစ်၏။ စာချတန်းအောင်သည်နှင့် မဂ်ဖိုလ်ရသည်အထိ တရားအားထုတ်မည်။

   မိမိအတွက် စိတ်ချ ရသောအခါတွင်မှ တရားပြမည်။ တရားဟောမည်။ စာရေးမည်ဟူ၍ ပိုင်းဖြတ်ထားသည်။ ယခု ရဟန်းသုံးဝါ ရနေပြီ။ စာချတန်းလည်း အောင်ခါနီးနေပြီ။ ထိုအချိန်တွင်မှ မဖြူဆိုသော ဆယ်တန်းကျောင်းသူ မိန်းကလေးတစ်ယောက်ကို တွေ့ပြီး ရည်ရွယ်ချက်တွေ ဖျက်ပစ်ရမလို ဖြစ်နေသည်။

   မည်သည့်ယောက်ျား၊ မိန်းမ မဆို တစ်သက်တာတွင် တစ်ခါတော့ ချစ်စိတ်ပေါ် ပေါက်ကြသည်သာဖြစ်၏။ ဘဝါဘဝက ဖူးစာဖက်ဟု ဆိုရပေလိမ့်မည်။ ဗုဒ္ဓလက်ထက်က ခုနှစ်သမီးအရွယ် ကတည်းက သောတပန်တည်ခဲ့သော စူဠဝိသာခါအမည်ရှိ သူဌေးသမီးသည် အရွယ်ရောက်သောအခါ သားသတ်သမား မုဆိုးကြီးတစ်ယောက်နောက်သို့ မိမိဘာသာလိုက်သွားပြီး ဇနီးမယားအဖြစ် ပြုစုလုပ်ကျွေးနေခဲ့သည်။ 

   အင်္ဂလန်မှ မင်းသားတစ်ယောက်သည်လည်း ထီးနန်းကိုစွန့်ပြီး အမေရိကန်သူ မုဆိုးမတစ်ယောက်ကို ဇနီးမယားအဖြစ် ပေါင်းသင်းနေထိုင်သွားခဲ့သည်။ ဤကဲ့သို့ ဖိုနှင့်မတို့၏ အချစ်စိတ်ပေါ်ရခြင်း၏ အကြောင်းနှစ်ခုကို ဗုဒ္ဓက ဓမ္မပဒပါဠိတော်တွင် ဟောထားသည်မှာ -

   ပုဗ္ဗေဝ သန္နိဝါသေန၊ ပုစ္စုပန္နဟိတေန ဝါ။
   ဧဝံ တံဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

   အရင်ဘဝက အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ဘူးခြင်း၊ ပစ္စုပ္ပန်ဘဝ၌ တစ်ယောက်အကျိုးတစ်ယောက် ဆောင်ရွက်ခြင်း၊ ဤအကြောင်းနှစ်ပါးကြောင့် အချစ်ဆိုသော သဘာဝတရားသည် ပေါ်ပေါက်လာရသည်။ ကြာပန်းသည် ရေနှင့် ရွှံညွှန်နှစ်ခုကို အကြောင်းပြုပြီး ပေါ်ပေါက်သကဲ့သို့တည်းဟူ၍ ဖြစ်သည်။ ယခုလည်း ရှေးအတိတ်ဘဝက ဦးသုမနနှင့် မဖြူတို့သည် အတူတကွ နေထိုင်ဘူးသောအကြောင်းရှိ၍လော မဆိုတတ်။ ဦးသုမနကား အစွဲလမ်းကြီး စွဲလန်းနေပေပြီ။ ညက အိပ်မပျော်သော်လည်း မနက်ကား စောစောနိုးသည်သာဖြစ်၏။ အကြောင်းကား မဖြူတို့အိမ်ကို ဆွမ်းခံမြန်မြန် ကြွချင် နေသောကြောင့်တည်း။

   မဖြူနှင့် အတွေ့မီက ဆွမ်းခံမကြွမီ ပါဠိတော် နိဿယတစ်ခေါက် ပေါက်အောင်လှည့်သည်။ ပြီးမှ ရေချိုးပြီး ဆွမ်းခံထွက်လေ့ရှိသည်။ ယခုတော့ စာချဆရာတော်ပြောမှာ ကြောက်၍သာ စာလိုက်ရသည်၊ စိတ်က စာထဲမှာမရှိ။ မဖြူနှင့် တွေ့ပါစေ။ တွေ့လျှင် ဘယ်လိုစကားတွေပြောလိုက်မည် စသည်တို့ကို စိတ်ကူးရင်း စာဝါချိန်ပြီးသွားသည်။

   စာဝါပြီးသည်နှင့် ရေချိုးကာ သင်္ကန်းရုံပြီး ဆွမ်းခံစောစောထွက်လိုက်သည်။ ဆွမ်းမရချင်နေ မဖြူနှင့် တွေ့ရရင်ပြီးရောဟူသော စိတ်က ဘယ်ကဘယ်လို ပေါ်လာသည်ကို ဦးသုမနကိုယ်တိုင်မသိ၊ မဖြူတို့ အိမ်ရောက်ပါပြီ။ ရဟန်းတို့ ဝိနည်းစည်းကမ်းက မြို့ရွာထဲကြွလျှင် ရှေ့ကို လေးတောင်ခန့်သာ ကြည့်ရသည်။

   ဦးသုမနလည်း လေးတောင်ခန့်သာ ကြည့်ပါသည်။ မဖြူတို့ အိမ်မရောက်မီက လက်လေးတောင်သာ ရှေ့ကိုကြည့်ခဲ့သော်လည်း မဖြူတို့အိမ်ရှေ့ ရောက်သည်နှင့် ရိုးရိုးလေးတောင်မဟုတ်ဘဲ မန္တလေးတောင်၊ စစ်ကိုင်းတောင်၊ ရန်ကင်းတောင်၊ ပုပ္ပါတောင်တို့ ဖြစ်ကုန်တော့သည်။

   မဖြူဘယ်နားမှာ ရှိလေသနည်း ဟူသောအတွေးဖြင့် အိမ်ဝိုင်းအတွင်း အထက်အောက် အရပ်လေးမျက်နှာကို မျက်စိကစားပစ်လိုက်သည်။ အပေါ်ထပ် လာသာဆောင်ပေါ်မှ မဖြူကလည်း အောက်ထပ်သို့ လှမ်းအကြည့် ဦးသုမနအကြည့်ကလည်း အပေါ်သို့ရောက်အသွား လမ်းခုလတ်မှာ အကြည့်ခြင်းဆုံသွားကြသည်။

   နှစ်ဦးလုံး၏ နှုတ်ဖျားမှ လှပသော အပြုံးပန်းလေးတစ်ပွင့်စီ ပွင့်သွားကြသည်။ မဖြူရင်ထဲ ရှိန်းကနဲဖြစ်သွားသလို ဦးသုမနရင်ထဲတွင်လည်း သိမ့်ကနဲဖြစ်သွားသည်။ အလွန်အမင်းလိုချင်နေသာ အပြုံးပန်းတစ်ပွင့်ကို အလွယ်တကူရရှိလိုက်သောကြောင့် နှစ်သက်ချမ်းမြေ့မှု ပီတိဇောများက ဦးသုမနတစ်ကိုယ်လုံး ပြည့်ကျပ်လို့သွားသည်။

   အပေါ်ထပ်မှ အပျိုဖြန်းမလေး မဖြူမှာလည်း သူ့ရင်ဘတ်ကို လက်ဝါးနှစ်ဖက်နှင့် ခပ်ဖွဖွလေးအုပ်ထားရင်း ငါဘယ်လိုဖြစ်ပါလိမ့်။ ရင်တွေကလည်း ခုန်လိုက်တာ မနေ့ကမှ စတွေ့တဲ့ ကိုယ်တော်တစ်ပါးကို ငါဘာဖြစ်လို့ တအားခင်သွားပါလိမ့်။ ငါဟာ ယောက်ျားလေးတွေကို မခင်တတ်ပါဘူးဟူသော အတွေးနှင့်အတူ အောင်ထပ်သို့ ဖြေးဖြေးခြင်းဆင်းလာမိသည်။

   လှေခါးအောက်ထစ်ဆုံး ရောက်သောအခါ အိမ်ရှေ့ဧည့်ခန်းထဲသို့ ခပ်စောင်းစောင်း လှမ်းကြည့်လိုက်သည်။ ဘဲဥပုံကျသော မျက်နှာနှင့် ဝါဝင်းသောအသားအရေတို့ကို နီညိုရောင်သင်္ကန်းလေးဖြင့် ပုံဖော်ထားသည်မှာ မြင်ရသူအားလုံးအတွက် ကြည်ညိုတတ်စရာပင်ဖြစ်၏။ ထူထဲသောမျက်ခုံး၊ ပေါ်လွင်သောနှာတံ၊ ပိပိယိယိ နှုတ်ခမ်းအစုံပိုင်ရှင် ဦးသုမန၏ နုနယ်ပျိုမြစ်သောအလှကို မဖြူတစ်ယောက် တမေ့တမောကြည့်နေမိသည်။

   အို - ကိုယ်တော်တစ်ပါးအပေါ်မှာ ငါဒီလိုစိတ်တွေ မပေါ်သင့်ဘူးဟု ကိုယ့်ကိုယ်ကို ဆုံးမကာ သူမအိပ်ခန်းထဲသို့ ကမန်းကတန်းဝင်သွားမိသည်။ ရှက်စိတ်ကြောင့် ဆွမ်းပင် ထွက်မလောင်းရဲတော့။ မေမေ လောင်းလိမ့်မယ်ဟူသော အတွေးနှင့်အတူ အပြင်ဘက်က အသံများကို နားစွင့်နေမိသည်။

   ဟော - အပြင်ဘက်က မေ့မေ့အသံနှင့် ကိုယ်တော်၏ အသံကို ကြားနေရပြီ။

   “သြော် .. မဖြူက ဆွမ်းလောင်းပါဆိုတာ ဘယ်ထွက်သွား ပြန်တယ်မသိဘူး။ အရှင်ဘုရား ရောက်နေတာ အတော်ကြာပြီးလား ဘုရား”

   “မကြာသေးပါဘူး၊ ဒါယိကာမကြီး”

   “အရှင်ဘုရား၊ မနေ့ကမှ ဆွမ်းခံအိမ် လာဖိတ်ထားတာ မဟုတ်လား”

   “ဟုတ်ပါတယ်၊ ဒါယိကာမကြီး”

   “အရှင်ဘုရား၊ ဇာတိကကော”

   “မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ကပါ”

   “အရှင်ဘုရားက မန္တလေးသားပဲ၊ အခု ရန်ကုန်မှာ စာလိုက်ရတာ အဆင်ပြေရဲ့လားဘုရား၊ လိုတာရှိရင် ပြောပါဘုရား၊ တပည့်တော်တို့ တတ်နိုင်သလောက် လှူပါမယ်”

   “အဆင်ပြေပါတယ် ဒါယိကာမကြီး၊ လိုတာရှိရင် ပြောပါမယ်”

   ဒေါ်ခင်ဝင်းက ဆွမ်းလောင်းသပိတ်ကပ်ပြီး ဦးချရင်းဖြင့် 

   “အရှင်ဘုရား ရဟန်းခံပြီးပြီလား”

   “ပြီးပြီ ဒါယိကာမကြီး၊ အခု ရဟန်းသုံးဝါ ရနေပြီ”

   “အင်း … ထင်တော့ထင်သား၊ သေချာအောင် မေးကြည့်လိုက်တာ၊ ဒါဆိုရင်လဲ ဦးပဉ္ဇင်းလို့ပဲ ခေါ်ရတော့မှာပေါ့။ ဦးပဉ္ဇင်း မျက်နှာက နုနုငယ်ငယ်လေးဆိုတော့ မသိရင် ကိုရင်လေးလို့ ထင်စရာပဲ”

   အပြင်ဘက်က စကားသံဆုံးသည်နှင့် အိပ်ခန်းထဲမှ မဖြူတစ်ယောက် သူလိုရာဆွဲတွေးနေမိပြန်သည်။ 

   “သုံးဝါဆိုတော့ (၂၃)နှစ်ပေါ့။ ဒါဆိုရင် ငါ့ထက် ငါးနှစ်လောက်ကြီးတယ်။ ယောက်ျားနဲ့မိန်းမ ယောက်ျားက အသက်ကြီးတာ ကောင်းပါတယ်။ ဒါမှ ငါကသူ့အပေါ် နွဲ့ဆိုးဆိုးလို့ရမှာ၊ ဟင် မဟုတ်သေးပါဘူး။ ငါ ဘာတွေလျှောက်တွေးနေပါလိမ့်၊ ငရဲတော့ ကြီးတော့မယ်ထင်ပါတယ်” ဟု ကိုယ့်ကိုယ်ကို မနဲကြီး ဆုံးမလိုက်ရလေသည်။

   အခန်း (၂)

   မနက်ခင်း မဖြူထံမှ ရခဲ့သည့် အပြုံးပန်းပွင့်လေးသည် ဦးသုမနအတွက် ဘယ်သောအခါမှ နွမ်းယိသွားမည်မဟုတ်။ အမြဲတမ်း လန်းဆန်းနေမည်သာ ဖြစ်သည်။ ယခုလည်း ညသန်းခေါင်ရောက်သည်အထိ ထိုအပြုံးပန်းပွင်းလေးကို အထပ်ထပ်အခါခါ နမ်းရှုပ်နေမိသည်။

   မိုးမြန်မြန်လင်းပါစေတော့ဟုသာ ဆုတောင်းမိသည်။ ဆွမ်းခံကြွမှသာလျှင် မဖြူနှင့် တွေ့နိုင်သည်မဟုတ်ပါလား။ အချစ် ဒီဂရီတွေ ဘယ်လောက်ပင် မြင့်တက်ပါစေ။ ရဟန်းတစ်ပါးအနေနှင့် ဆွမ်းခံချိန်မှတစ်ပါး ရပ်ကွက်ထဲသို့ မသွားသင့်ဟူသော ကန့်သတ်ချက်ကိုကား ဦးသုမန လိုက်နာပေသည်။

   အရင်က ဆွမ်းခံကြွခါနီးလျှင် မေတ္တာသုတ်ပရိတ် သုံးခေါက်ရွတ်သည်။ ယခု မရွတ်နိုင်တော့။ မဖြူ၊ မဖြူဟူသော အမည်လေးကိုသာ အထပ်ထပ်အခါခါ ရွတ်နေမိသည်။ မျက်လွှာချသွားခြင်းဖြစ်သဖြင့် လမ်းတစ်လျှောက်လုံး မြေကြီးကိုသာ မြင်သွားရပေမည်။

   ဤကား သာမန်လူသားများအတွက်ဖြစ်၏။ အချစ်နယ်ဖမ်းစားခြင်းခံနေရသော ဦးသုမန၏ မျက်စေ့ထဲတွင်ကား လမ်းမြေပြင်တစ်လျှောက် မဖြူ၏ လှပသော မျက်နှာလေးကိုသာ မြင်နေသည်။ 

   မဖြူတို့အိမ်ရှေ့ အရောက်တွင်ကား ဦးသုမနအတွက် အချိုရှာ သကာတွေ့လေပြီ။ အိမ်ရှေ့တွင် မဖြူတစ်ယောက် ပဲပြုတ်ဝယ်နေသည်ကို တွေ့လိုက်ရသည်။ ကျောင်းစိမ်းဝတ်စုံလေးက သူမ၏ ရှိပြီးသားအလှကို အရောင်တင်ပေးသကဲ့သို့ ရှိသည်။ ဦးသုမနအိမ်ထဲသို့ တန်းမဝင်နိုင်သေးဘဲ တစ်ရှိုက်မတ်မတ် ရပ်ကြည့်နေမိသည်။

   မဖြူက ဦးသုမနကို မြင်သော်လည်း ချက်ခြင်းပြန်ကြည့်ရဲသည်အထိ သတ္တိမရှိ။ ထို့ကြောင့် မမြင်ဟန်ပြုကာ ပဲပြုတ်ကိုသာ ပြီးအောင်ဝယ်နေလိုက်သည်။ ထုံးစံအတိုင်း ဦးသုမနကို မြင်လိုက်သည်နှင့် ရင်တွေခုန်လာပြီး ဣနြေ္ဒရှင်မိန်းကလေးမို့ ပြန်ကြည့်ချင်စိတ်ကို မျိုသိပ်နေခြင်းသာ။

   ကုလားထိုင်မှာ ထိုင်ပြီးသည်နှင့် မဖြူကို စတွေ့ကတည်းက သူမမျက်နှာမှာ အမြဲတပ်ထားသော မျက်မှန်လေးကြောင့် မျက်စိအားနည်း လို့ထင်တယ်ဟူသော အတွေးဖြင့် သနားစိတ်လေးတစ်ခုပါ ပိုနေမိသည်။ သေချာသိအောင်လည်း မေးကြည့်ချင်သည်။ 

   ချောမောလှပပြီး ဣနြေ္ဒရှိသော မိန်းကလေးတစ်ယောက်ကို ခင်မင်ဖို့မဆိုထားနှင့် စကားပြောဖို့ပင် သိပ်မလွယ်ပေ။ ထို့ကြောင့်လည်း မဖြူနှင့် စကားပြောဖို့ရန် အခွင့်အလမ်းကို ဦးသုမနစဉ်းစားနေသည်။ ယောက်ျားမာယာက မိန်းမထက်သာသည်မို့ အကြံကောင်း ဉာဏ်ကောင်းက ချက်ခြင်းပေါ်လာသည်။ ထို့ကြောင့်လည်း ပဲပြုတ်ဝယ်ပြီး ဝင်လာမည့်မဖြူကို သေချာစောင့်ကြည့်နေမိသည်။ ဟော … မဖြူဝင်လာပြီ၊ ဦးသုမနအချိန်ဆွဲမနေတော့၊ 

   “မဖြူ … ဦးပဉ္ဇင်း ရေတစ်ခွက်လောက် သောက်ချင်တယ်”

   “တပည့်တော် ခပ်ပေးပါ့မယ်ဘုရား”

   မဖြူက ပဲပြုတ်ပန်းကန်လေးကို နောက်ဖေးကို အမြန်သွားပို့ကာ သောက်ရေကို ဖန်ခွက်ဖြူဖြူလေးထဲထည့်ပြီး အောက်ခံပန်းကန်ပြားပေါ် တင်လာကာ ဦးသုမနကို ကပ်လိုက်သည်။ ရှက်ရွံ့တတ်သော မိန်းကလေးပီပီ ဦးသုမနကို မကြည့်ရဲ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။

   သနပ်ခါးရေကျဲ ပါးပါးအောက်မှာ ဖြူဝင်းစိုနေသော နဖူး၊ နှာတံနှင့် ပါးမို့မို့လေးများ အကြောစိမ်းလေးများ မြင်နေရသည့် လည်တိုင်လေးများကို အနီးကပ်မြင်လိုက်ရသောအခါ ဦးသုမနသည် ပြောရမည့်စကားကိုပင် မေ့ပျောက်သွားကာ တဒင်္ဂမှင်သက်မိသွားသည်။ ရေကိုလည်း မသောက်မိသေး။

   အတန်ကြာတော့ ဦးသုမန ရေသောက်ပြီးလောက်ပြီ အထင်နှင့် မဖြူက ဖန်ခွက်ကိုယူရန် မော့ကြည့်လိုက်ရာ သူမကိုစိုက်ကြည့်နေသော ဦးသုမနနှင့် မျက်လုံးချင်းဆုံသွားကြ၏။ မဖြူမျက်နှာတွင် ပန်းရောင်ပြေးသွားကာ “အို” ဟူသော မပွင့်တပွင့်အသံလေးနှင့် အတူ အောက်ကို ကမန်းကတန်း ပြန်ငုံသွားသည်။

   ထိုအခါကျမှ ဦးသုမနမှာလည်း ဥပုသ်သည်ပိုး သူခိုးလူမိ ဖြစ်သွားကာ အားနာပါးနာနှင့် မျက်လွှာကို ကမန်းကတန်း အောက်ချလိုက်ရသည်။ ဦးသုမနမှာလည်း ရှက်သွားသဖြင့် ဖန်ခွက်ကိုကိုင်ကာ ဘာမှမပြောနိုင်ဖြစ်သွားသည်။ မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့မရသလို ရဟန်းတို့ဣနြေ္ဒသည်လည်း စိန်ပေးလို့မရပေ။ ဣနြေ္ဒရှင် နှစ်ဦးတို့ ချစ်ခင်ရင်းနှီးမှု ရဖို့ကား ခက်လှဘိကောင်း။

   မိမိတို့အလှကို နှစ်သက်သောသူကို သဘောမကျသော မိန်းကလေးဟူ၍ မရှိပေ။ ထို့ကြောင့်လည်း မဖြူက ပြုံးပြုံးလေးဖြင့် မော့ကြည့်ကာ -

   “ဦးပဉ္ဇင်း ရေဘုဉ်းပေးလေ” ဟု သတိပေးလိုက်သောအခါ ဦးသုမနမှာ အယောင်ယောင်အမှားမှားဖြင့်

   “မဘုဉ်းပေးချင်ပါဘူး” ဟု ဖြေလိုက်၏။ ထိုအခါ မဖြူက အံ့သြသော မျက်နှာလေးဖြင့် 

   “ဟင် … တပည့်တော်ကိုတော့ ရေခပ်ခိုင်းပြီး” ဟုလျှောက်လိုက်သောအခါတွင်မှာ ဦးသုမနမှာ သူ့စကားမှားသွားမှန်း သတိရသွားသဖြင့် -

   “အဲ … အဲ … ဟုတ်ပါဘူး၊ ဘုဉ်းပေးမှာပေါ့” ဟု ပြင်ပြောပြီး ရေကို မော့သောက်လိုက်လေသည်။ ပြီးလျှင် နှစ်ယောက်သား တိုးညှင်းစွာရယ်မိကြသည်။ လွတ်လပ်စွာ ရယ်မောခြင်းသည် လူစိမ်းနှစ်ယောက် ခင်မင်လွယ်သော အကောင်းဆုံး နည်းလမ်းတစ်ခုပင်ဖြစ်၏။ ဦးသုမနက စမေးရသည်။

   “မဖြူ ဘယ်အတန်းဖြေမှာလည်း”

   “ဆယ်တန်းပါဘုရား”

   “မျက်လုံးအားနည်းတယ်ထင်တယ်၊ ကြာပြီလား”

   “နှစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်ဘုရား”

   “ဦးပဉ္ဇင်းဆီမှာ မျက်လုံးအားပြန်ကောင်းပြီး မျက်မှန်လွတ်တဲ့ နည်းကောင်းတစ်ခုရှိတယ်။ သူ့နည်းက တစ်သက်လုံး ကျင့်သွားရမှာ ကြာလေကောင်းလေပဲ။ မဖြူကျင့်ကြည့်မလား”

   “မျက်လုံးသာ အားကောင်းလာမယ်ဆိုရင် ဘယ်လို လေ့ကျင့်ရ လေ့ကျင့်ရပါ ပြောပြပါဘုရား”

   “ဦးပဉ္ဇင်းရဲ့ ကိုယ်တွေနည်းပါ။ ဦးပဉ္ဇင်းကိုယ်တိုင် အသက် (၁၉)နှစ်လောက်က မဖြူလိုပဲ မျက်လုံးအားနည်းလာတယ်။ စာကြည့်တာနဲ့ ဇတ်ကြောတွေက တအားတတ်ပြီး မျက်ရည်တွေကျလာတယ်။ မျက်စိ ဆရာဝန်နဲ့ ပြကြည့်တော့ ဒီဂရီ မျက်မှန်တပ်ရမယ်လို့ ပြောတော့တာပဲ”

   “ဦးပဉ္ဇင်းက စာပေသမားဆိုတော့ မျက်မှန်လွတ်ကျင့်နည်း ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဝယ်လိုက်တယ်။ နောက်မန္တလေးမြို့က ကျမ်းပြုစာချအကျော် ဆရာတော် ဦးကောဝိဒါဘိဝံသ သက်တော် (၇၀)ကျော်မှ မျက်မှန်လွတ်သွားတဲ့ ကျင့်စဉ်အကြောင်းကိုလည်း ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတယ်”

   “တစ်ခါ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ သွားကိုက်ပျောက် ကျင့်စဉ်တစ်ခုကိုလည်း ရလိုက်ပြန်တယ်။ ဒီသုံးနည်းကို ပေါင်းစပ်ပြီး နည်းသစ်တစ်ခုကို သဘာဝကျအောင် ပေါင်းစပ်ပြီး ကျင့်လိုက်တာ အခုဆိုရင် ဦးပဉ္ဇင်းစာ ဘယ်လောက်ကြည့်ကြည့် ဇတ်ကြောမတက်တော့ဘူး။ မျက်ရည်ပူလည်း မကျတော့ဘူး။ မျက်မှန်လည်း မတပ်ရတော့ဘူးပေါ့”

   “တပည့်တော် အတော်စိတ်ဝင်စား သွားပြီဘုရား၊ ပြောပါ တပည့်တော်လည်း စွဲစွဲမြဲမြဲလေ့ကျင့်ပါ့မယ်”

   “ပထမဆုံး အိပ်ယာက နိုးပြီးပြီးချင်း မျက်နှာကို အရင်မသစ်ရဘူး၊ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက် လောင်းပေးရတယ်။ ဒါက တစ်ကိုယ်လုံးမှာ ပြန့်နှံနေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ”

   “အိပ်ယာက ထလာတာနဲ့ အပူတွေက တစ်ကိုယ်လုံးမှာ နှံနေတာပါ။ ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကို အရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေအကုန်ပြေးလာကြပါတယ်။ ဒါ့ကြောင့် မျက်စိကို တစ်ကိုယ်လုံးကရှိတဲ့ အပူခိုး၊ အပူငွေ့တွေက လာရိုက်တော့တာပေါ့”

   “သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ။ မျက်စိနှစ်လုံးစလုံး ရဲနေတာ တွေ့ရလိမ့်တယ်။ အဲဒီလို အပူခိုးတွေ ရိုက်ပါများလာတဲ့အခါ ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပဲပေါ့”

   “ဒါ့ကြောင့် အပူခိုးတွေ မျက်စိမသွားဘဲ အောက်ရောက်သွားအောင် ခြေထောက်ကိုအရင် ရေလောင်းရတာပေါ့။ ဒူးကနေ ရေလောင်းပြီးတဲ့အခါမှာလည်း ချက်ခြင်းမျက်နှာ မသစ်ရသေးဘူး။ ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေထွက်သွားအောင် မတ်တပ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက် အောက်ချလိုက်နဲ့ အနည်းဆုံး အကြိမ်နှစ်ဆယ်လောက် လုပ်ပေးရမယ်”

   “အဲဒါပြီးတဲ့အခါ တက်နေတဲ့ ဇတ်ကြောတွေ လျှော့ကျသွားအောင် ခေါင်းကို နောက်ကျောဘက် ရောက်နိုင်သလောက် လှန်ချရမယ်။ ရှေ့ကိုလည်း ရသလောက်ငုံ့ရမယ်။ ဒါကလည်း အကြိမ် နှစ်ဆယ်လောက်ပေါ့။ ပြီးရင် ခေါင်းကို ဘယ်ညာအခါ နှစ်ဆယ်လောက် လှည့်ပေးရမယ်။ ဒီလေ့ကျင့်ခန်း သုံးခုပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပုခိုးတွေ ခြေထောက်ကတစ်ဆင့်ထွက်နေတာ ကုန်သွားပါပြီ”

   “သေချာသိချင်ရင် ခြေထောက်ကို စမ်းကြည့်လိုက်ပေါ့။ ရေတစ်စက်မှ မရှိတော့ဘဲ ခြောက်နေတာတွေရလိမ့်မယ်။ အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ်။ သွားမတိုက်ရသေးဘူး။ ပါးစပ်ကို ပိတ်ထားရမယ်။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေတော့”

   “ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့။ အဲဒီကျတော့မှ သွားတိုက်ရမယ်။ သွားတိုက်ရင်းနဲ့ သွားကြို သွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ မျက်နှာက မွှေးညှင်းပေါက်များမှ တစ်ဆင့် ထွက်ကုန်တာပေါ့။ ဒီနည်းက အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါကို ကြိုတင် ကာကွယ်တဲ့နည်းပါ။ မဟာစည်ဆရာတော်ဘုရားကြီး ညွှန်ပြတာပေါ့။”

   “ဘာမှ ခဲယဉ်းတာ မပါပါဘူး၊ ဘုရားတပည့်တော် လေ့ကျင့်ပါ့မယ်”

   “နောက် … အစားအစာနဲ့ ပတ်သက်ရင်တော့ အရည်ရွှမ်းတဲ့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေကို ဦးစားပေးပြီး စားရမယ်။ နောက်ပြီး အစားအစာကို စားတဲ့အခါမှာလည်း အာဟာရဖြစ်တဲ့ ကြေလွယ်တဲ့အစာကို ဦးစားပေးပြီးစားရမယ်”

   ထိုအချိန်မှာပင် ဒေါ်ခင်ဝင်းလည်း အနားသို့ရောက်လာပြီး ဦးသုမနကို ဦးချလိုက်ကာ

   “ဟော … မဖြူက ဦးပဉ္ဇင်းကို ဆွမ်းမလောင်းပဲ ဘာတွေမေးနေတယ်မသိဘူး” ဟု ပြောလိုက်ရာ မဖြူက

   “ဦးပဉ္ဇင်းက မျက်မှန်လွတ် မျက်စိအားကောင်းတဲ့ နည်းတွေ ပြောပြနေတာ မေမေရဲ့ သိပ်စိတ်ဝင်စားစရာကောင်းတာပဲ” ဟု ပြောလိုက်ပြီး ဦးသုမနကို ကျေးဇူးတင်သောမျက်လုံးလေးများနှင့် ကြည့်နေသည်။ ဒေါ်ခင်ဝင်းက 

   “ဆုံးမပါဘုရား၊ ဦးပဉ္ဇင်း တပည့်မက ညဆို မီးနဲ့စာ အရမ်းကြည့်၊ အရမ်းရေးတာ၊ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်နေရတာ” ဟု ပြောလိုက်သဖြင့် ဦးသုမနက 

   “ဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ်။ ညဘက်တော့ နည်းနည်းပဲကြည့်ပေါ့။ ပျံလွန်တော်မူသွားပြီဖြစ်တဲ့၊ စစ်ကိုင်း ရွှေဟင်္သာတောရ ဆရာတော်ဘုရားကြီးဆိုရင် အသက်တစ်ရာကျော်တဲ့ အထိ စာကြည့်နိုင်သေးတယ်။ ၁၀၂ နှစ်ကျမှ ပျံတော်မူတာ။ အဲဒါ ညဘက်မီးနဲ့ စာမကြည့်လို့တဲ့ ဆရာတော်ကြီးက အမိန့်ရှိတယ်”

   သူ့အတွက် အချိန်တော်တော်ကုန်သွားသည်ကို သတိထား မိသွားသော မိဖြူက

   “ဦးပဉ္ဇင်း ဆွမ်းခံနောက်ကျနေဦးမယ်ဘုရား” ဟု လျှောက်လိုက်မှ ဦးသုမန ရှေ့ဆက်ကြွဖို့ သတိရတော့သည်။မောင့်မှာ ရဟန်းဖြစ်သောကြောင့်
=======================
အခန်း (၂)

မနက်ခင်းက မဖြူထံမှရခဲ့သည့် အပြုံးပန်းပွင့်လေးသည် ဦးသုမနအတွက် ဘယ်သောအခါမှ နွမ်းရိသွားမည်မဟုတ်။ အမြဲတမ်း လန်းဆန်းနေမည်သာ ဖြစ်သည်။ ယခုလည်း ညသန်ခေါင် ရောက်သည်အထိ ထိုအပြုံးပန်းပွင့်လေးကို အထပ်ထပ်အခါခါ နမ်းရူပ်နေမိသည်။
မိုးမြန်မြန်လင်းပါစေဟုသာ ဆုတောင်းနေမိသည်။ ဆွမ်းခံကြွမှသာလျှင် မဖြူနှင့် တွေ့နိုင်သည် မဟုတ်ပါလား။ အချစ်စိတ် ဒီဂရီတွေ ဘယ်လောက်ပင် မြင့်တက်ပါစေ၊ ရဟန်းတစ်ပါးအနေနှင့် ဆွမ်းခံချိန်မှတစ်ပါး ရပ်ကွက်ထဲ မသွားသင့်ဟူသော ကန့်သတ်ချက်ကိုကား ဦးသုမန လိုက်နာပေသည်။ 
အရင်က ဆွမ်းခံကြွခါနီးလျှင် မေတ္တသုတ်ပရိတ် သုံးခေါက်ရွတ်သည်။ ယခုမရွတ်နိုင်တော့။ မဖြူ၊ မဖြူဟူသော အမည်လေးကိုသာ အထပ်ထပ်အခါခါ ရွတ်နေမိသည်။ မျက်လွှာချသွားခြင်း ဖြစ်သဖြင့် လမ်းတစ်လျှောက်လုံး မြေကြီးကိုသာ မြင်သွားရပေမည်။ ဤကား သာမာန်လူများအတွက် ဖြစ်၏။ အချစ်နတ် ဖမ်းစားခြင်း ခံနေရသော ဦးသုမန၏ မျက်စေ့ထဲတွင်ကား လမ်းမြေပြင်တစ်လျှောက် မဖြူ၏ လှပသော မျက်နှာလေးကိုသာ မြင်နေရသည်။
မဖြူတို့ အိမ်ရှေ့ အရောက်တွင်ကား ဦးသုမနအတွက် အချိုရှာ သကာတွေ့လေပြီ။ အိမ်ရှေ့တွင် မဖြူတစ်ယောက် ပဲပြုတ်ဝယ်နေသည်ကို တွေ့လိုက်ရသည်။ ကျောင်းစိမ်းဝတ်စုံလေးက သူမ၏ ရှိပြီးသားအလှကို အရောင်တင်ပေးသကဲ့သို့ရှိသည်။ ဦးသုမနအိမ်ထဲသို့ တန်းမ၀င်နိုင်သေးဘဲ တစ်ရိုက်မက်မက် ရပ်ကြည့်နေမိသည်။
မဖြူက ဦးသုမနကို မြင်သော်လည်း ချက်ခြင်းပြန်ကြည့်ရဲသည်အထိ သတ္တိမရှိ၊ ထို့ကြောင့် မမြင်ဟန်ပြုကာ ပဲပြုတ်ကိုသာ ပြီးအောင်ဝယ်နေလိုက်သည်။ ထုံးစံအတိုင်း ဦးသုမနကို မြင်လိုက်သည်နှင့် ရင်တွေကခုန်လာပြီ က္ကုနြေ္ဒရှင်မိန်းကလေးမို့ ပြန်ကြည့်ချင်စိတ်ကို မျိုသိပ်နေခြင်းသာ။
ကုလားထိုင်မှာထိုင်ပြီးသည်နှင့် မဖြူကို စတွေ့ကတည်းက သူမ မျက်နှာမှာ အမြဲတပ်ထားသော မျက်မှန်လေးကြောင့် မျက်စိအားနည်းလို့ထင်တယ် ဟူသောအတွေးဖြင့် သနားစိတ်လေးတစ်ခုပါ ပိုနေမိသည်။ သေချာသိအောင်လည်း မေးကြည့်ချင်သည်။
ချောမောလှပပြီး ဣနြေ္ဒရှိသော မိန်းကလေးတစ်ယောက်ကို ခင်မင်ဖို့မဆိုထားနှင့် စကားပြောဖို့ပင် သိပ်မလွယ်ပေ။ ထို့ကြောင့်လည်း မဖြူနှင့် စကားပြောဖို့ရန် အခွင့်အလမ်းကို ဦိးသုမနစဉ်းစားနေသည်။ ယောက်ျားမာယာက မိန်းမထက်သာသည်မို့ အကြံကောင်း ဥာဏ်ကောင်းက ချက်ခြင်းပေါ်လာသည်။ ထို့ကြောင့်လည်း ပဲပြုတ်ဝယ်ပြီး ပြန်လာမည့် မဖြူကို သေချာ စောင့်ကြည့်နေမိသည်။ မဖြူဝင်လာပြီ - - - ဦးသုမန အချိန်ဆွဲမနေတော့။
“မဖြူ.....ဦးပဉ္စင်း ရေတစ်ခွက်လောက် သောက်ချင်တယ်”
“တပည့်တော် ခပ်ပေးပါ့မယ် ဘုရား”
မဖြူက ပဲပြုတ်ပန်ကန်လေးကို နောက်ဖေးကို အမြန်သွားပို့ကာ သောက်ရေကို ဖန်ခွက်ဖြူဖြူလေးထဲထည့်ပြီး အောက်ခံ ပန်ကန်ပြားပေါ်တင်လာကာ ဦးသုမနကို ကပ်လိုက်သည်။ ရှက်ရွံ့တတ်သော မိန်းကလေးပီပီ ဦးသုမနကို မကြည့်ရဲ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။
သနပ်ခါးရေကျဲပါးပါးလေးအောက်မှ ဖြူဝင်းစိုနေသောနဖူး၊ နှာတံနှင့် ပါးမို့မို့လေးများ၊ အကြောစိမ်းလေးများ မြင်နေရသည့် လည်တိုင်လေးများကို အနီးကပ် မြင်လိုက်ရသောအခါ ဦးသုမနသည် ပြောရမည့်စကားတို့ပင် မေ့ပျောက်သွားမတတ် တဒင်္ဂမှင်သက်သွားမိသည်။ ရေကိုလည်း မသောက်မိသေး။
အတန်ကြာတော့ ဦးသုမန ရေသောက်ပြီးလောက်ပြီအထင်နှင့် မဖြူက ဖန်ခွက်ကိုယူရန် မော့ကြည့်လိုက်ရာ သူမကို စိုက်ကြည့်နေသော ဦးသုမနနှင့် မျက်လုံးချင်း ဆုံသွားကြ၏။ အဖြူမျက်နှာတွင် ပန်းရောင်ပြေးသွားကာ “အို” ဟူသော မပွင့်တပွင့် အသံလေးနှင့်အတူ အောက်ကို ကမန်းကတန်း ပြန်ငုံ့သွားသည်။

ထိုအခါကျမှာ ဦးသုမနမှာလည်း ဥပုသ်သည်ပိုး သူခိုးလူမိ ဖြစ်သွားကာ အားနာပါးနာနှင့် မျက်လွှာကို ကမန်းကတန်း အောက်ချလိုက်ရသည်။ ဦးသူမနမှာလည်း ရှက်သွားသဖြင့် ဖန်ခွက်ကိုကိုင်ကာ ဘာမှ မပြောနိုင်ဖြစ်သွားသည်။ မိန်မတို့က္ကုနြေ္ဒ ရွှေပေးလို့ မရသလို ရဟန်းတို့ က္ကုနြေ္ဒသည်လည်း စိန်ပေးလို့မရပေ။ ဣနြေ္ဒရှင် နှစ်ဦးတို့ ချစ်ခင်ရင်းနှီးမှုရဖိုက ခက်လှဘိတောင်း။
မိမိတို့အလှကို နှစ်သက်သောသူကို သဘောမကျသော မိန်းကလေးဟူ၍ မရှိပေ။ ထို့ကြောင့်လည်း မဖြူက ပြုံးပြုံးလေဖြင့် မော့ကြည့်ကာ
“ဦးပဉ္စင်း ရေဘုဉ်းပေးလေ“
ဟု သတိပေးလိုက်သောအခါ ဦးသုမနမှာ အယောင်ယောင် အမှားအမှားဖြင့်
“မဘုန်းပေးချင်ပါဘူး”
ဟုဖြေလိုက်၏။ ထိုအခါ မဖြူက အံ့သြသော မျက်နှာလေးဖြင့်
“ဟင်...တပည့်တော်ကိုတော့ ရေခပ်ခိုင်းပြီး“
ဟု လျှောက်လိုက်သောအခါ ဦးသုမနမှာ သူ့စကား မှားသွားမှန်း သတိရသွားသဖြင့်
“အဲ.....အဲ.......ဟုတ်ပါဘူး၊ ဘုဉ်းပေးမှာပေါ့”
ဟု ပြင်ပြောပြီး ရေကို မော့သောက်လိုက်လေသည်။ ပြီးလျှင် နှစ်ယောက်သား တိုးညှင်းစွာ ရယ်မိကြသည်။ လွတ်လပ်စွာရယ်မောခြင်းသည် လူစိမ်းနှစ်ယောက် ခင်မင်လွယ်သော အကောင်းဆုံး နည်းလမ်းတစ်ခုပင် ဖြစ်၏။ ဦးသုမနက စမေးရသည်။

“မဖြူ  ဘယ်အတန်းဖြေမှာလည်း”
“ဆယ်တန်းပါဘုရား”
“မျက်လုံးအားနည်းတယ်ထင်တယ်၊ ကြာပြီလား”
“နှစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်ဘုရား”
“ဦးပဉ္စင်းဆီမှာ မျက်လုံးအားပြန်ကောင်းပြီး မျက်မှန်လွတ်တဲ့ နည်းကောင်းတစ်ခုရှိတယ်။ သူကနည်းက တစ်သက်လုံး ကျင့်သွား၇မှာ ကြာလေကောင်းလေပဲ၊ မဖြူကျင့်ကြည့်မလား”
“မျက်လုံးသာ အားကောင်းလာမယ်ဆိုရင် ဘယ်လိုလေ့ကျင့်ရ လေ့ကျင့်ရပါ ပြောပြပါဘုရား”
“ဦးပဉ္စင်း ရဲ့ ကိုယ်တွေ့နည်းပါ၊ ဦးပဉ္စင်းကိုယ်တိုင် အသက်(၁၉)နှစ်လောက်က မဖြူလိုပဲ မျက်လုံးအားနည်းလာတယ်၊ စာကြည့်တာနဲ့ ဇက်ကြောတွေ တအားတက်ပြီး မျက်ရည်တွေကျလာတယ်။ မျက်စိ ဆရာဝန်နဲ့ ပြကြည့်တော့ ဒီဂရီမျက်မှန်တပ်ရမယ်လို့ ပြောတော့တာပဲ”
“ဦပဉ္စင်းက စာပေသမားဆိုတော့ မျက်မှန်လွတ်ကျင့်နည်းဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဝယ်လိုက်တယ်။ နောက်မန္တလေးမြို့က ကျမ်းပြုစာချအကျော် ဆရာတော် ဦးကောဝိဒါဘိဝံသ သက်တော်(၇၀)ကျော်မှ မျက်မှန်လွတ်သွားတဲ့ ကျင့်စဉ် အကြောင်းကိုလည်း ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတယ်”
တစ်ခါမဟာစည်ဆရာတော် ဘုရားကြီးရဲ့ သွားကိုက်ပျောက်ကျင်စဉ် တစ်ခုကိုလည်း ရလိုက်ပြန်တယ်။ ဒီသုံးနည်းကို ပေါင်းစပ်ပြီး ကျင့်လိုက်တာ အခုဆိုရင် ဦးပဉ္စင်းစာ ဘယ်လောက်ကြည့်ကြည့် ဇက်ကြော မတက်တော့ဘူး။ မျက်ရည်ပူလည်း မကျတော့ဘူး၊ မျက်မှန်လည်း မတပ်ရတော့ဘူးပေါ့”
“တပည့်တော် အတော်စိတ်ဝင်စားသွားပြီဘု၇ား၊ ပြောပါ တပည့်တော်လည်း စွဲစွဲမြဲမြဲ လေ့ကျင့်ပါ့မယ်”
“ပထမဆုံး အိပ်ယာက နိုးပြီးပြီးချင်း မျက်နှာကို အရင်မသစ်ရဘူး၊ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက် လောင်းပေးရမယ်၊ ဒါက တစ်ကိုယ်လုံးမှာ ပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ”
“အိပ်ယာက ထလာတာနဲ့ အပူတွေက တစ်ကိုယ်လုံးမှာ နှံ့နေတာပါ။ ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကို အရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ အကုန်ပြေးလာကြပါတယ်။ ဒါကြောင့် မျက်စိကို တစ်ကိုယ်လုံးက ရှိတဲ့ အပူခိုး၊ အပူငွေ့တွေက လာရိုက်တော့တာပေါ့”
“သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ။ မျက်စိနှစ်လုံးစလုံး ရဲနေတာ တွေ့ရလိမ့်မယ်။ အဲဒီလို အပူခိုးတွေရိုက်ပါများလာတဲ့အခါ ဒီမျက်စိကမှုန်ပြီး အားနည်း သွားတာပဲပေါ့”
ဒါ့ကြောင့် အပူခိုးတွေ မျက်စိမသွားဘဲ အောက်ရောက်သွားောအင ခြေထောက်ကိုအရင် ရေလောင်းရတာပေါ့။ ဒူးကနေရေလောင်းပြီးတဲ့ အခါမှာလည်း ချက်ခြင်း မျက်နှာမသစ်ရသေးဘူး။ ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ ထွက်သွားအောင် မတ်တပ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက် အောက်ချလိုက်နဲ့ အနည်းဆုံး အကြိမ်နှစ်ဆယ်လောက် လုပ်ပေးရမယ်”
“အဲဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေ လျှော့သွားအောင် ခေါင်းကို နောက်ကျောဘက် ရောက်နိုင်သလောက် လှန်ချရမယ်။ ရှေ့ကိုလည်း ရသလောက် ငုံ့ရမယ်။ ဒါကလည်း အကြိမ် ၂၀ လောက်ပေါ့။ ပြီးရင် ခေါင်းကို ဘယ်ညာ အခါ ၂၀ လောက် လှည့်ပေးရမယ်။ ဒီလေ့ကျင့်ခန်းသုံးခုပြီးတာနဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့ အပူခိုးတွေ ခြေထောက်ကတစ်ဆင့်ထွက်နေတာ ကုန်သွားပါပြီ”
“သေချာသိချင်ရင် ခြေထောက်ကို စမ်းကြည့်လိုက်ပေါ့။ ရေတစ်စက်မှ မရှိတော့ဘဲ ခြောက်နေတာ တွေ့ရလိမ့်မယ်။ အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ်။ သွားမတိုက်ရသေးဘူး။ ပါးစပ်ကို ပိတ်ထားရမယ်။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ သုတ်ပေတော့”
ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့။ အဲဒီကျတော့မှ သွားတိုက်ရမယ်၊ သွားတိုက်ရင်းနဲ့သွားကြို သွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ မျက်နှာကိ မွှေးညှင်းပေါက်များမှ တစ်ဆင့် ထွက်ကုန်တာပေါ့။ ဒီနည်းက အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါကို ကြိုတင်ကာကွယ်တဲ့နည်းပါ။ မဟာစည် ဆ၇ာတော် ဘုရားကြီး ညွှန်ပြတာပေါ့။
“ဘာမှ ခဲယဉ်းတာ မပါပါဘူး၊ ဘုရားတပည့်တော် လေ့ကျင့်ပါ့မယ်”
“နောက်....အစားအစာနဲ့ ပတ်သတ်ရင်တော့ အရည်ရွှမ်းတဲ့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေကို ဦးစားပေးပြီးစားရမယ်။ နောက်ပြီး အစားအစာကို စားတဲ့အခါမှာလည်း အာဟာရဖြစ်တဲ့ ကြေလွယ်တဲ့ အစားအစာကို ဦးစားပေးပြီး စားရမယ်”

ထိုအချိန်မှာပင် ဒေါ်ခင်ဝင်းလည်း အနားသို့ ရောက်လာပြီး ဦးသုမနကို ဦးချလိုက်ကာ
“ဟော.....မဖြူက ဦးပဉ္စင်းကို ဆွမ်းမလောင်းပဲ ဘာတွေမေးနေတယ် မသိဘူး”
ဟုပြောလိုက်ရာ မဖြူက
“ဦးပဉ္စင်းက မျက်မှန်လွတ် မျက်စိအားကောင်းတဲ့ နည်းတွေပြောပြနေတာ မေမေရဲ့ သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ” ဟုပြောလိုက်ပြီး ဦးသုမနကို ကျေးဇူးတင်သော မျက်လုံးလေးများနှင့် ကြည့်နေသည်။ ဒေါ်ခင်ဝင်းက
“ဆုံးမပါဘုရား၊ ဦးပဉ္စင်းတပည့်မက ညဆိုမီးနဲ့စာ အရမ်းကြည့်၊ အရမ်းရေးတာ ဒါ့ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်နေရတာ”
ဟုပြောလိုက်သဖြင့် ဦးသုမနက
“ဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ်၊ ညဘက်တော့ နည်းနည်းပဲကြည့်ပေါ့။ ပျံလွန်တော်မှုသွားပြီဖြစ်တဲ့ စစ်ကိုင်း၊ ရွှေဟသာင်္တောရ ဆရာတော် ဘုရားကြီးဆိုရင် အသက် တစ်ရာကျော်အထိ စာကြည့်နိုင်သေးတယ်။ ၁၀၂ နှစ်ကျမှ ပျံတော်မှုတာ၊ အဲဒါ ညဘက်မီးနဲက စာမကြည့်လို့လို့ ဆရာတော်ကြီးက အမိန့်ရှိတယ်။”
သူ့အတွက် အချိန်တော်တော်ကုန်သွားသည်ကု သတိထားမိသွားသော မဖြူက
“ဦးပဉ္စင်း ဆွမ်းခံနောက်ကျနေဦးမယ်ဘုရား” ဟုလျှောက်လိုက်မှ ဦးသုမန ရှေ့ဆက်ကြွဖို့ သတိရတော့သည်။မောင့်မှာ ရဟန်းဖြစ်သောကြောင့် ( အပိုင်း ၃ )
==================  
 “ဘယ်လိုဝမ်းနည်းစရာလည်း ဦးသီလာစာရ”

   ဦးသုမန ပင် စိတ်ဝင်တစား မေးလိုက်မိသည်။ ဦးသီလာစာရက 

   “ဦးသုမန စဉ်းစားကြည့်လေ၊ ဂေါတမမြတ်စွားဘုရားတောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီ ဖြည့်တဲ့အချိန်အတွင်းမှာ ရဟန်းဘဝကို ကိုးဘဝပဲ ရခဲ့တယ်။ အရှင်ဘုရားတို့ တပည့်တော်တို့လို သူလိုကိုယ်လို လူတွေမှာတော့ ရဟန်းဘဝ တစ်ဘဝတောင်ရဖို့ မလွယ်ပါဘူး”

   “ဒါ့ကြောင့်လည်း အင်္ဂုတ္တိုလ်ပါဠိတော်မှာ ပဗ္ဗိဇ္ဇိတဘာဝေါ ဒုလ္လဘော၊ ရဟန်းဘဝကို ရခဲတယ်လို့ ဘုရားက ဟောတာပေါ့။ ဒီလောက်ရခဲတဲ့ ရဟန်းဘဝကို စွန့်ပြီး မင်းသမီးကို ယူလိုက်တယ်ဆိုတာ သာသနာမျက်စေ့နဲ့ ကြည့်ရင် သူ့အတွက် ဆုံးရှုံးသွားတာဖြစ်လို့ ဝမ်းနည်းစရာကြီးပါ”

   “ဥပမာ ရိုင်းရိုင်းပေးရရင် သလေးထမင်းနဲ့ ခွေးအန်ဖတ်ကို လဲစားရသလိုဘဲပေါ့။ လူတွေဟာ အရလွယ်တဲ့အရာကို အထင်သေးတတ်တာဟာ ဓမ္မတာပါပဲ၊ အရှင်ဘုရားတို့ တပည့်တော်တို့ မြန်မာပြည်က ရဟန်းတော်တွေဟာ ရဟန်းဘဝကို လွယ်လွယ်ကူကူ ရခဲ့ကြတော့ တန်ဖိုးမထားကြဘူး၊ အထင်သေးကြတယ်”

   “နိုင်ငံခြားသား၊ ဘာသာခြား၊ လူမျိုးခြားကနေ ဗုဒ္ဓဘာသာ ရဟန်းတော်ဖြစ်လာရတဲ့ အီတာလျှံလူမျိုး ဦးလောကနာထဆိုရင် သူ့ဦးလေးက အီတလီကနေ မြန်မာပြည်ကို ပြန်ခွင့်မပေးဘူး။ သာသနာပြုခွင့် မပေးဘူးလို့ အကျပ်ကိုင်တော့ အစာငတ်ခံပြီး ဆန္ဒပြတယ်”

   “လေးငါးခြောက်ရက် သေခါနီးမြော့မြော့ပဲ ကျန်တဲ့အထိ ဆန္ဒပြမှ သူ့ဦးလေးက အလျှော့ပေးပြီး မြန်မာပြည်ကို ပြန်ခွင့်ပြုလိုက်တယ်။ ဒါပေမယ့် ပညာရှိနှိပ်စက်နည်းနဲ့ လမ်းစာရိတ်တစ်ပြားမှ မထောက်လိုက်ဘူး၊ ရဟန်းတော်ဆိုတော့ ဘယ်ကမှလည်း ငွေမရနိုင်လို့ ဦးလောကနာထဟာ အီတလီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ သြစတေးလျ၊ ပါလက်စတိုင်း၊ အိန္ဒိယစတဲ့ နိုင်ငံပေါင်း ဆယ်နိုင်ငံကို ခြေကျင်ကျော်ဖြတ်ပြီး မြန်မာနိုင်ငံကို အရောက်ပြန်ခဲ့တယ်”

   “မြန်မာပြည်က ပြင်ဦးလွင်မြို့မှာဘဲ ပျံလွန်တော်မူတဲ့အထိ သီတင်းသုံးသွားခဲတယ်။ ရဟန်းဘဝကို ဘာဖြစ်လို့ ဒီလောက်ထိအောင် တန်ဖိုးထားရသလဲဆိုရင် နောင်ဘဝမှာ -

   လူဖြစ်ဖို့၊

   ယောက်ျားဖြစ်ဖို့၊

   မြန်မာပြည်မှာဖြစ်ဖို့၊

   ဗုဒ္ဓဘာသာဖြစ်ဖို့၊

   ရဟန်းဖြစ်ဖို့ ဆိုတဲ့၊

အချက်ငါးချက်နဲ့ ပြည့်စုံဖို့ မလွယ်ဘူးဆိုတာ သေချာသိထားလို့ဘဲ။ အရှင်ဘုရားတို့ တပည့်တော်တို့လည်း ရဟန်းဘဝကို လွယ်လွယ်ရခဲ့တာဆိုပြီး အထင်မသေးသင့်ဘူး။ နောက်ဘဝမှာ ဒီအချက်ငါးချက်နဲ့ ပြည့်စုံဖို့ဆိုတာလည်း တော်တော်ခဲယဉ်းတာ မဟုတ်လား”

   ဦးသီလာစာရက စကားအဆုံးတွင် ဦးသုမနကို အကဲခတ်ကြည့်လိုက်သည်။ ဦးသုမနမျက်နှာတွင် လေးလေးနက်နက် တွေးတောနေတာ အမူအယာကို တွေ့ရသဖြင့် မိမိနေရာသို့ အသာအယာပင် ဦးခေမိန္ဒနှင့်အတူ ထပြန်သွားကြသည်။ ဦးသုမနအဖို့ ဒီတစ်ညကောင်းကောင်း အိပ်ရဖို့မလွယ်။ သလေးထမင်းနှင့် ခွေးအန်ဖတ်တို့ စစ်ခင်းရဦးမည် မဟုတ်ပါလား။

   အခန်း (၅)

   “ဆွမ်းခံထွက်ခါနီးတွင် ညက တစ်ညလုံးရေးထားသော မဖြူ၏ မှတ်တမ်းစာအုပ်လေးကို ပြန်ဖတ်နေမိသည်။

   သို့/

   မဖြူ

   တရားဝင် အချစ်တောင်ခံလွှာ စာတစ်မျက်နှာ ရေးလိုက်ပါတယ်။ တို့မျက်စေ့နဲ့ မဖြူရဲ့အချစ်ကို တောင်းခံနေတာကတော့ ရက်ပေါင်း(၇၃၀)ကျော်ခဲ့ပါပြီ။ ဒီတောင်းခံမှုကိုတော့ အများက လက်ခံတာမဟုတ်လို့ အခုလို စာရေးတောင်းခံရတာပါ။

   တို့ရဲ့ ဆယ်ကြိမ်မြောက် သွေးလှူရှင်တံဆိပ်လေးပေးတော့ မဖြူက ပြောတယ်လေ ကိုယ့်သွေးနဲ့ရင်းရတဲ့ ဒီပစ္စည်းမျိုးကို သူတစ်ပါးကို မပေးသင့်ဘူး။ ကိုယ်ကိုယ်တိုက်ပဲ သိမ်းထားသင့်တယ်တဲ့။ ဒီတော့ တို့က ပြန်ပြောလိုက်တယ် မဟုတ်လား။ မဖြူက သူတစ်ပါးမှ မဟုတ်တာလို့..

   အဲဒီစကားထဲမှာ တို့ပြောချင်တဲ့စကားတွေ အကုန်ပါသွားပါပြီ။ မဖြူကို သူတစ်ပါးလို့ သဘောထားလို့ မရတော့ဘူး။ တို့ခန္ဓာကိုယ်ဖြစ်အောင် တည်ဆောက်ပေးထားတဲ့ အသွေးအသားနဲ့ ထပ်တူထပ်မျှ မဖြူကို ချစ်နေပြီလို့ ပြောလိုက်တာပါ။

   မဖြူဆီက ချစ်ပါတယ်ဆိုတဲ့ အဖြေလေးဟာ တို့ဘဝကို ဆက်လက်ရှင်သန်စေလို့ အခွင့်ပေးလိုက်သလိုပါပဲ။ တို့လူ့ဘဝမှာ ဆက်လက်ရှင်သန်နေပါရစေ၊ မဖြူဆီက အဖြေကို မျှော်လင့်နေတဲ့

   တို့~

   သူရေးထားသော စာကိုဖတ်ပြီး ဦးသုမနက ပြုံးလိုက်သည်။ ယနေ့ ဘယ်အိမ်ကိုမှ မကြွတော့ မဖြူတို့ အိမ်တစ်အိမ်ကိုဘဲကြွပြီး ကျောင်းကိုပြန်တော့မည်။ ဘယ်အိမ်မှလည်း ဣနြေ္ဒရစွာကြွလို့ ရလိမ့်မည်မဟုတ်။ အခုပင် တဒိန်းဒိန်းခုန်နေသောရင်၊ တုန်လှုပ်ခြောက်ခြားနေသော စိတ်တို့ဖြင့် ဂဏှာမငြိမ်စွာ သွားနေရသည် မဟုတ်ပါလား။ မဖြူဆီ စာပေးပြီးလျှင် ယခုထက်ပိုဆိုးပေလိမ့်မည်။

   မူမမှန်သောစိတ်ကြောင့် လူကလည်း ဣနြေ္ဒမရ၊ မဖြူတို့အိမ် ထဲရောက်သည်နှင့် စာပွဲဘေးကုလားထိုင်တွင် အသင့်ထိုင်နေသော မဖြူကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားသည်။ ဦးသုမန ထိုင်ခုံပေါ်မှာပင် မထိုင်မိ မတ်တပ်ရပ်လျက်ကပင် စာအုပ်လေးကို လှမ်းပေးလိုက်သည်။ စကားလည်း မပြောမိ။

   အံ့သြစရာကောင်း၏။ မဖြူလက်ထဲ စာအုပ်ပေးနေသော အချိန်မှာပင် မဖြူအဖေ ဦးသက်ထွန်း အခန်းထဲက ထွက်အလာနှင့် ပက်ပင်းတိုးနေသည်။ ဦးသုမန၏ မျက်နှာသာ ပုံမှန်အတိုင်းဆိုလျှင် ဦးသက်ထွန်း ရိပ်မိစရာမရှိ။ ယခုပုံပျက်နေသော ဦးသုမနကို မြင်လိုက်သည်နှင့် မသင်္ကာစိတ်တို့က ဦးသက်ထွန်းကို သတိပေးလိုက်သလို ဖြစ်သွားသည်။

   ဦးသက်ထွန်း အချိန်မဆွဲတော့ မဖြူလက်ထဲမှ စာအုပ်ကို ဆတ်ကနဲဆွဲယူပြီး ဖွင့်ဖတ်လိုက်သည်။ သွားပြီဟူသော အတွေးနှင့် အတူ ဦးသုမန တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားသည်။ စာဖတ်ပြီးသည်နှင့် ဦးသက်ထွန်း မျက်နှာကြီး မဲပုပ်သွားကာ မျက်စေ့က မီးဝင်းဝင်းတောက်သကဲ့သို့သော အရောင်ဖြင့် ဦးသုမနကို စိုက်ကြည့်လိုက်သည်။

   ဦးသုမနကား အာစေးထည့်ခံရသူကဲ့သို့ ဘာမှမပြောနိုင် ဦးသက်ထွန်းက စာအုပ်ကို ကြမ်းပြင်ပေါ် ပစ်ပေါက်ချလိုက်ပြီး-

   “ကြည့်စမ်း၊ ကိုယ်တော်က ပစ္စည်းလေးပါးအလှူရှင် ဒကာ၊ ဒကာမတွေအပေါ် ကျေးဇူးဆပ်တာပေါ့လေ။ သင်္ကန်းကို အားနာလို့ နို့မို့ဆိုရင် ဒီနေရာမှာတင် ကိုယ်တော်ကို အသေသတ်ပစ်တယ်။ နောက် ကိုယ်တော် ဒီအိမ်ကို ဘယ်တော့မှ မလာနဲ့”

   “နင်လဲ ဒီနေ့စပြီး ဘယ်ကိုယ်တော်မှ ဆွမ်းမလောင်းရတော့ဘူး၊ ငါတို့အမျိုးထဲမှာ ကျောင်းကြီးဖျက်မ တစ်ယောက်မှ မရှိစေရဘူး။ လာခဲ့” ဟုဆိုကာ

   မဖြူကို တရွတ်တိုက် အခန်းထဲဆွဲခေါ်သွားသည်။ ဦးသုမန ချာကနဲအိမ်ထဲမှ အမြန်ထွက်လာခဲ့မိသည်။ ရှက်လိုက်တာ ကိုယ့်မျက်နှာကို ဓားနဲ့လှီးပစ်ချင်သည်။ ဘယ်သူ့ကိုမှလည်း မတွေ့ချင်တော့။ သေခြင်းတရားကိုသာ မက်မက်မောမော တမ်းတမိသည်။ အသက်နှင့်လူလုပ်တာမဟုတ်။ အရှက်နှင့်လူလုပ်တာ ဟူသော စကား၏အဓိပ္ပါယ်ကိုလည်း ပြည့်ဝစွာ နားလည်သွားသည်။

   သူနေသော သုံးထပ်တိုက် အပေါ်ဆုံးအခန်းကို ဘယ်လိုက ဘယ်လို ရောက်လာသည်မသိ။ သပိတ်ကို ကုတင်ပေါ် တင်ပြီးသည်နှင့် ပြူတင်းတံခါးပေါက်ဘောင်ပေါ်တက်ပြီး ဆောက့်ကြောင့်ထိုင်လိုက်သည်။ လေများက တရွှီးရွှီးဖြင့် သူ့မျက်နှာနှင့် ရင်ဘက်ကို တိုးဖြတ်လို့နေသည်။ မျက်လုံးကိုမှိတ်ပြီး ခုန်ချဖို့ အသင့်ပြင်လိုက်သည်။ 

   အကြောက်တရားတစ်ခုပေါ်လာသည်ကို အံ့သြစွာတွေ့ရသည်။ သေခြင်းတရားတော့မဟုတ်။ မဖြူနှင့် အသေကွဲကွဲရခြင်း။ အို … နောက်ဘဝမှပဲ ပေါင်းကြပါစို့ မဖြူရယ်။ အသံတိတ်ပြောမိရင်း အောက်သို့ ဆက်ကနဲခုန်ချလိုက်တော့သည်။ သူခန္ဓာကိုယ်သည် မြေ၏ဆွဲအားအတိုင်း ဒယောသောပါး ကျဆင်းသွားသည်။

   သုံးထပ်တိုက်အောက်ခြေမှာ ကွန်ကရစ်အခင်းတို့က သူ့မျက်နှာနှင့် နီးသထက်နီးလာပြီးနောက် ရင်ထဲတွင် အေးကနဲဖြစ်သွားသည်။ သူ့နဖူးနှင့် ကွန်ကရစ်အခင်းတို့၏ ပြင်းထန်သော ရိုက်ခတ်သံနှင့် အတူ နာနာကြည်းကြည်း အော်လိုက်သော “အား” ဟူသော အသံက သူ့နှုတ်မှ အလိုလိုထွက်သွားသည်။ ထိုနောက်သူသည် မဲမှောင်သော အမှောင်ထုတွင်းသို့ ဝင်ရောက်သွားသည်။

   “ဦးသုမန” “ဦးသုမန” ဟူသောခေါ်သံတို့က အဝေးမှ တစ်ဆင့် တဖြေးဖြေးနီးလာသည်။ သူမျက်စေ့ကို အားယူဖွင့်လိုက်သောအခါ ဦးသီလာစာရနှင့် ဦးခေမိန္ဒတို့ကို သူ့ဘေးမှာ တွေ့ရသည်။ ပူနေသော သူ့နဖူးကို လက်နှင့်စမ်းပြီး ကြည့်လိုက်တော့ ပူနွေးနွေး အရည်အချို့ကို ကိုင်မိသည်။ လက်ကိုအောက်ယူ ကြည့်လိုက်တော့ နီးစွေးစွေးသွေးစများ။

   သူ့ဘေးကို ဝေ့ဝိုက်ကြည့်လိုက်တော့ သုံးထပ်တိုက်အောက်က ကွန်ကရစ်အခင်းပေါ်မှာတော့မဟုတ်။ သူ့ကုတင်ဘေးမှ ကြမ်းပြင်ပေါ်မှာသာဖြစ်ပါ၏။ သြော် အိပ်မက်ပါလားဟု သိလိုက်ရသောအခါတွင်မှ သူ့ရင်ထဲမှ အပူလုံးကြီးကျသွားသည်။ သူသည် ခုန်ချသည်ကတော့ မှန်ပါ၏။ သို့သော် သုံးထပ်ကျောင်းပေါ်မှ မဟုတ်။ သူ့ကုတင်ပေါ်မှသာဖြစ်သည်။

   သူ့နဖူးကို ရိုက်မိသည်မှာလည်း ကွန်ကရစ်အခင်းနှင့်မဟုတ်။ ကုတင်ဘေးနားတွင် ချထားသော သံသေတ္တာ အစွန်းနှင့်သာ ဖြစ်သည်။ ဦးသီလာစာရက အံ့သြသော မျက်နှာနှင့် မေးလာသည်။ 

   “ဦးသုမန အိပ်မက်က တော်တော်ဆိုးတယ်ထင်တယ်။ ဘယ်လိုတွေ မက်လို့လည်း”

   “တော်တော်တော့ ဆိုးတယ်ဘုရား”

   ဦးသုမန ဒါပဲဖြေနိုင်သည်။ ဒီထက်ပိုလည်း မပြောချင်။ အိပ်မက်သည်ပင်လျှင် ရှက်စရာကောင်းလှပြီ။ တကယ်များဖြစ်သွားမည်ဆိုလျှင် ဦးသုမန ရှေ့ဆက်၍ပင် မတွေးရဲတော့။ အိပ်မက်ထဲက ဆင်းရဲမှုသည် အပြင်ဘက်ထိ ဂယက်ရိုက်လျက်ရှိသည်။ သူတစ်ခုခုကို ဆုံးဖြတ်ရတော့မည်။ ရှေ့တိုးမည်လား၊ နောက်ဆုတ်မည်လား။

   ဖြစ်ချင်ရာဖြစ်၊ ရှေ့တိုးလုပ်မည်ဆိုလျှင် သူ့ဆရာနှင့်မိဘများ မျက်နှာပျက်ကြမည်။ သာသနာ သိက္ခာကျမည်။ သူအင်မတန်မြတ်နိုးသော မဖြူကိုလည်း ပတ်ဝန်းကျင်က ကျောင်းကြီးဖျက်မဆိုပြီး ကဲ့ရဲ့ရှုတ်ချကြမည်။ နောက်ဆုတ်လျှင်တော့ သူနဲ့မဖြူတို့ နှစ်ယောက်သာ စိတ်ဆင်းရဲရမည်။

   အပျိုနှင့်လူပျို ချစ်ခင်ပေါင်းသင်းကြခြင်းသည် လောကအလိုအားဖြင့် ဘာမျှအပြစ်မရှိသော်လည်း သာသနာအလိုအားဖြင့် စာရိတ္တဖောက်ဖျက်မှုကြီးတစ်ခုသာဖြစ်၏။ သူစူးစိုက်ပြီးတွေးတောနေရာ နဖူးမှ ဒဏ်ရာကိုပင် သတိမရ၊ ခဏကြာတော့ ဦးခေမိန္ဒက ဆားကိုအမှုန့်ကြိတ်ပြီး ဒဏ်ရာမှာလာသိပ်ပေးရင်း -

   “ဦးသုမန အရှင်ဘုရားစိတ်တွေ သိပ်လှုပ်ရှားနေတယ်ထင်တယ်၊ ဒီနေ့ ဆွမ်းခံမထွက်နဲ့တော့ နားလိုက်ပါ” ဟု ပြောလာသည်။ ဦးသုမန ခေါင်းငြိမ့်ပြရင်း အိပ်ရာပေါ် အသာလှဲလိုက်သည်။ ဘာကိုမှ တိတိကျကျ မဆုံးဖြတ်နိုင်ပဲ သို့လောသို့လော တွေးတောရင်းဖြင့် အချိန်တွေကုန်လာသည်။ နာရီကို လှမ်းကြည့်လိုက်တော့ နံနက်(၉)နာရီခွဲ၊ ထိုအချိန်မှာပင် အောက်ထပ်မှ ကိုယ်တော်တစ်ပါးတက်လာပြီး

   “ဦးသုမန ရှိသလား၊ တောင်သာက စာလာတယ်” ဟု ပြောသဖြင့် “ရှိပါတယ်” ဟု ပြောပြီး စာကိုလှမ်းယူလိုက်သည်။ 

   သို့ /

   သားမောင်ပဉ္ဇင်း

   ဒကာကြီး စာရေးလျှောက်ပါတယ်။ အကြောင်းထူးရှိလို့ ရေးလိုက်တာပါ။ တောင်ဘက်ရွာက ကျောင်းထိုင်ဘုန်းကြီး ဦးသောမ အမျိုးသမီးတစ်ယောက်နဲ့ ထွက်ပြေးသွားကြပြီ။ တစ်ရွာလုံး စိတ်ဆင်းရဲကျန်ခဲ့ကြတာပေါ့။ အဆိုးဆုံးကတော့ ဦးသောမ မယ်တော်ဒေါ်အိကြီးပါပဲ။ သားဘုန်းကြီး ရှိစဉ်တုန်းကတော့ ရဟန်းမယ်တော်ကြီးဆိုပြီး အတော်မျက်နှာကြီးခဲ့တာကလား။

   အခုသားဘုန်းကြီးက အမျိုးသမီးနဲ့ ထွက်သွားတယ်လည်းဆိုရော တော်တော်ကို စိတ်ထိခိုက်သွားဟန်တူတယ်။ အိပ်ယာထဲလဲတော့တာပဲ။ ဘာရောဂါမှလည်း ရှာလို့မတွေ့ဘူး။ လေးရက်ပဲခံတယ်။ အခုဆုံးသွားရှာပြီ။ ဒေါ်အိကြီးအဖြစ်ကို ကြည့်ပြီး မောင်ပဉ္ဇင်း မယ်တော်က သူလည်း ဒီအဖြစ်ဆိုးကြုံရမလားဆိုပြီး တော်တော်စိုးရိမ်ပူပန်နေတယ်။

   မောင်ပဉ္ဇင်းသာ မိန်မတစ်ယောက်နဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်သွားရင် သူလည်း ဒေါ်အိလိုသေမှာပဲလို့ ဒကာကြီးကိုပြောတယ်။ အဲဒါ မောင်ပဉ္ဇင်းကိုလည်း မိန်းမတွေနဲ့ အနေအထိုင်ဆင်ခြင်ဖို့ သတိပေးခိုင်းလို့ ဒီစာကို ရေးလိုက်ရတာပဲ။ မောင်ပဉ္ဇင်းလည်း ဗုဒ္ဓစာပေတွေ အများကြီးသင် နေရတာပဲ။ ဒကာကြီး အထူးသတိပေးစရာ လိုမယ်မထင်ပါ။

   ပညာရှိ သတိဖြစ်ခဲဖြစ်မှာစိုးလို့ တစ်ခုတော့ သတိပေးလျှောက်ထားပါရစေ။ ဗုဒ္ဓက ပရိနိဗ္ဗာန် စံတော်မူခါနီးတော့ မရှင်းမလင်းတာကို ငါဘုရား ပရိနိဗ္ဗာန်မဝင်စံခင် မေးကြလို့ မိန့်တော်မူတဲ့အခါ အရှင်အာနန္ဒာက 

   “မြတ်စွာဘုရား၊ အမျိုးသမီးနဲ့ ပတ်သက်ပြီး ရဟန်းတော်များ ဘယ်လိုနေထိုင် ကျင့်သုံးရမယ်ဆိုတာ သိချင်ပါတယ်ဘုရား” လို့ လျှောက်တော့ မြတ်စွာဘုရားက

   “အာနန္ဒာ အမျိုးသမီးများနဲ့ မတွေ့အောင်နေပါ” လို့ မိန့်တော်မူပါတယ်။ ငါ့စိတ်ငါနိုင်ပါတယ်ဆိုပြီး အနီးကပ်ရှောင်ရင် မလွယ်ဘူး။ အဝေးက ရှောင်မှ လွတ်မယ်ဆိုတာကို သိစေချင်လို့ ဒီစကားကို မိန့်တော်မူတာပေါ့ မောင်ပဉ္ဇင်း။ မောင်ပဉ္ဇင်းလည်း ရှောင်မယ်ဆိုရင် အဝေးက ရှောင်ပါ။

   နောက်တစ်ခါ အာနန္ဒာက 

   “မတွေ့မဖြစ်လို့ တွေ့ရရင် ဘယ်လိုကျင့်သုံးရမလဲ ဘုရား” လို့ ဆက်မေးတော့ ဗုဒ္ဓက

   “အာနန္ဒာ အမျိုသမီးများကို မတွေ့မဖြစ်လို့ တွေ့ရရင် စကားမပြောပါနဲ့” တဲ့။

   တစ်ခါ အာနန္ဒာက စကားမပြောမဖြစ်လို့ ပြောရရင်ကော ဘုရားလို့ မေးလျှောက်တော့ ဗုဒ္ဓက “စကားကို မပြောမဖြစ်လို့ ပြောရရင် အမေအရွယ်ကို အမေလို၊ နှစ်မအရွယ်ကို နှစ်မလို၊ အစ်မအရွယ်ဆို အစ်မလို သဘောထားပြောပါတဲ့”

   စိတ်အချရဆုံးကတော့ အမျိုးသမီးကို မတွေ့အောင်နေရင်တော့ အကောင်းဆုံးပေါ့၊ မောင်ပဉ္ဇင်းရယ်။ အခု ရွာကကျောင်းထိုင် ဆရာတော်ကြီးက သက်တော်တအားကြီးလာတော့ ကျန်းမာရေး မကောင်းတော့ဘူး။ အိပ်ယာထဲလဲနေတဲ့အချိန်က များတယ်။ ဟောပြောဆုံးမမှုလည်း မလုပ်နိုင်တော့ဘူး။ ဒကာကြီးတို့ မိသားစု အပါအဝင် တစ်ရွာလုံးက မောင်ပဉ္ဇင်းကို မြန်မြန်ပြန်လာစေချင်ကြပြီ။

   တခြားရွာက ကိုယ်တော်လေးတွေ ရွာကျောင်းဆရာတော်နဲ့ ရွားသူရွာသားတွေရဲ့ အထောက်အပံ့တွေကြောင့် မြို့တက်စာသင်ပြီး စာမေးပွဲတွေအောင်ကြတယ်။ မြို့လည်းအနေကြာရော ဇီးသီးသည် မဗျိုင်းဖြစ်ကုန်တာပဲ၊ မဗျိုင်းအမည်ရှိတဲ့ တောသူမ ဇီးသီးသည် တစ်ယောက်ဟာ ဘုရင်က တော်ကောက်သွားလို့ မြို့မှာ မိဖုရားကြီး ဖြစ်သွားတာပေါ့။

   မိဖုရားကြီးလည်းဖြစ်သွားရော မာနတွေထောင်ပြီး ဘဝမေ့သွားတယ်။ တစ်နေ့ ဘုရင်ကလာဆက်သတဲ့ ဇီးသီးမျိုးကောင်းတွေစားမယ်လုပ်တော့ မိဖုရားကြီးဖြစ်နေတဲ့ မဗျိုင်းကမေးသတဲ့။ မောင်တော် အဲဒါ ဘာသီးတွေလဲတဲ့ အဲဒီမှာတင် ဘုရင်က ဘဝမေ့တဲ့ မဗျိုင်းကို မိဖုရားအရာကချပြီး တောရွာပြန်ပို့လိုက်သတဲ့။

   အခုလည်း မြို့ပေါ်ရောက်နေတဲ့ တောသားရဟန်းတော် အတော်များများဟာ ဘဝမေ့ပြီး ကိုယ့်တောရွာ ကိုယ်ပြန်ပြီး သာသနာမပြုချင်ကြတော့ဘူး။ ရွာသူရွာသားတွေခမျာ ငယ်ဖြူကိုယ်တော်တွေ ပြန်မလာတော့ ဘာမှမတတ်၊ မသိတဲ့ တောထွက်ကြီးတွေပဲ ဆရာတော်လုပ်ကိုးကွယ်ရတော့တာပေါ့။

   တောထွက်ဆိုတာ များသောအားဖြင့် သာသနာကြီးပွားလိုစိတ် မရှိကြဘူး။ လာဘ်လာဘတစ်ခုပဲ အရေးထားတယ်။ ဒီတော့ ကျောင်းသားမရှိဘူး၊ စာမှမသင်ပေးပဲကိုး၊ ကျောင်းသားမရှိတော့ ကိုရင်မရှိဘူး၊ ကိုရင်မရှိတော့ ဘယ်မှာလာပြီး ရဟန်းရှိတော့မှာလဲ၊ ရဟန်းတွေ အလျင်မီအောင်မရှိရင် ဒီသာသနာ အနှေးနဲ့ အမြန် ကွယ်ရတော့မှာပေါ့။

   ဒကာကြီးလည်း မြို့မှာနေခဲ့ဖူးပါတယ်၊ မြို့ပေါ်လူတန်းစားဆိုတာ များသောအားဖြင့် သာသနာကို အသုံးချပစ္စည်းတစ်ခုလောက်သာ တန်ဖိုးထားကြတာပါ။ ကိုယ့်သားသမီးကို ရဟန်း၊ သာမဏေ ဘဝရောက်အောင် အားပေးသူကဆိုတာ မရှိသလောက်ရှားပါးတယ်။

   တစ်ချို့ဆိုရင် ပါရမီရှိလို့ ကိုရင်ဘဝမြဲနေတဲ့ သားကိုတောင် ပညာရေး စကောစက ဖြစ်မယ်ဆိုတဲ့ စွဲချက်နဲ့ သင်္ကန်းကို အတင်းဆွဲချွတ်တဲ့ မိဘများကိုတောင် တွေ့ဖူးတယ်။ ဒကာကြီးတို့ တောသားတွေကတော့ သားမွေးပြီဆိုတာနဲ့ ဘုန်းကြီးဖြစ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားတော့တာပဲ။

   အခု ၂၀၀၃-ခုနှစ်မှာ မြန်မာတစ်ပြည်လုံး သံဃာတော်ပေါင်း လေးသိန်းခန့်ရှိတယ်။ ဒကာကြီးပြောရဲတယ်။ အဲဒီလေးသိန်းထဲက သုံးသိန်းကိုးသောင်းကိုးထောင်လောက်ဟာ တောသားတွေချည်းပါ။ မြန်မာပြည်သာသနာကို အသက်ဆက်ပေးနေတာ တောသားတွေပါ။

   မောင်ပဉ္ဇင်းကို အခုလိုမြို့တက်ပြီး စာတတ်ပေတတ် ဖြစ်အောင်ရွာက ကျောင်းထိုင်ဆရာတော် ဘုရားကြီး အနစ်နာခံခဲ့ရတာပါ။ သူလည်း မြို့မှာ အဆက်အသွယ်ရှိတာပဲ။ မနေခဲ့ရှာပါဘူး။ အခု မောင်ပဉ္ဇင်းတို့ အလှည့်ရောက်ပြီ တာဝန်သိသူအတွက် တာဝန်ရှိပါတယ်။ ရဟန်းဆိုတာ ဘာသာရေးမှာ ခေါင်းဆောင်ပါ။

   ကိုယ့်တစ်ဘဝတာ သာယာရေးကိုကြည့်ပြီး ရပ်ရွာသာသနာရေး ကိစ္စတွေမှာ ခေါင်းမရှောင်သင့်ပါဘူး။ အခုဆိုရင် မောင်ပဉ္ဇင်း စာချတန်းစာတွေ ပြည့်ပြည့်စုံစုံ လိုက်ပြီးနေပြီပဲ။ ကိုယ့်ရွာပြန်နေပြီး သာသနာပြုရင်း စာမေးပွဲဖြေလည်း ရပါပြီ။

   သားမောင်ပဉ္ဇင်း ဘုရားသားတော်ပီပီ ဘုရားရှင်ကဲ့သို့ လောကကို မိမိအတွက်အသုံးမချပဲ မိမိကိုသာ လောကအတွက် အသုံးချသော ပါရမီရှင် သူတော်ကောင်းကြီး ဖြစ်ပါစေ။

   ဒကာကြီး ဦးဖိုးစ
   အုန်းပင်တောရွာ
   တောင်သာမြို့နယ်၊ မန္တလေးတိုင်း။မောင့်မှာ ရဟန်းဖြစ်သောကြောင့်
==================
 ( အပိုင်း ၄ ဇာတ်သိမ်းပိုင်း )

ဖခင်ကြီး၏ စာသည် ဦးသုမနရင်ကို နင့်ကနဲဖြစ်သွားစေသည်။ သြော် … ငါဟာ ဆရာတော်နဲ့ ရပ်ရွာရဲ့ကျေးဇူးကို မသိရုံတင်မကဘူး၊ ကျေးဇူးကန်းဖို့ပါ အားထုတ်နေမိတာပါလား၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါဒီနေ့ပဲ တောင်သာကို ပြန်တော့မယ်။ ဒကာကြီး ပြောသလို ငါမဖြူကို ဝေးဝေးကရှောင်မှပဲ ဖြစ်မယ်ဟု ဆုံးဖြတ်ပြီး ပစ္စည်းပစ္စယများကို ခရီးဆောင်အိတ်ကြီးထဲ အမြန်ထည့်နေမိသည်။

   ပြီးသည်နှင့် ကျောင်းထိုင်ဆရာတော်ကြီးအား ရွာကို အပြီးပြန်တော့မည့်အကြောင်း သွားရောက်လျှောက်ထားလိုက်သည်။ မဖြူကို ဘယ်လိုအသိပေးရမည်နည်းဟူသော ပြဿနာက ခေါင်းထဲဝင်လာသည်။ ထိုအတွေးနှင့်အတူ မဖြူနှင့် တစ်သက်လုံးခွဲရတော့မှာပါလားဟူသော အသိက ရင်ထဲမှာ အလုံးကြီးတစ်လုံးဆို့သလို ဖြစ်လာသည်။ မနေတတ် မထိုင်တတဖြစ်လာသဖြင့် လမ်းထလျှောက်သော်လည်း အလုံးဆို့နေခြင်းက ပြေမသွား။ ငါဘယ်လို ဖြစ်တာပါလိမ့်ဟု တွေးသော်လည်း တွေးမရ။

   ကုတင်ပေါ်ပြန်ထိုင်ပြီး မဖြူပေးထားသော မှတ်တမ်းစာအုပ်လေးကို ဖွင့်လိုက်သည်။ ဘယ်တုန်းက ရထားမှန်းမသိသော ကဗျာလေးတစ်ပုဒ်ကို ကောက်ကာငင်ကာ ရေးလိုက်သည်။ ကဗျာရေးဆဲမှာပင် သူ့မျက်လုံးမှ မျက်ရည်ပေါက်ကြီးနှစ်ပေါက်က စာအုပ်ပေါ် ကျသွားသည်။ ကဗျာရေးပြီးသွားတော့ အလယ်စာကြောင်း တစ်ကြောင်းပေါ်မှာ ကျလာသော မျက်ရည်နှစ်စက်ကြောင့် အကွက်နှစ်ကွက် ဖြစ်သွားသည်။ 

   သူစာအုပ်ကို ခေါင်းအုံးဘေးချကာ ကုတင်ပေါ်လှဲချရင်း သင်္ကန်းကို ခေါင်းမြီးခြုံ၍ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေမိသည်။ သူတသိမ့်သိမ့်ကြာအောင် မည်မျှငိုနေမိသည်မသိ။ ခေါ်သံကြားမှ သင်္ကန်းကိုဖွင့်ကြည့်လိုက်ရာ ညှိုးငယ်သော မျက်နှာများနှင့်ရပ်နေကြသော ဦးသီလာစာရနှင့် ဦးခေမိန္ဒတို့ကို တွေ့ရသည်။ 

   သူ့ခေါင်းအုံး၊ သင်္ကန်းနှင့် မျက်နှာတို့တွင် မျက်ရည်တို့ဖြင့် စိုရွှဲနေသည်။ သူ့ရင်ထဲတွင် ဆို့နေသောအလုံးကြီးသည်လည်း ပြေသွားသည်ကို အံ့သြစရာ ကြုံရသည်။ မျက်ရည်သည် နှလုံးသား ဝေဒနာကို ကုစားခြင်းတစ်မျိုးပါလားဟု သဘောပေါက်သွားသည်။ ဦးသီလာစာရက သူ့ကို နားလည်စွာကြည့်ရင်း 

   “ဦးသုမန ဆွမ်းစားရအောင် ၁၁ နာရီတောင်ခွဲနေပြီ”

   “တပည့်တော် ဆွမ်းစားလို့လည်းရမှာ မဟုတ်တော့ဘူး။ ဒီနေ့ မှီရာနဲ့ပဲ ရွာကိုပြန်တော့မယ်။ ဦးသီလာစာရ စကားကိုလည်း တပည့်တော် နားထောင်ပါတော့မှာပါ။ ဒီ မှတ်တမ်းစာအုပ်လေးကိုတော့ ဦးခေမိန္ဒက မဖြူကို ပေးလိုက်ပါ။ မဖြူမိဘတွေကိုတော့ အကျိုးအကြောင်း သိသွားအောင် ဒကာကြီးရေးလိုက်တဲ့ စာကိုပဲ ပေးဖတ်လိုက်ပါ။ အရှင်ဘုရားတိုလည်း ဖတ်ကြည့်လိုက်ပေါ့။ ကဲ …. တပည့်တော် သွားပြီ ”

   ခရီးဆောင်အိတ်ကြီးကိုဆွဲ၍ လှေခါးမှ တစ်ထစ်ချင်ဆင်းလာခဲ့သည်။ ကျောင်းအပြင်ရောက်သည်နှင့် ကားလမ်းမပေါ်ရောက်ပြီ။ ကက အငှားကားတစ်စီးကို လက်ပြတားပြီး တက်စီးလိုက်သည်။

   ကားပေါ်ရောက်သည်နှင့် ဒရိုင်ဘာက 

   “ဘယ်ကို ပို့ပေးရမလဲ ဘုရား”

   “စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်ကို သွားမယ်။ ဒါပေမယ့် အေးရိပ်မွန် အိမ်ရာ ၅ လမ်းဘက်ကနေ မောင်းပါ”

   “အဲဒါဆိုရင် လမ်းမတည့်ဘူးဘုရား၊ ပြည်လမ်းအတိုင်းမောင်းမှပဲ လမ်းတည့်မယ်”

   “ဦးပဉ္ဇင်း သိပါတယ်၊ ငွေပိုပေးမှာပေါ့၊ အေးရိပ်မွန်အိမ်ရာဘက်ကပဲ ကွေ့မောင်းပါ”

   ဒရိုင်ဘာက အူတိအူကြောင်လှမ်းကြည့်ကာ သူပြောသည့် အေးရိမ်မွန်အိမ်ရာ လမ်းအတိုင်း မောင်းပေးသည်။ ဦးသုမန သူ့စိတ်သူအံ့သြ ထိပ်လန့်သွားသည်။ ငါဘာဖြစ်လို့ မဖြူတို့ အိမ်ရှေ့က ဖြတ်မောင်းခိုင်းပါလိမ့်၊ ဦးနှောက်၏ မတရားညှင်းပန်းနှိပ်စက်မှုအောက်မှ နှလုံးသား၏ ရှိသည့်အင်အားဖြင့် နောက်ဆုံးတော်လှန်မှုလေး တစ်ခုဖြစ်ကြောင်း သူသဘောပေါက်သွားသည်။

   ရွာကို ချက်ခြင်းပြန်ရမယ်၊ ဤကား ဦးနှောက်၏ အမိန့်ပေးမှု၊ မဖြူကို နောက်ဆုံးမြင်သွားချင်သေးတယ်၊ ဤကား နှလုံးသား၏ ဆန္ဒ၊ မဖြူတို့အိမ်ကို နည်းနည်းကျော်ပြီး ခပ်လှမ်းလှမ်းတွင် ကားကိုရပ်ခိုင်းလိုက်သည်။ သီလရှင် ဆယ်ပါးခန့် ဆွမ်းဆန်ရပ်နေသည်ကို တွေရသည်။ သူကားပေါ်မှ စူးစူးစိုက်စိုက်လှမ်းကြည့်နေမိသည်။ လာပါပြီ ဆွမ်းလောင်းချိန်တိုင်း ဝတ်လေ့ရှိသည့် ယောဂီထမီ အဖြူရောင် လက်ရှည်အင်္ကျီလေးနှင့် မဖြူကို တွေ့လိုက်ရသည်။

   သီလရှင်များကို ဆွမ်းဆန်နှင့် ဝတ္ထုငွေ တစ်ပါးခြင်းလှူနေသည်ကို ကြည်နူးဖွယ်မြင်နေရသည်။ ယောဂီရောင် တဘက်ကလေးကိုလည်း ပုခုံးပေါ်တင်ထားသည်ကို တွေ့ရသည်။ နာမည်နှင့် လိုက်အောင် ဖြူဝင်းနုစိုနေသော မျက်နှာကလေးကို နောက်ဆုံးကြည့်ခြင်း အနေဖြင့် သူမွတ်သိပ်စွာ ကြည့်နေမိသည်။ သူတို့နှစ်ဦးသည် စိတ်ကူးနှင့်ချစ်ခဲ့ကြပြီး ကိုယ်နှင့်ထိစပ်ငြိကပ်ခြင်း မရှိခဲ့ကြပေ။

   ထို့ကြောင့် တစ်ဦးနှစ်တစ်ဦး စိတ်ဆက်သွယ်မှုတွင် အခြားသော ချစ်သူများထက် မြန်ဆန်လွယ်ကူလေသလောမသိ။ ယခုလည်း အတော်ခပ်လှမ်းလှမ်းမှ ကြည့်နေသော ဦးသုမန၏ စိတ်ကို မဖြူက အလိုလိုသိသွားသည်။ သီလရှင်တွေ လောင်းပြီးသွားသည်နှင့် ဦးပဉ္ဇင်းကို သတိရလိုက်တာဟူသော အတွေးနှင့်အတူ ဦးသုမန စီးလာသောကားကို အိမ်ထဲမဝင်သေးဘဲ လှမ်းကြည့်နေမိသည်။ 

   ချစ်သူနှစ်ဦး နောက်ဆုံးအနေဖြင့် အကြည့်ခြင်းဆုံကြခြင်းပင်။ သို့သော် ဦးသုမနက မဖြူမှန်းသိသော်လည်း မဖြူက ဦးသုမနမှန်း မသိ၊ ရဟန်းတစ်ပါးဟု သာမန်လောက်သာသိသည်။ ဦးသုမန မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေရင်းက မဖြူ၏ ပုံသဏ္ဍာန်က မပီသတော့ဘဲ ဝေဝါးလာသည်။ အို -ဘယ်လိုဖြစ်တာပါလိမ့်ဟူတွေးပြီး မျက်တောင်ခတ်လိုက်သောအခါတွင်မှ မျက်ရည်ဥကြီးနှစ်လုံး သူ့ပါးပေါ် ပြုတ်ကျသွားသည်။

   သြော် … ငါနှလုံးသားက ဒုတိယအကြိမ် ငိုနေပြန်ပါပကောဟု သိလိုက်ချိန်မှာပင် မဖြူတစ်ယောက် ဆန်ထည့်သော ဇလုံလေးကိုပင် အိမ်ထဲပြန်မထားနိုင်ဘဲ သူတို့ကားဆီသို့ လျှောက်လာသည်ကို တွေ့ရသည်။ သူက ကမန်းကတန်း မျက်ရည်သုတ်ပြီး ကားဆရာကို မြန်မြန်မောင်းထွက်ရန် ပြောလိုက်သည်။

   ကားထဲက ဦးပဉ္ဇင်းပဲ ဖြစ်ရမယ်။ ငါတို့အိမ်ထဲမဝင်ဘဲ ဘာဖြစ်လို့ အဝေးကြီးမှာ သွားရပ်နေတာလည်းမသိဘူးဟူသော အတွေးနှင့်အတူ မဖြူကားလေးဆီသို့ ခပ်သွက်သွက် လျှောက်သွားမိသည်။ သို့သော် သူကားနားရောက်ခါနီးမှာပင် ကားက ဝူးကနဲမောင်း ထွက်သွားသည်။

   ကားမောင်းထွက်သွားသည်နှင့် မဖြူရင်ထဲ ဟာကနဲကျန်ခဲ့သည်။ ဘာဖြစ်လို့ ကားကို မောင်းထွက်သွားတာပါလိမ့်၊ ဦးပဉ္ဇင်း မဟုတ်လို့ဘဲလား၊ ဦးပဉ္ဇင်း မျက်နှာကို ဘယ်လောက်ဝေးဝေးက ကြည့်ကြည့် ငါမှတ်မိပါတယ်၊ ငါက မျက်စေ့နဲ့တင် မကဘူး၊ နှလုံးသားနဲ့ပါ ကြည့်လိုက်တာ မှားစရာမရှိဘူး၊ အို … တွေးရခက်လိုက်တာ။

   မဖြူဆက်မတွေးတတ်တော့သဖြင့် ဆွမ်းဆန်ဇလုံကိုပိုက်ကာ လေးကန်သော ခြေလှမ်းများဖြင့် တိုက်ထဲသို့ ပြန်ခဲ့ရတော့သည်။

   အခန်း (၆)

   ကိုယ်တော်တစ်ပါးကို ဆွမ်းသပိတ်ကပ်ရင်းဖြင့် တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်သည်။ ကိုးနာရီထိုးပြီ ဒီအချိန်ဆိုရင် ဦးပဉ္ဇင်း ကြွလာနေကျပဲ၊ စိတ်စောနေသဖြင့် အိမ်ရှေ့ကိုထွက်၍ လမ်းမဆီသို့ လှမ်းကြည့်မိသည်။ ကိုယ်တော်တစ်ပါးတော့ ကြွလာတယ်၊ ဒါပေမယ့် ဦးပဉ္ဇင်းမဟုတ်ဘူး၊ မျက်နှာကရင့်တယ်၊ ဦးပဉ္ဇင်းမျက်နှာက ကလေးလိုနုနေတာပဲ စသည်ဖြင့်တွေးရင်း ဆက်ကြည်နေမိသည်။

   ထိုအချိန်တွင် တခြားလမ်းမှ ကိုရင်တစ်ပါးကြွလာပြန်သဖြင့် ပြေးပြီးဦးချသည်။ ပြီးတော့ ဆွမ်းနှင့် ဆွမ်းဟင်းလောင်း နောက်သပိတ်ကပ်၊ ဦးချပြီး တစ်ဖန်အိမ်ရှေ့သို့ထွက်ကာ ဦးသုမနကို မျှော်မိပြန်သည်။ 

   “ဘုရား၊ တရား၊ သံဃာနဲ့ အသက်သိက္ခာဂုဏ်ဝါကြီးတဲ့သူတွေကို ရှိခိုးဖို့၊ အရိုအသေပေးဖို့ ဝန်မလေးရဘူးနော် သိလားမဖြူ၊ ဘာဖြစ်လို့လည်းဆိုတော့ ရှိခိုးတဲ့သူ၊ အရိုအသေပြုတဲ့သူဟာ ဖြစ်လေရာဘဝ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလကြီးမားခြင်းဆိုတဲ့ ကောင်းကျိုးလေးမျိုးကို ရရှိခံစားရတယ်”

   “အရိုသေခံရသူ၊ အရိုအသေပြုခံရသူမှာတော့ ဘာကောင်းကျိုးမှ မရပါဘူး၊ ရှိခိုးခံထိုက်တဲ့၊ အရိုအသေပြုခံထိုက်တဲ့ သီလ၊ သမာဓိ၊ ပညာမရှိရင် တစ်ချို့ အပါယ်ငရဲတောင် သွားရသေးတယ်”

   တန်းဖိုးဖြတ်လို့မရသည့် အတွေးအခေါ်ပါသော ဦးသုမန၏ သြဝါဒစကားလေးများကိုလည်း နားထဲတွင် တစ်ရစ်ဝဲဝဲ ကြားနေသည်။ မဖြူရပ်စောင့်နေသည်မှာ နာရီဝက်ခန့်ပင် ရှိနေပါပြီ။ ခြေထောက်များပင် ညောင်းကိုက်လို့လာသည်။ ထိုအချိန်မှာပင် လမ်းထိပ်ဆီသို့ သူရင်းနှီးပြီးသား မျက်နှာတစ်ခုကို လှမ်းမြင်လိုက်သည်။ ဒါ ဦးခေမိန္ဒဖြစ်ရမယ်၊ ဦးခေမိန္ဒတောင် ကြွလာရင် ဦးပဉ္ဇင်း မကြွတော့ဘူးနေမှာ ဟူ၍ စိတ်ကို လျှော့ချလိုက်သည်။

   အိမ်ထဲကိုတော့ ပြန်မဝင်ဖြစ်သေး၊ ဦးပဉ္ဇင်းဘာဖြစ်လို့ မကြွတာလည်းဆိုတာ သေချာမေးရဦးမယ်၊ အတန်ကြာတော့ ဦးခေမိန္ဒ မဖြူတို့အိမ်ရှေ့ ရောက်လာသည်။ မဖြူက ကမန်းကတန်းမေးမိသည်။

   “ဦးခေမိန္ဒ၊ ဦးပဉ္ဇင်း ဘာဖြစ်လို့ မကြွတာလဲ”

   ဦးခေမိန္ဒက မဖြူကို ငေးမှိုင်သောမျက်နှာဖြင့် ကြည့်ရင်း

   “မဖြူ ဦးသုမန သူ့ရွာကို ပြန်သွားပြီ”

   “ဟင်”

   ဟူသော အလန့်တကြား အာမေဍိတ်အသံလေးက မဖြူနှတ်မှ ခုန်ပေါက်ထွက်သွားသည်။

   “ဘာ … ဘာဖြစ်လို့ ပြန်သွားတာလဲ ဘုရား”

   “သူ့ရွာက ကျောင်းထိုင်ဘုန်းကြီး ကျန်းမာရေးမကောင်းလို့ အရေးတကြီး ပြန်ရတာပဲ၊ သူ့အဖေဆီက ထည့်လိုက်တဲ့စာကိုလည်း မဖြူမိဘတွေဆီ ပေးခိုင်းလိုက်တယ်။ ပြီးမှ မဖြူလည်း ဖတ်ကြည့်ပေါ့။ ရော့ … ဒါက မဖြူရဲ့ မှတ်တမ်းစာအုပ် ဦးသုမနက မဖြူကို သေချာပေးပါလို့ မှာခဲ့တယ်”

   မဖြူစာအုပ်လေးကို လက်ကမ်းယူလိုက်ရင်း မျက်ရည်မကျအောင် မနည်းထိမ်းထားရသည်။ အိမ်ထဲ အမြန်ပြန်ဝင်ရင်း

   “မေမေ ဒီမှာ ဦးခေမိန္ဒက ပေးစရာရှိလို့တဲ့”

ဟု ဒေါ်ခင်ဝင်းကိုအော်ပြောကာ သူ့အခန်းထဲ ပြေးဝင်လိုက်မိသည်။ တံခါးကို ဂျက်ထိုးပိတ်ပြီးလျှင် စာအုပ်လေးကို ခပ်မြန်မြန်လှန်လိုက်သည်။ တခြား စာသားဘာကိုမှ မတွေ့ရ။ တစ်ကြောင်းနှင့် တစ်ကြောင်း ခပ်ခွာခွာရေးထားသော ကဗျာလေးတစ်ပုဒ်ကိုသာ တွေ့ရသည်။ ဝေ့တက်လာသော မျက်ရည်များကို မျက်တောင်ဖြင့် ပုတ်ခတ်ထုတ်လိုက်ပြီး ကဗျာကို သေချာဖတ်ကြည့်လိုက်သည်။

   ပျိုမြစ်နုနယ်

   လှမျိုးသွယ်ကို

   ချစ်လျက်သာ

   ခွဲရပါသည်

   ကမ္မဝါထမ်း

   ရွှေစာကျမ်းနှင့်

   မောင့်မှာ ရဟန်းဖြစ်သောကြောင့်။
~~~~~~~~~~~~~~~~~~
မဖြူသိလိုက်ပါပြီ။ စိတ်နဲ့သာချစ်ခဲ့ကြ။ စိတ်နဲ့သာ စကားပြောခဲ့ကြသော သန့်ရှင်းဖြူစင်သည့် ဣနြေ္ဒရှင် ချစ်သူတွေရယ်ပါ။ အများကြီးပြောစရာမလို စာပိုဒ်လေး ခုနှစ်ပိုဒ်ဖတ်ရသည်နှင့် သူတို့နှစ်ဦး ဒီဘဝမှာဖြင့် ဘယ်တော့မှ မတွေ့ကြရတော့ဆိုသည်ကို အလိုလိုသိနေသည်။ စာအုပ်ကို မပိတ်လိုက်မိခင်မှာပင် မျက်ရည်နှစ်စက် ကဗျာစာကြောင်းများပေါ်သို့ ကျသွားပြီး အကွက်လေးနှစ်ကွက် ဖြစ်သွားသည်။ 

   ချစ်သူနှစ်ဦး၏ မျက်ရည်စက် လေးစက်ဖြင့် စွန်းထင်းထားသော ကဗျာတစ်ပုဒ်သာပါသည့် စာအုပ်လေးကို ပိတ်လိုက်ပြီးသည်နှင့် မဖြူတစ်ယောက် ခေါင်းအုံးပေါ် မျက်နှာအပ်ကာ အသံမထွက်အောင်ထိန်းပြီး တသိမ့်သိမ့်ငိုနေသည်။ တစ်သက်တာ ဝေးရပြီ ဟူသော အသိက နှလုံးသားကို ကြွေမွအောင် အဖျစ်ညှစ်ခံရသလို နာကျင်လှသည်။

   အတော်လေးကြာတော့ ဒေါ်ခင်ဝင်းက မဖြူအခန်းတံခါးကို လာခေါက်ပြီး

   “သမီးမဖြူ ထမင်းစားရအောင်လေ၊ သမီးအခန်းထဲ အောင်းနေတာကြာလှပြီ”

   “မေမေ သမီးနေမကောင်းလို့ ထမင်းမစားချင်ဘူး” 

ဟူ၍သာ အသံကိုထိန်းပြီး ပြန်ဖြေလိုက်သည်။ ထိုအခါ ဒေါ်ခင်ဝင်းက 

   “အဲဒါဆို မေမေကြည့်ဦးမယ်လေ၊ သမီးတော်တော်ဖြစ်နေသလား”

   “တအားဖြစ်တာ မဟုတ်ပါဘူးမေမေ၊ ခေါင်းအုံတာလောက်ပါ”

   ထိုအခါကျမှ ဒေါ်ခင်ဝင်းပြန်လှည့်ထွက်သွားသောအသံကို ကြားရသည်။ မဖြူဘယ်သူ့ကိုမှ မတွေ့ချင် တစ်ယောက်ထဲပဲ နေချင်နေသည်။ ညစာစားချိန်ထိ သမီးဖြစ်သူထွက်မလာသောအခါတွင်ကား ဒေါ်ခင်ဝင်း စိတ်တအားပူသွားသည်။ သမီးအခန်းကို သွားပုတ်ရပြန်သည်။

   “သမီး မဖြူ ညနေစာ စားကြမယ်လေ”

   အခန်းထဲမှ ဘာသံမှထွက်မလာ၊ ဒေါ်ခင်ဝင်းက အသံကို မြှင့်လိုက်ကာ

   “သမီးမဖြူ၊ အမေခေါ်နေတယ်လေ ကြားရဲ့လား”

   အခန်းထဲမှာကား တိတ်ဆိတ်နေမြဲ ဒေါ်ခင်ဝင်း စိုးရိမ်စိတ်ကြောင့် တုန်လှုပ်ခြောက်ခြားလာသည်။ တံခါးကို တအားထုပြီး ခေါ်ပြန်သည်။ အထဲမှ ဘာသံမှ ထွက်မလာသောအခါတွင်ကား ဦးသက်ထွန်းထိုင်နေသော ဧည့်ခန်းဆီသို့ အပြေးသွားသည်။ နှုတ်မှလည်း

   “ကိုသက်ထွန်း လုပ်ပါဦး သမီးလေးကို ခေါ်လို့မရဘူး၊ သူ့ အိမ်ခန်းတံခါးကြီးလည်း ပိတ်ထားတယ်”

   “ဟေ .. အိပ်များ ပျော်နေပါဦးမယ်ကွာ”

   “ဘယ်က အိပ်ပျော်ရမှာတုန်း၊ ကျွန်မတံခါးကို တအားပုတ်နှိုးတာ”

   “ကဲ … ဒါဆိုမြန်မြန်လာ တံခါးကို သံတူရွင်းနဲ့ ကလန့်ပြီး ဖွင့်ရမှာပဲ”

   ဒေါ်ခင်ဝင်းအော်သံကြောင့် တစ်အိမ်လုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မဖြူအိပ်ခန်းဆီသို့ စုပြုံရောက်သွားသည်။ ဦးသက်ထွန်းက ယောက်ျားအားဖြင့် အခန်းတံခါးကို တအားပုတ်ကာ မဖြူနာမည်ခေါ်ပြီး နှိုးကြည့်ပြန်သည်။ အချီးအနှီးသာ၊ ဘယ်လိုမှ မရတော့သည့် အဆုံး လူဝင်တံခါးကို သံတူရွင်းနှင့် ခက်ခက်ခဲခဲ ကလန့်ပြီးဖွင့်ရတော့သည်။ 

အခန်းတံခါးပွင့်သွားသည်နှင့် အရင်ဆုံးတိုးဝင်သွားသူက ဒေါ်ခင်ဝင်း၊ ကုတင်ပေါ်တွင်ကား ပက်လက်ကလေး အသက်ပျေက်နေသော မဖြူ၏ ရုပ်အလောင်းကို တွေ့ရသည်။ ဆွမ်းလောင်းစဉ်က ယောဂီဝတ်စုံလေးဝတ်လျက် အတိုင်းပင်။

   “အဖြစ်ဆိုးလှချည်လား သမီးရဲ့” ဟူသော ဒေါ်ခင်ဝင်းငိုသံက ည၏တိတ်ဆိတ်မှုကို ဖောက်ထွင်းထွက်ပေါ်လာသည်။ ဦးသက်ထွန်း မျက်ရည်များက တစ်ပေါက်ချင်းလိမ့်ကျလာသည်။ သမီးကို ရင်ခွင်ထဲ ပွေ့ယူရင်းက အိပ်ယာဘေးမှ ပုလင်းတစ်လုံးကိုတွေ့၍ ကောက်ယူ ကြည့်လိုက်သည်။

   “အဆိပ် ပုလင်းပါလား”

ဟူသော ငြီးတွားသံနှင့်အတူ ဦးသက်ထွန်းလက်ထဲမှ ပုလင်းက ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။ ဦးသက်ထွန်းက မျက်ရည်များကြားမှ ဒေါ်ခင်ဝင်းကို လှမ်းကြည့်ရင်း

   “သမီးမှာ ဘာစိတ်ညစ်စရာတွေများ ရှိနေသလဲကွာ”

   “ကျွန်မ သိသလောက်တတော့ ဘာစိတ်ညစ်စရာမှ မရှိပါဘူး”

   ထိုခဏမှာပင် မဖြူ၏ ညာဘက်လက်က တစ်စုံတစရာကို မလွတ်တမ်းဆုပ်ထားသည်ကို တွေ့ရသဖြင့် ဒေါ်ခင်ဝင်းက လက်ကိုဖြေကြည့်သည်။ 

   သူတစ်ပါး လုယူသွားမှာကို စိုးသည့်အလား တင်ကြပ်စွာဆုပ်ကိုင်ထားသော လက်ချောင်းများကို ဒေါ်ခင်ဝင်းဖြေ၍မရ။

   ဦးသက်ထွန်းနှင့် နှစ်ယောက်ပေါင်းဖြေကြည့်မှ ဆယ်ကြိမ်မြောက် သွေးလှူရှင်တံဆိပ် ရင်ထိုးလေးဖြစ်နေသည်ကို တွေ့ရသည်။ သို့သော် ဦးသုမန ပေးထားမှန်း နှစ်ယောက်စလုံးမသိကြ။ မဖြူသူငယ်ချင်းတစ်ယောက်ယောက်က ပေးထားသည်ဟု ထင်ကြသည်။

   ဦးသက်ထွန်းက ရင်ထိုးလေးကို ကိုင်ကြည့်ရင်း

   “သမီး နှစ်သက်တဲ့ပစ္စည်းကို သမီးနဲ့အတူ ထည့်ပေးလိုက်မှာပါကွယ်” ဟုဆိုပြီး၊ မဖြူရင်ဘက်မှာ တွယ်ပေးလိုက်သည်။ ဒေါ်ခင်ဝင်း၏ မချိတင်ကဲ ငိုကြွေးသံများက တစ်ညလုံး မစဲတော့ပါချေ။

   အခန်း (၇)

   ဦးသုမန ရောက်လာတော့ အုန်းပင်တောတစ်ရွာလုံး ဝမ်းသာကြသည်။ ကျောင်းထိုင်ဆရာတော်ကြီး ကလည်း စိတ်ချရအောင် ကျောင်းကို ဦးသုမနအား တစ်ခါတည်းလွှဲအပ်လိုက်သည်။ ကျောင်းသာယာရေးကိစ္စ၊ ကျောင်းသားများ ပညာရေးကိစ္စ၊ သာရေးနာရေးကိစ္စများဖြင့် တရစပ်အလုပ်များနေရာ ရန်ကုန်မှ ရလာသော နှလုံးသား ဒဏ်ရာက သက်သာစပြုသလို ရှိလာသည်။

   ထိုအချိန်မှာပင် သက်သာသပြုနေသော ဒဏ်ရာကို ဓားနှင့်ဆွသလို ဖြစ်စေသည့် အကြောင်းတစ်ခု ပေါ်ပေါက်၍လာသည်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေးဟူသော စကားပုံအတိုင်း ဖြစ်စေသည့် စာတစ်စောင်က ဦးသုမနဆီကို ရောက်လို့လာသည်။ ဦးခေမိန္ဒဆီမှ ရေးလိုက်ခြင်းဖြစ်သည်။ စာပေးသူပြန်သွားသည်နှင့် ဦးသုမနက စာအိတ်ကို ချက်ခြင်းဖောက်ပြီးဖတ်လိုက်သည်။ 

   သို့ /

   ဦးသုမန

   သတိတရ စာသဝဏ်လွှာ ပါးလိုက်ပါတယ်။ အကြောင်းထူးရှိလို့ ရေးလိုက်တာပါ။ ဒီအကြောင်းကို ဦးသုမနဆီရေးသင့် မရေးသင့် တပည့်တော်နဲ့ ဦးသီလာစာရတို့ အထပ်ထပ်အခါခါ ဆွေးနွေးတိုင်ပင်ကြပါတယ်။ နောက်ဆုံး အသိပေးသင့်တယ်လို့ ယူဆလို့ ဒီစာကို တပည့်တော်ရေးလိုက်တာ။

   ဦးသက်ထွန်းတို့ ဒေါ်ခင်ဝင်းတို့ကလည်း ဒီအကြောင်းကို အရှင်ဘုရားဆီ အကြောင်းကြားပေးဖို့ လျှောက်ထားလာတယ်။ အရှင်ဘုရားရဲ့ ရဟန်းအမလို့လည်းခေါ်နိုင်၊ ဆွမ်းအမလို့လည်း ခေါ်နိုင်တဲ့ မဖြူတစ်ယောက် ဆေးသောက်ပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားရှာတယ်။

   “ဟင်”

   “ဖြစ်မှ ဖြစ်ရလေ မဖြူရယ်”

ဟု ငြီးတွားရင်း စာရွတ်ကလေးသည် ဦးသုမနလက်ထဲမှ လွတ်ကျသွားသည်။ 

   “ငါမှားတယ်၊ ငါမှားတယ်၊ ဘာအကျိုးအကြောင်းမှ မပြောပြဘဲ၊ သူရဲဘောကြောင်ပြီး လက်လွတ်ပြေးခဲတဲ့ ငါ့ရဲ့အမှားပဲ”

   “တခြား ဘာအကြောင်းမှ မရှိဘူး မဖြူရယ်၊ မောင်ဟာ ရဟန်းဖြစ်နေတာ တစ်ခုတည်းကြောင့်ပါ”

   “မောင်ဟာ ရဟန်းဖြစ်နေတာ တစ်ခုကြောင့်ပါ မဖြူ”

   “မောင်ဟာ ရဟန်းဖြစ်နေတာ တစ်ခုကြောင့်ပါ မဖြူရယ်”

   ဦသုမနသည် ထိုစကားဝါကျကိုသာ အထပ်ထပ်အခါခါ ပြောနေသည်။ စာတတ်ချိန်ကျ၍ ကိုရင်ကျောင်းသားများ သူ့ကုလားထိုင်ဘေးမှ ဝိုင်း၍ ထိုင်နေကြသော်လည်း သူကား သတိထားမိဟန်မရှိ။ အထက်ပါ ဝါကျကိုသာ ခပ်ကျယ်ကျယ်ကြီး ဆက်ကာဆက်ကာ ပြောနေသည်။

   သေချာစိုက်ကြည့်လျှင် သူ၏ မျက်စိသူငယ်အိမ်သည် ဝဲလှည့်သလိုလည်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဦးသုမနက စာမချဘဲ သူတို့ကို စိုက်ကြည့်ပြီး ပြောချင်ရာပြောနေသောအခါ ကိုရင်ကျောင်းသားများ ထပြေးကြပြီး လူကြီးသူမများကို သွားခေါ်ကြသည်။ 

   ရပ်ရွာလူကြီးများသည် တခြားအိမ်က လူနာကိုလာကြည့်သော ဆရာဝန်ကိုပင် အကျိုးအကြောင်း ပြောပြပြီး မေတ္တာရပ်ခံကာ ခေါ်လာကြသည်။ လူကြီးများခေါ်ဆောင်မှုဖြင့် ဦးသုမနသည် သူ့အခန်းက ကုတင်ပေါ်ရောက်ပြီး ပက်လက်ကလေးဖြစ်နေသည်။ သို့သော် ဦးသုမနကား အထက်ပါစကားဝါကျကို အဆက်မပြတ် ပြောနေဆဲသာဖြစ်၏။

   ဆရာဝန်က မျက်ခွံတွေကိုပါ လှန်ကြည့်လိုက်ပြီး

   “စိတ်တော်တော် ထိခိုက်သွားတယ် ထင်တယ်။ လအတော်ကြာအောင် စိတ်ငြိမ်ဆေး တိုက်ပေးရမယ်”

ဟူသော စကားသည် အုန်းပင်တောရွာသားများ ရင်ကို ခြေနှင့်ကန်လိုက်သလို ဖြစ်သွားသည်။ ဦးသုမနကာ တခြားဘာအသိမှမရှိ။ 

   “မောင့်မှာ ရဟန်းဖြစ်နေတာ တစ်ခုကြောင့်ပါ မဖြူရယ်”

ဟူ၍သာ အထပ်ထပ်အခါခါ ပြောနေလျှက်။

မေတ္တာရှင်-ရွှေပြည်သာ
စာရိတ္တသတ္တိ စာအုပ်မှ
ကူးယူဖော်ပြပါသည်။

No comments:

Post a Comment