(((ဝေဒါသာကု ကုသာဒါဝေ))) ဗဟုသုတပေါ့
ဝေဒါသာကု ဂါထာပြန်ကို ကြားဖူးကြမှာပါ။ ဂါထာပြန် ဆိုတဲ့အတိုင်း ဂါထာရဲ့ အကြောင်းတိုင်းဟာ ရှေ့က ဖတ်ဖတ် နောက်က ဖတ်ဖတ် အတူတူဖြစ်ပါတယ်။ အင်္ဂလိပ် Palindrome စာကြောင်းတွေလိုပါပဲ။ ဒီလို ရေးနည်းမျိုးဟာ ရှေးမြန်မာ ကဗျာများထဲမှ အဖျားကောက် ရေးနည်းမျိုး ဖြစ်သည်ကို တွေ့ပါမည်။ အင်္ဂလိပ် Palindrome ဆိုသည်မှာ ရှေ့မှ ဖတ်ဖတ်၊ နောက်မှ ဖတ်ဖတ်၊ အဓိပ္ပာယ်ရှိသော စကားလုံး၊ စာကြောင်း၊ ကိန်းဂဏန်းများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ဒီတော့ ပြောင်းပြန်ဖြစ်သည့်တိုင် အဓိပ္ပာယ်ရှိနေဆဲ ဖြစ်သည်ဟု ဆိုရပါမည်။ ဥပမာ 8019108, 123454321 စတဲ့ ဂဏန်းမျိုး၊ LEVEL, MADAM, NOON, RADAR, ROTATOR ဆိုတဲ့ စကားလုံးမျိုးတွေဖြစ်ပါသည်။ ထင်ရှားတဲ့ Palindrome စာကြောင်းက စစ်ဘုရင်ကြီး နပိုလီယန် ပြောခဲ့တဲ့ "Able was I ere I saw Elba" ဆိုတာပါ။ စာကြောင်းကို နောက်က ပြန်ဖတ်လည်း အတူတူပဲ ဖြစ်တာ တွေ့ရပါမယ်။
မြန်မာပညာထဲမှာ ဒီလိုမျိုး ပုံစံရှိတဲ့ ဂါထာတွေကို နမူနာပြပါဆိုရင် တန်ပြန်နမောနှင့် နမောပြန်ဂါထာတွေကို ပြရမှာ ဖြစ်ပါတယ်။
တန်ပြန်နမောဂါထာမှာ နမောတဿ အစချီသော ဂါထာကို အနောက်မှ တစ်ခါပြန်ကောက်ပြီး ရေးသားခြင်းဖြစ်သည်။ ဂါထာကိုနောက်မှ ပြန်ဖတ်လျှင်လည်း ရှေ့မှဖတ်သည်နှင့် အတူတူဖြစ်သည်ကို တွေ့ရမည်။
"နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္မုဒ္ဓဿ
ဿဒ္ဓမ္ဗု သမ္မာ သတော ဟရ အတောဝ ဂဘဿ တမောန"
အလားတူ ဂါထာတစ်ပုဒ်မှာ နမောပြန်ဂါထာပဲ ဖြစ်ပါတယ် ထိုဂါထာကို မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တ မကြာခဏ ရွတ်ဖတ်လေ့ရှိသည်ဟု မှတ်ဖူးပြီး အက္ခရာ ၁၅ လုံးပါသော ထိုဂါထာမှာလည်း တန်ပြန်နမောဂါထာကဲ့သို့ အနောက်မှ ပြန်ဖတ်လျှင် အတူတူ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
"နမောတဿ ယတော မဟိမတော ယဿတမောန"
အနောက်တိုင်း ဂမ္ဘီရပညာထဲက သမိုင်းဝင်တဲ့ Palindrome အစီအရင်ကို ပြပါဆိုရင်တော့ Latin ဘာသာနဲ့ဖြစ်တဲ့... "SATOR AREPO TENET OPERA ROTAS" ဆိုတာကို ပြရပါမယ်။ ဒီစာကြောင်းကို ရှေ့က ဖတ်ဖတ် နောက်ကဖတ်ဖတ် အတူတူပဲ ဆိုတာ တွေ့ရပါမယ်။ အဲဒါကို Magic Square (မှော်စတုရန်းကွက်) အနေနဲ့ ဖန်တီးလိုက်တဲ့အခါ Palindrome Square ဆိုပြီး ရပါမယ်။ ဒါကို Sator Square လို့ ခေါ်ပါတယ်။ (ပုံ -၁) မြန်မာပညာတွေထဲမှာ Palindrome Square ဖန်တီးလို့ ရတဲ့ ဂါထာကို ပြပါဆိုရင်တော့ ဝေဒါသာကု ဂါထာထည့်သွင်းထားတာကို ပြဆိုနိုင်ပါတယ်။ (ပုံ - ၂) ဝေဒါသာကု ဂါထာကို စေတီပုံ (လှေကားထစ် သဏ္ဍာန်) မျိုး ရေးသွင်းတာလည်း ရှိပါတယ်။ (ပုံ - ၃)။ ခိုနန်းချိုးအင်းများတွင်လည်း မြင်းသွား ရေးသွင်းကြတာ တွေ့ရပါတယ်။ (ပုံ - ၄)
ဝေဒါသာကု ဂါထာသည် သိကြားမင်းအား ရှင်မောဂ္ဂလန်က ပေးသော ဂါထာဖြစ်သည်ဟု ဆိုလေသည်။ တာဝတိံသာနတ်ပြည် မြို့လေးထောင့်၌ စိုက်ထားသော ကျောက်တိုင် လေးတိုင်တွင် ထိုဂါထာကို ရေးထိုးထားသည်ဟု ဆိုလေသည်။ (အချို့မူများတွင် အင်းချကာ မြှပ်နှံထားသည်ဟု ဆိုလေသည်။) ကျမ်းကိုးများအရ နတ်နှင့် အသူရာတို့ စစ်ပြုသောအခါ အသူရာတို့သည် ထိုဂါထာကို မြင်လျှင် ကြောက်ရွံ့၍ ပြေးလေသည်ဟု ဆိုလေသည်။ သိကြားမင်း၏ အသက်ကိုပင် စောင့်ရှောက် အကာအကွယ်ပေးသော ဂါထာဖြစ်၍ သိကြားသက်စောင့် ဂါထာ (သင်္ဂဟဂါထာ) ဟု ဆိုလေသည်။ ရွှေပေါ်ကျွန်းဆရာတော်ကြီး၏ မူအရ ကျန်စစ်သားဂါထာဟု ဆိုလေသည်။
ဝေဒါသာကု ဂါထာနှင့် အလားသဏ္ဍန်တူ "ဒေဝါကာနိ၊ ပြစိစေက" စသည့် ဂါထာပြန်များလည်း ရှိပါသေးသည်။ ထိုဂါထာများထဲတွင် သိကြားမင်းရွတ်ဆိုသော ဝေဒါသာကု ဂါထာကိုသာ အနက်ဖွင့်ဆိုထားသည်ကို တွေ့ရှိဖူးပြီး အခြားဂါထာများ၏ အနက်ကို ဖွင့်ဆိုထားသော မှတ်တမ်းမှတ်ရာများကို မဖတ်ရှုရဖူးပေ။ (မှတ်ချက်။ ။ ကျွန်တော်လက်လှမ်း မမီသည်လည်း ဖြစ်နိုင်ပေသည်။) ဝေဒါသာကု ဂါထာကို ဖွင့်ဆိုထားသည်ကို ကျမ်းများ၊ စာအုပ်များတွင် မူကွဲအမျိုးမျိုးဖြင့် တွေ့ရလေသည်။ အဓိကအားဖြင့် ၂ မျိုးရှိသည်ကို တွေ့ရမည်။
ဝေဒါသာကု ဂါထာ - မူကွဲ (၁)
ဝေဒါသာကု ကုသာဒါဝေ
ဒါယသာဒ ဒသာယဒါ
သာသာဓိကု ကုဓိသာသာ
ကုတကုဘု ဘုကုတကု
......................................
ဝေ- ရန်သူတို့သည်
ဒါ- ဝေးသောအရပ်သို့
သာ- လျှင်စွာ
ကု- ပြေးစေကုန်သတည်း။
ကု- မကောင်းသောသူတို့သည်
သာ- မိမိအလိုလို
ဒါ- အကြံအစည် ပျက်သောအားဖြင့်
ဝေ- ပျောက်စေကုန်သတည်း။
ဒါ- ဒါနစေတနာကြောင့်
ယသာ- အခြံအရံ အကျော်စောတို့သည်
ဒ- ပွားစေကုန်သတည်း။
ဒသာ- ဆယ်ပါးသော ရန်သူတို့သည်
ယ- ကုသိုလ်ဆယ်ပါး တန်ခိုးအားကြောင့်
ဒါ- ပျောက် စေကုန်သတည်း။
သာသာ- မက်မောခြင်းဖြစ်သော သူတို့နှင့်
ဓိ- ရှည်မြင့်စွာ
ကု- မပေါင်းဖော်ရခြင်း ဖြစ်စေ ကုန်သတည်း။
ကု - ထိုသို့သော အမျက်မာန မာန်တက်သူတို့နှင့်
ဓိ - ရှည်မြင့်စွာ
သာ - မပေါင်းဖော်ရသည်
သာ - ဖြစ်ပါစေသတည်း။
ကု - ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော
ဒ - သူတော်ကောင်း တို့နှင့်သာလျှင်
ဘု - ဖြစ်လေရာ သံသရာ ဘ၀ အဆက်ဆက်၌
ကု - တွေ့ဆုံပေါင်းဖော်ခြင်းကို ပြုရစေသတည်း။
ကု- စက်ဆုတ်ရွံရှာ မကောင်းစွာသော သူတို့နှင့်
ဘု- ဖြစ်လေရာရာ အရပ်၌
ဒ- အခါခပ်သိမ်း
ကု- မတွေ့ရသည် ဖြစ်စေသတည်း။
=================
ဝေဒါသာကု ဂါထာ - မူကွဲ (၂)
ဝေဒါသာကု ကုသာဒါဝေ
ဒါယသာတ တသာယဒါ
သာသာဒိကု ကုဒိသာသာ
ကုတကုဘု ဘုကုတကု
......................................
ဝေဒါသာ - ရန်အပေါင်းတို့သည်
ကု - ဝေးစွာအရပ်သို့ ခွာ၍
ဝေ - စင်စစ်
ကုသာဒါ - ပျောက်ပျက် စေကုန်သတည်း။
ဒါယသာ - အခြံအရံ အကျော်အစောတို့သည်
တ - လျင်စွာ ဖြစ်စေသတည်း။
တသာ - ကောင်းသော ဥစ္စာ ပရိက္ခရာတို့သည်
ယဒါ - အလိုအတိုင်း ပြည့်စုံစေသတည်း။
သာသာ - ကြီးသော ဘုန်းတန်းခိုး အသရေတို့သည်
ဒိကု - လျင်စွာပြည့်စုံသည် ဖြစ်၍
ကုဒိ - ကောင်းသော အခြံအရံတို့သည်
သာသာ - ကောင်းစွာ ပြည့်စုံစေသတည်း
ကုတ - ကြီးသော လဘ်လာဘတို့သည်
ကုဘု - မပျောက်မပျက် ရောက်သည်ဖြစ်၍
ဘုကု - ကောင်းသော အစီးအပွားတို့သည်
တကု - လျင်စွာ ရောက်စေသတည်း။
=================
ဝေဒါသာကု ဂါထာသည် သိကြားမင်းကိုပင် စောင့်ရှောက်သောကြောင့် ရွတ်ဖတ်၊ ဆောင်ယူ၊ အသုံးပြုသူများအား ဘေးရန်ကင်းစေခြင်း၊ အတိုက်အခိုက်ကင်းစေခြင်း၊ မကောင်းဆိုးဝါးများ မနှောက်ယှက်နိုင်ခြင်း၊ ဘုန်းတန်းခိုးကြီးခြင်း၊ ပစ္စည်းဥစ္စာတိုးပွားစေခြင်း စသည့် အကျိုးများ ရရှိစေသည်ဟု ကျမ်းအထွေထွေက ပြဆိုကြပါသည်။ ဆယ်ပါးသော ရန်ကို အထူးကာကွယ်ပေးသာ ဂါထာဖြစ်သည်ဟုလည်း ဆိုကြလေသည်။
=================
အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး (MMTL)
No comments:
Post a Comment