Friday, April 8, 2016

သီတဂူဆရာတော် ဧည့်သည်တော်တွေ့ဆုံ "

" သီတဂူဆရာတော် ဧည့်သည်တော်တွေ့ဆုံ "
(အမေရိကန်သံအမတ်နှင့်ဆွေးနွေးမှုမှတ်တမ်း)

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးထံသို့ ၈-၄-၂၀၁၆ ရက်နေ့ နံနက် ၈း၃၀ နာရီအချိန်တွင် မြန်မာနိုင်ငံသို့ အသစ်ပြောင်းရွေ့လာသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Mr. Scot A Marciel မှ လာရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်ခဲ့ပါသည်။

ထိုတွေ့ဆုံပွဲမှာ သီတဂူဆရာတော်ကြီး နှင့် သံမတ်ကြီးတို့သည် ဘာသာရေး၊ လူမှုရေး၊ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းလာမည့် နိုင်ငံရေး အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

သံမတ်ကြီးက ယ္ခုလို စနစ်ပြောင်း၊ အစိုးရပြောင်းကာလမှာ အမေရိကန်ဘက် ဘာလုပ်ပေးသင့်သလဲ၊ ဘာအကူညီပေးသင့်သလဲ အကြံပြုပေးပါဟု တောင်းဆိုရာတွင် -

သီတဂူဆရာတော်ကြီးက နံပါတ်တစ်အနေဖြင့် နိမ့်ကျနေသည့် မြန်မာ့ပညာရေးကို ပြည့်ဝစွာ ထောက်ပံ့ပေးရန် တောင်းဆိုသည်။ စစ်အစိုးရလက်ထက်မှာ တိုင်းနှင့်ပြည်နယ် အနှံ့ တက္ကသိုလ်များ မျာစွာတည်ဆောက်ခဲ့သည်မှာ သံအမတ်ကြီး သိရှိလေ့မည်ဟု ထင်မြင်မိပါကြောင်း၊ ထိုတည်ဆောက်ခဲ့သော တက္ကသိုလ်များဟာ သင်ကြားရေးပိုင်း၊ ပစ္စည်းသုံးနိုင်မှု အပိုင်း၊ အဆောက်အဦပိုင်း ဘာတစ်ခုမျှ အရည်အချင်း ပြည့်မှီခြင်းမရှိကြောင်း၊ ထို့ကြောင့် မြန်မာ့ပညာရေး နိမ့်ပါးခဲ့ကြောင်းရှင်းပြပါသည်။

ဆရာတော်ကြီးက ပြောင်းလဲလာတဲ့ အစိုးရနှင့်အတူလိုက်ပါပြီး အမေရိကန်နိုင်ငံဘက်မှ တက္ကသိုလ်တစ်ခုလာတည်ဆောက်ပြီး ဆရာအပြည့်အစုံ သင်ကြားထောက်ကူ ပစ္စည်းအပြည့်အစုံဖြင့် လာရောက်ဖွင့်လှစ်သင်ကြားပေးသင့်ကြောင့် အကြံအပြုပြောဆိုခဲ့ပါသည်။

ဒုတိယအနေဖြင့် မြန်မာပြည်မှာ နည်းပညာမထွန်းကာလှကြောင်း၊ အကြောင်းမှာ နည်းပညာသင်ကြားသည့် ကျောင်းကောင်းကောင်းမရှိကြောင်း၊ စက်ရုံကြီးများ မရှိလှကြောင်း၊ ဒါ့ကြောင့် အမေရိကန်ဘက်မှ နည်ပညာသင်ကြားပေးနိုင်မည့် ကျောင်းကြီးများ၊ သင်တန်းကျောင်းကြီးများ၊ စက်ရုံကြီးများ အမြန်ဆုံး လာရောက်ဖွင့်လှစ်သင့်ပါကြောင်း အကြံဥာဏ်ပြုပါသည်၊

ဆက်လက်၍ သီတဂူဆရာတော်ကြီးက ယခင်အစိုးရ လက်ထက်မှာ အမေရိကန်အစိုးရဘက်မှ စီးပွားရေးဒဏ်ခတ်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ယ္ခုအခါ လုံးဝ စီးပွားရေးဒဏ်ခတ်မှုတွေ အမြန်ဆုံး ရုတ်သိမ်းသင့်ပါကြောင်း၊ အရပ်ဖက်၊ စစ်ဖက် ကောင်းမွန်သော ဆက်ဆံရေးကို အမြန်ဆုံးတည်ဆောက်သင့်ပါကြောင်း၊ မြန်မာတပ်မတော်သား ၁၀၀၀ ကျော်ဟာ ရုရှားမှာ ပညာသင်၊ စစ်သင်တန်းများ တက်ရောက်နေရကြောင်း၊ မိမိအနေဖြင့် ပိုမိုသော ကျယ်ပြန့်သော အတွေးအခေါ်ရရှိနိုင်ရေးအတွက် အမေရိကန်ဘက်ကလည်း စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများကို အမေရိကားတွင် ပညာသင်ကြားခွင့် ပေးသင့်ကြောင်း၊ သင်တန်းများ တက်ရောက်ခွင့်ပေးသင့်ကြောင်း အကြံဥာဏ်များပြုခဲ့ပါသည်။

ထိုပြောကြားချက်များကို သံအမတ်ကြီးက အမေရိကန် မြန်မာ စစ်ဖက်၊ အရပ်ဖက် ဆက်ဆံရး ကောင်းမွန်ရန် လက်ရှိလုပ်ဆောင်နေသည့်လုပ်ငန်းများ၊ ရှေ့ဆက်လက်လုပ်မည့် လုပ်ငန်းများကို ရှင်းပြပါသည်။
သံမတ်ကြီးက ဆရာတော်ကြီး အကြံဥာဏ်ပြုသည့် အကြံပြုချက်များကို မှတ်သားထားမည်ဖြစ်ကြောင်း ပြန်လည် လျှောက်ထားပါသည်။

သီတဂူဆရာတော်ကြီးက သံအမတ်ကြီးနှင့် နောက်ပါ ဝန်ထမ်းများကို စာအုပ်များ လက်ဆောင်ချီးမြှင့်ခဲ့ပါသည်။ သံမတ်ကြီးနှင့် ဝန်ထမ်းများက သီတဂူဆရာတော်ကြီးနှင့် သီတဂူအတွက် အမေရိကန်သံရုံနဲ့ ပတ်သက်ပြီး ကိစ္စကြီးငယ်ရှိပါက အချိန်မရွေး ဆက်သွယ် အကူညီတောင်းနိုင်ပါကြောင်း ပြောကြားရင် တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ပါသည်။

#U.S. Ambassador Scot Marciel
REF#http://burma.usembassy.gov/ambassador.html

==============================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့
==============================
Posted by သီတဂူသတင်း
ဓါတ်ပုံ - သီတဂူအောင်သန်းဝင်း

No comments:

Post a Comment