Tuesday, November 12, 2019

" တေးထပ်ဘွဲ့ "

" တေးထပ်ဘွဲ့ "

တေးရိုးပေါ် ရေးစပ်သမို့၊
တေးထပ်လို့ မည်ခေါ်၊
တွေးအပ်ဖို့  နရီတော်ကို၊
အမှီနော် လိုက်စား။
ဖွဲ့ဆိုသ လူတရာမှာ၊
ချူချာကာ  ရောဂါသည်များ....။

ဧကန်က နယလာသည်၊
အစမှာ ချီငြား၊
အချမှာ အီမထားပါနဲ့၊
ဒီအမှား သိစေ....။
ချတခါ ချီတလှည့်ပာမှ၊
ပီမကွဲ့ တေးထပ်အနေ...။

တလုံးချိတ် သာမညေ၊
နှစ်ဖြာဒွေ မှတ်စွဲ၊
ဖတ်မလွဲ အရိုးခံ၊
သုံးချက်ညီကျန်...။
တေးထပ်သို့  အရေးကြံလျှင်၊
တေးသဏ္ဍာန် ကျက်ပါတော့လေး.....။

                           ရွှေလုံမြေ

ဂရု သံ ၁၈ပါး အလွယ်မှတ်နည်း

"ဟိုမှာ... လူကုံထံတွေ ယှဉ်ထိုင်ကုန်ပြီ
ခင်မောင်စည်ရယ်...
အိမ်ပြန်နော်....တိန်"😜😁😁

ကျန်တာ လဟုသံ ၄၆ ပါးလို့မှတ်ပါ။

လွယ်ကူရှင်းလင်းစွာ မြင်နိုင်ရန်
ဆရာမောင်မိုးပွင့်(ရေကြည်) ရဲ့ ဂရုလဟုပြဇယားကို
သုံးထားပါသည်။

Monday, October 28, 2019

ကရင် ဟူသောဝေါဟာရ ဖြစ်ပေါ်လာပုံနှင့်

ကရင် ဟူသောဝေါဟာရ ဖြစ်ပေါ်လာပုံနှင့်
ပတ်သက်၍ အယူအဆ အမျိုးမျိုးရှိသည်ကို
တွေ့ရပေသည်။ သမ္မောဟဝိနောဒနီ စသည်၌
ပါသော (ကိရာတသဒ္ဒါ)ကို ဆရာတော်ကြီးများက
**ကရင်** ဟု အနက် မြန်မာပြန်ဆိုကြသည်။

အဘိဓာန်နိဿျသစ်၌လည်း ကိရာတ = ကရင်
ဟူ၍ပင် မြန်မာပြန်ဆို၏ **ကိရာတ** ဟူသော
ပါဠိမှ တစ်ဖန် **ကရ** ဖြစ်လာ၏ ထို *ကရ*မှ
တစ်ဖန် **ကရင်**ဟု ခေါ်ဝေါ်ရေးသားကြသည်။

လက်ဖြင့် တောင်ယာခုတ်ခြင်း စူးထိုးခြင်းစသော
အမှုကို ပြုတတ်သောကြောင့် ပါဠိဘာသာဖြင့်
**ကရ**လူမျိုးဟု ခေါ်ဝေါ်ကြ၍ နောက်နောက်
သောအခါ ကာလရွေ့လျောသဖြင့် ပါဠိပျက်လျက်
**ကရင်**ဟုခေါ်ဆိုကြောင်း သောဠဿရဋ္ဌဒီပနီ
ကျမ်းတွင် ဖော်ပြထားသည်ကို ကရင်ရာဇဝင်ကျမ်း၌
လေ့လာတွေ့ရှိရပါသည်။ ကရဏ္ဏကတိုင်းသား
ဖြစ်သောကြောင့် ကရဏ်ဟုခေါ်ကြသည်။
ထို ကရဏ်မှ ကရင်ဖြစ်လာသည်။ သို့ဖြစ်၍
ကရင် ဟူသောဝေါဟာရသည် ကိရာတသဒ္ဒါ
ကရသဒ္ဒါ ကရဏ္ဏကသဒ္ဒါ တို့မှ ဆင်းသက်လာသော
ပါဠိသက်ဝေါဟာရဖြစ်ကြောင်း သိရှိရပေသည်။

သုဝဏ္ဏဘူမိတိုင်းသည် ဂေါတမမြတ်စွာဘုရား
မပွင့်မီအခါက ကရဏ္ဏကတိုင်းဟုအမည်တွင်
သည်။ ထိုအခါကာလ ကွင်းပြင်မြေညီ၌နေသော
ကရဏ္ဏကတိုင်းသား လူအများကို မွန်ဟုခေါ်
ဆိုကြသည်။ တောတောင်၌နေသော ကရဏ္ဏက
တိုင်းသားလူအများကို ကရဏ်မှ ကရင်ဖြစ်လာ
လေသည်။

မြန်မာအင်္ဂလိပ်ပါဠိအဘိဓာန်၌လည်း
ကာရည = ကရင် = akaren= ဟု ဖွင့်ဆိုထားလေ
သည်။

ကရင်နှင့်ပတ်သက်သော မြန်မာ့သမိုင်းဆရာအချို့
က **ကမ်းယံ* စကြော * တောင်သူ(ပအူ) စသော
ဝေါဟာရများသည် **ကရင်** ဖြစ်သည်ဟု
ဖော်ပြထားကြောင်း တွေ့ရှိရသည်။

ပုဂံကျောက်စာတို့တွင် **ကရင်**ဟူသော
ဝေါဟာရကို များစွာမတွေ့ရသော်လည်း စကြော
တောင်သူအမည်များကိုကား များစွာ တွေ့ရှိရပေ
သည်။ ပုဂံခေတ် ရွှေကွင်းချကျောက်စာမှ
**ပုခြာခါဆီ ၃၈ ကရင်ထမီပြောက်** ကရင်ထမီ
ပြောက်ကို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရ
ပေသည်။

ပြည်တော်သာဦးထွန်းရီ ရေးသားသော
**ပါဒနိုင်ငံရာဇဝင်** တွင် **ကရီကို ကရင်**ဟု
ဖော်ပြထားသည်။ တရုတ်လူမျိုးများက
ကရင်ကို **ယန်း**ဟုခေါ်သည်။ ရှမ်းနှင့်ထိုင်း
လူမျိုးက **ယန်း. ကလယန်း** ဟုခေါ်ဝေါ်ကြ
သည်။

မွန်များက **ကရီယန်**ဟုခေါ်သည်။
မဟာရာဇဝင်ကျမ်း၌ ဖော်ပြချက်အရ ပျူ ကမ်းယံ
သက်လူမျိုးကြီး (၃)မျိုးအနက် **ကမ်းယံ**ဟု
ခေါ်သောအမျိုးမှာ ကရင်ဟူသောအမည်သို့
ပြောင်းလဲလာကြောင်းကို
(Sir AuthurvPhayre) က တင်ပြထားသည်ကို
လည်း တွေ့ရှိရပေသည်။

နိုင်ငံခြားသားတို့၏ မှတ်တမ်းများတွင်ကား
ကရင်တို့ကို ကရေနာ(ကရီယန်နာ) Carayners ဟု
Colonel Symes - ရေးသား၍
Father Sangermano - ကမူ (Carians) ဟု
ရေးသားထားပေသည်။ **သုဝဏ္ဏဘူမိတိုင်း သည်
ရှေးအခါက နေထိုင်ခဲ့သော ကရဏ္ဏကတိုင်းသား
များသည် ကရင်များဖြစ်သည် ** ဆိုသည့်စကား
နှင့် ဆက်နွယ်နေပါသည်။

ကိုးကား -  ကရင်တိုင်းရင်းသားတို့၏
ဘာသာယဉ်ကျေးမှုနှင့်ယဉ်ကျေးမှု
အရှင်ဂုဏသာမိ (ကေါ့ကရိတ်) စာအုပ်မှ
Crd
ရှာဖွေစုစည်းတင်ဆက်သူ
Ven Pa Nna Su Kha Vam Sa( Love  Karen)
စောပွန်ည့ာစူးခလိန်း ( ကရဏ္ဏကတိုင်းသား)
**#စိမ်းလန်းစိုပြေဒေါနအလှဇွဲကပင်မြေ **
ယှူးခိုင်းမုက်ဝ်ှယဝ့်ကျာ်သြီ့ထင်းထဝ့်ဍုဂ်ပါင်လာ.ဆာ်

Sunday, October 27, 2019

“အသည်းကင်ဆာ အတွက် ၀မ်းမြောက်ဖွယ်သတင်း”

ဆေးနည်းကတော့လက်ခုတ်သီးနဲ့စွန်လက်သဲမြစ် သွေးတိုက်တာပါတဲ့။

Sky Net က သာသနာဖျက်နေပြီ (သိုမဟုတ်) ထေရဝါဒကို ဖျက်ဆီးတော့မည် Sky Net

Sky Net က သာသနာဖျက်နေပြီ
(သိုမဟုတ်)
ထေရဝါဒကို ဖျက်ဆီးတော့မည် Sky Net **********
သာသနာဖျက်ဖို့ လွှင့်တာလား ငွေကိုမက်လို့ လွှင့်တာလား ပါတီကိုယ်တော်ဖြစ်လို့ လွှင့်တာလား- မပြောတတ် သောဘိတ(အလင်္ကာကြယ်)အမည်ခံ ထေရ်ကြီးဝါကြီးတွေ စော်ကားနေတဲ့ရဟန်းကို Sky Net ကလွှင့်ပေးမယ်တဲ့ ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ Sky Net ကို မေးသင့်ပါပြီ သာသနာဖျက်ဖို့ လွှင့်တာလား ငွေကိုမက်လို့ လွှင့်တာလား ပါတီကိုယ်တော်ဖြစ်လို့ လွှင့်တာလား ********** ဗုဒ္ဓဘာသာကို ဖျက်ဆီးဖို့ နည်းမျိုးနဲ့ တိုက်နေကြပြီ။ အခု Sky Net ကို သတိထားရတော့မည့် နာမည်က Sky Net Buddha Channel တဲ့ မြန်မာပြည်မှာ စာတတ်အကျော်ဆရာတော်တွေ ရှိပါလျက်နဲ့ စာကိုဟုတ်တိပတ်တိမသင် ပရဟိတထောင်ပြီ သာသနာအတွင်း ရဟန်းအချင်းချင်း ဆဲဆို ထေရ်ကြီးဝါကြီးတွေ အပြစ်ပြောဝေဘန် ပါတီအတွက် ဝါဒဖြန့်နေတဲ့ ကိုယ်တော်တရားကို Sky Net Buddha Channelက လွှင့်မယ်ဆိုတော့ မေးရတော့မည် သာသနာဖျက်ဖို့ လွှင့်တာလား ငွေကိုမက်လို့ လွှင့်တာလား ပါတီကိုယ်တော်ဖြစ်လို့ လွှင့်တာလား ဘဒ္ဒန္တ တိလောကာဘိသံ ရွာမဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ သီတဂူဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ မစိုးရိမ်ဆရာတော်တို့ကို အလကာ မနာလိုဖြစ် အပြစ်ထိုင်ပြောပေးနေတဲ့ ကိုယ်တော်ကို skynet ရုပ်သံက လွှင့်ပေးမယ်တဲ့ ခေတ်က စာတတ်စရာမလိုဘူး ကြည့်ညိုဖွယ်ဖြစ်ဖို့မလိုဘူး ပါတီကိုယ်တော်ဖြစ်ဖို့ပဲလိုတယ်ဖြစ်လာနေပြီလား သာသနာ့ဝန်းထမ်းတွေရဲ့ စိတ်ထဲမှာ စာတတ်စရာမလိုဘူး ကြည့်ညိုဖွယ်ဖြစ်ဖို့မလိုဘူး ထေရ်ကြီးဝါကြီးတွေကို ရဲရဲဝေဘန်ရဲပြီး ပါတီကိုယ်တော်ဖြစ်ဖို့ပဲလိုတယ်-လို့အယူလွဲအောင် အစိုးရနှင့် မီဒီယာများ လုပ်ချက်ကို ဆရာတော်ကြီးများ မတားတော့ဘူးလား @@@@@@@@@ Sky Net Buddha Channel မှ (18.4.2018)ရက်နေ့ ထုတ်လွှင့်မည့်အစီအစဉ် သောဘိတ အလင်္ကာကြယ်အပေါ် ရဟန်းတို့အမြင် https://m.facebook.com/story.php?story_fbid=462453424169324&id=100012140119134 သောဘိတ အလင်္ကာကြယ်အပေါ် ရဟန်းတို့အမြင် https://m.facebook.com/story.php?story_fbid=1160141627424159&id=1100537913384531 သောဘိတ အလင်္ကာကြယ်အပေါ် ရဟန်းတို့အမြင် https://m.facebook.com/story.php?story_fbid=1087923591263386&id=728325630556519 ဒီမိုကရေစီခေတ်မှာ ယနေ့ကစ ဆုတောင်းမိတယ် ဖြစ်လေရာဘဝတိုင်း အရှင်မောဂ္ဂလာန်လို့ သာသနာကို ကာကွယ်ပေးတဲ့ မထေရ်မျိုးတွေ ဦးဆောင်တဲ့ နိုင်ငံမျိုးနဲ့ အသောကလို သာသနာကို ကာကွယ်ပေးမည့်မင်းမျိုးသာ ဦးဆောင်တဲ့ နိုင်ငံမျိုးမှာပဲ နေလိုပါ၏။ ကိုယ်တိုင်လည်း ထိုပုဂ္ဂိုလ်နှစ်မျိုးထဲပဲ ဖြစ်ရပါလို၏။

13:4:2018/12:51PM တက္ကသိုလ်စာသက်သား

Saturday, October 26, 2019

မာနတွေ ခဝါကျခဲ့တဲ့ Valentine ချောကလပ်

မာနတွေ ခဝါကျခဲ့တဲ့ Valentine ချောကလပ်

မာနတွေ ခဝါကျခဲ့တဲ့
                Valentine ချောကလပ်
          (သို့မဟုတ်)
တက္ကသိုလ်စာသင်သားနှင့်
                 Valentine ချောကလပ်
♡♡♡♡♡♡

ချောကလပ်
Valentine Day ရဲ့
ကမ္ဘာကျော် သင်္ကေတ အဖြစ်
မာနတွေနဲ့ သူရှင်သန်ခဲ့တယ်---------

သူ့ကိုယ်သူ ဖန်ဆင်းရှင်တဲ့
အချစ်တွေကိုလည်း သူဖန်တီနိုင်တယ်--------
အနမ်းတွေကိုလည်း သူဖန်တီးနိုင်တယ်-------
နောက်ဆုံးမှာ 
အလွမ်းတွေ
အိပ်မက်တွေ 
သောကတွေ ဖြစ်စေရမယ်တဲ့----

သူကို ပညာပေးလိုက်သူက
သူငယ်ချင်း ကဗျာဆရာမောင်ရေချမ်း----

Valentine Day အမှတ်တရ
တစ်ပါးတခု လှူပါတယ်ဘုရားတဲ့---

ငါလက်ထဲကို သူရောက်ခဲ့တယ်
ပြန်လမ်းမဲ့ မေတ္တာရဲ့စေရာ

အချစ်တွေလည်း ပါမလာဘူး
အနမ်းတွေလည်း ပါမလာဘူး
အလွမ်းတွေလည်း ပါမလာဘူး
အိပ်မက်တွေလည်း ပါမလာဘူး-----

အချစ်တွေ အနမ်းတွေ 
မရှိတဲ့သူ့ဘဝ
အလွမ်းတွေ အိပ်မက်တွေ
သောကတွေ 
သူဘယ်လို ဖန်ဆင်းမလဲ?

သူကြွေကြော်ခဲ့တဲ့အသံတွေဟာ
ကမ္ဘာကျော် လွင့်ပျံခဲ့ပေမဲ့

ယခုတော့ 
ကဗျာဆရာ မောင်ရေချမ်းရဲ့အမိန့်နဲ့
တက္ကသိုလ်စာသင်သား၏လက်ပေါ်မှာ
ကျွတ်တမ်းဝင်တော့မည့်ဟန်
မာနတွေ ခဝါချ ခေါင်ငုံလျက်ပေါ့-------

                                                                (14-2-2017)
                                                        တက္ကသိုလ်စာသင်သား
                                             သာသနာ့တက္ကသိုလ်၊ မန္တလေး။

Tuesday, October 22, 2019

"အပါယ်လွတ်ရန် အကြောင်းကံ"

"အပါယ်လွတ်ရန် အကြောင်းကံ"

ဘဒ္ဒန္တ ပညိန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)

ကဲ ရေစက် မချခင် ကျောင်းနဲ့ပတ်သက်တဲ့တရားလေး နည်းနည်း ဟောပါဦးမယ်၊ ဒါ ကျောင်းအဆောက်အဦပဲမဟုတ်လား ? { မှန်ပါဘုရား } အဲဒီတော့ ဘဝတစ်ခုရောက်လာတဲ့သူတွေ တစ်နေ့ကျရင် လူတိုင်း လူတိုင်း အချိန်တန်ရင် သေရမှာချည်းပဲ၊ မသေဘဲနဲ့ ထာဝရတည်မြဲနေတဲ့ပုဂ္ဂိုလ်လို့ ရှိရဲ့လား ? { မရှိပါဘုရား } သေရမှာချည်းပဲ၊ အဲဒီတော့ သေတဲ့အခါကျတော့ ဗုဒ္ဓတရားအရ သတ္တဝါတွေ သေပြီးလို့ရင် သွားရမယ့်ဘုံက အကျဉ်းချုပ် (၂)မျိုးပဲရှိတယ်၊ ဒုဂ္ဂတိလို့ခေါ်တဲ့ မကောင်းတဲ့ဘုံရယ်, သုဂတိလို့ခေါ်တဲ့ ကောင်းတဲ့ဘုံရယ်၊ အကျဉ်းချုပ် (၂)မျိုးပဲရှိတယ်၊ ဘာနဲ့' ဘာနဲ့လဲဆိုတော့ ကောင်းတဲ့ဘုံနဲ့ မကောင်းတဲ့ဘုံ။ မကောင်းတဲ့ဘုံဆိုတာ အပါယ်လေးဘုံကို ပြောတာ 'ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်'ဆိုတဲ့ အပါယ်လေးဘုံဆိုတာ ကြားဖူးတယ်မဟုတ်လား ? { ကြားဖူးပါတယ်ဘုရား } အေး တခြား မကြည့်နဲ့ဦး၊ လောလောဆယ် လူ့ဘုံမျက်မှောက်မှာနေရတဲ့ တိရစ္ဆာန်တွေပဲကြည့်လိုက်၊ အဲဒီတိရစ္ဆာန်တွေက တိရစ္ဆာန်ဘုံပဲ။ လူတစ်ယောက်သေသွားလို့ အကုသိုလ်ကံကြောင့် တိရစ္ဆာန်ဖြစ်သွားတယ်ဆိုရင် ဒါ ဘဝမြင့်တာလား ? နိမ့်တာလား ? { နိမ့်တာပါဘုရား } နိမ့်သွားတာ၊ တိရစ္ဆာန်ဆိုတာ နိမ့်တဲ့ဘဝပဲ၊ အဲဒီတော့ လူတိုင်း လူတိုင်း သေရမှာ၊ သေပြီးရင် တိရစ္ဆာန်ဖြစ်ခြင်းစတဲ့ အပါယ်ဘုံကို ဘယ်သူမှ မရောက်ချင်ပါဘူး၊ ရောက်ချင်ကြလား ? { မရောက်ချင်ပါဘုရား } မရောက်ချင်ရင် မရောက်အောင်လုပ်မှပဲ ရမယ် နော်၊ အဲဒီတော့ အပါယ်လေးဘုံ သေချာပေါက် တံခါးပိတ်တဲ့ပုဂ္ဂိုလ်က ဘယ်သူတွေလဲဆိုတော့ -

ဘုရားရှင်လက်ထက်တော်အခါတုန်းက ဒီလိုနံနက်ပိုင်း အရှင်သာရိပုတ္တရာဆိုတာ ကြားဖူးတယ်မဟုတ်လား ? { ကြားဖူးပါတယ်ဘုရား } အရှင်သာရိပုတ္တရာမထေရ်မြတ်က သာဝတ္ထိမြို့ထဲကို ဆွမ်းခံဝင်လာတာ၊ ကျောင်းက မြို့ရဲ့အပြင်မှာ ရှိတယ်၊ မြို့အပြင်ကနေကြွလာတာ မြို့ထဲဝင်ခါနီး ကောင်းကင်မော့ကြည့်လိုက်တဲ့အခါကျတော့ 'နေကို ကြည့်တာ' အချိန်က နည်းနည်း စောနေတာ၊ အချိန်စောနေတော့ ဘာလုပ်သလဲ၊ ဒီအချိန် ဆွမ်းခံကြွရင် ဒကာ ဒကာမတွေ ဆွမ်း မကျက်သေးဘူး၊ မြို့ထဲ မဝင်ခင် အချိန်စောနေတယ်၊ အဲဒီတော့ အချိန်တွေပိုနေတော့ အဲဒီအချိန်တွေ ဘာလုပ်မလဲ ? { ထိုင်နေမှာပါဘုရား } ထိုင်ပြီး ဖုန်းပွတ်နေမှာလား၊ အဲဒီတုန်းက ဖုန်း မရှိဘူး ဟုတ်လား၊ { မှန်ပါဘုရား } အရှင်သာရိပုတ္တရာက ရဟန္တာ အချိန်ကို အကျိုးရှိရှိအသုံးချရတယ်၊ အခုခေတ်လိုဆို ဖုန်းထိုင်ပွတ်နေမှာပေါ့ ဟုတ်လား။ အဲဒီတော့ အရှင်သာရိပုတ္တရာ ဆွမ်းခံ မကြွခင် အချိန်စောနေတယ်ဆိုပြီး အနားမှာ ပရိဗိုဇ်တွေရဲ့ ကျောင်းအဆောက်အဦရှိတယ်၊ ပရိဗိုဇ်ဆိုတာ ဗုဒ္ဓဘာသာနဲ့ ဝါဒ မတူတဲ့ ဘာသာ မတူတဲ့ တခြားဘာသာတစ်ခုပေါ့ ဟုတ်လား။ အခုခေတ်အနေနဲ့ ပြောရင် မန္တလေးမှာ ဘုန်းကြီးတွေ ချက်ကျောင်းထဲဝင်သွားတယ်၊ ဗလီကျောင်းထဲ ဝင်သွားတယ်၊ ဥပမာပြောပြတာပေါ့၊ အဲဒီလိုပဲ အရှင်သာရိပုတ္တရာ ဘယ်ဝင်သွားလဲဆိုတော့ ပရိဗိုဇ်ကျောင်းထဲ ဝင်သွားတယ် အချိန်စောနေလို့ နော်၊ ရှေးခေတ်တုန်းကတော့ ဘာသာရေးတစ်ခုနဲ့ တစ်ခု ညီညွတ်မှုရှိတယ်ဆိုတာ သက်သေပေါ့၊ အရှင်သာရိပုတ္တရာဝင်သွားတဲ့အချိန်မှာ အဲဒီမှာ ပရိဗိုဇ်တွေက တရားဆွေးနွေးနေကြတယ်၊ ဘာဆွေးနွေးလဲဆိုတော့ -
‘‘ယော ဟိ ကောစိ အာဝုသော သဥပါဒိသေသော ကာလံ ကရောတိ" (အံ၊ ၃၊ ၁၈၄။) တဲ့၊

ငါရှင်တို့! ပရိဗိုဇ်တွေက ဥပါဒါန် မကင်းဘဲနဲ့ သေတဲ့ပုဂ္ဂိုလ်မှန်သမျှ အပါယ်တံခါး မပိတ်ဘူးတဲ့၊ အပါယ်ရောက်နိုင်တယ်လို့ပြောတာ၊ 'ဥပါဒါန်'ဆိုတာ မြန်မာလိုပြောရင် 'စွဲလမ်းခြင်း'ခေါ်တယ် နော်၊ တစ်ယောက်နဲ့ တစ်ယောက် စွဲလမ်းတယ်၊ မိသားစု စွဲလမ်းတယ်၊ သားသမီး စွဲလမ်းတယ်၊ လင်းနဲ့မယား စွဲလမ်းတယ်၊ ပစ္စည်းဥစ္စာ စွဲလမ်းတယ်၊ ချစ်တဲ့ခင်တဲ့ပုဂ္ဂိုလ်အားလုံး စွဲလမ်းတယ်၊ စွဲလမ်းတာ ဘာခေါ်လဲ ? { ဥပါဒါန်ပါဘုရား } အဲဒီဥပါဒါန်တရား မကင်းတဲ့ပုဂ္ဂိုလ်မှန်သမျှ သေရင် အပါယ်ရောက်နိုင်တယ်၊ အပါယ်တံခါး မပိတ်သေးဘူးလို့ပြောတာ။ ဒါဖြင့် ဥပါဒါန်ကင်းတဲ့ပုဂ္ဂိုလ်ဆိုတာက ရဟန္တာပဲရှိတယ်၊ ဥပါဒါန်ကင်းတာ ဘယ်သူလဲ ? { ရဟန္တာပါဘုရား } ရဟန္တာပဲ အပါယ်တံခါးပိတ်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ မပိတ်ဘူးလို့ပြောတာနဲ့ အတူတူပဲ။ ကဲ ဒါဖြင့်  အဲဒီစကားက ပရိဗိုဇ်တွေ ဆွေးနွေးတာ၊ အဲဒီစကား မှန်သလား ? မှားသလား ? ပြော၊ ဥပါဒါန်ကင်းတာက ရဟန္တာပုဂ္ဂိုလ်တစ်ပါးပဲရှိတယ်၊ ဥပါဒါန် မကင်းတဲ့ ပုဂ္ဂိုလ်မှန်သမျှ သေရင် အပါယ်ရောက်နိုင်တယ်၊ အပါယ်တံခါး မပိတ်သေးဘူးတဲ့ ပရိဗိုဇ်တွေ အဲဒီလို ဆွေးနွေးနေတာ။ အဲဒီလိုဆွေးနွေးတဲ့ပွဲကို အရှင်သာရိပုတ္တရာရောက်သွားတော့ အရှင်သာရိပုတ္တရာက နားထောင်ပြီးတော့ ဆုံးဖြတ်ချက် မပေးဘူး၊ အရှင်သာရိပုတ္တရာဆိုတာ ဘုရားကလွဲရင် ဉာဏ်အကြီးဆုံးပုဂ္ဂိုလ်ပဲ၊ ဒါ ဆုံးဖြတ်ချက်ပေးရင် ပေးနိုင်တာပေါ့။ သို့သော်လည်း ဆရာဖြစ်တဲ့ မြတ်စွာဘုရားကို အလေးထားပြီးတော့ ဘုရားကိုပဲ လျှောက်တယ်၊ ဘုရားရှင်ဟောကြားချက်အတိုင်းပဲ အတည်ပြုမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် မပေးဘူး၊ အရှင်သာရိပုတ္တရာက နားထောင်ရုံပဲ နားထောင်တယ်၊ "နေဝ အဘိနန္ဒိ" (အံ၊ ၃၊ ၁၈၄။) ငါရှင်တို့ဆွေးနွေးချက်က မှန်ပါတယ်, ဝမ်းမြောက်ပါတယ်လို့ ဒီလိုလည်း မထောက်ခံဘူး။ "နပ္ပဋိက္ကောသိ" (အံ၊ ၃၊ ၁၈၄။) မှားနေတယ် ဒီလို မဟုတ်သေးဘူး၊ အဲဒီလို ကန့်ကွက်လည်း မကန့်ကွက်ဘူး၊ နားထောင်ရုံပဲ နားထောင်တယ်။ အဲဒီတော့ သူတို့ဆွေးနွေးချက်က ဘာလဲဆိုတော့ ဥပါဒါန် မကင်းတဲ့ပုဂ္ဂိုလ် အပါယ်တံခါး မပိတ်ဘူးတဲ့၊ ပြောင်းပြန်'ပြန်ကြည့်လိုက် ဥပါဒါန်ကင်းရင်တော့ ပိတ်တယ်၊ ဒါဖြင့် ဥပါဒါန်ကင်းတာ ရဟန္တာပဲရှိတယ်၊ ရဟန္တာပဲ အပါယ်တံခါးပိတ်တယ်၊ ကျန်တာတွေ မပိတ်ဘူးဆိုတဲ့အဓိပ္ပါယ်ရောက်တာပေါ့။ အဲဒီဆွေးနွေးချက်ကို နားထောင်ပြီးတော့ ဆွမ်းခံကြွ၊ ပြန်လာတဲ့အခါ ဆွမ်းစားပြီးတော့ ဘုရားရှင်ကို သွားလျှောက်ထားတယ်၊ ဘုရားရှင်ကို အဲဒီပြဿနာလေး လျှောက်ထားတယ်။ အဲဒီတော့ လျှောက်ထားတဲ့အခါ ဒီနေရာမှာ သုတ္တန်ကို အဘိဓမ္မာလေးနဲ့ နားလည်မှ ဒီဟာက သဘောပေါက်တယ်၊ အဲဒီတော့ အဘိဓမ္မာသဘောတရားလေး နည်းနည်း ပြောပြရမယ်ဆိုရင် အဘိဓမ္မာမှာ အရိယာပုဂ္ဂိုလ်(၈)ယောက်ရှိတယ်လို့ ကြားဖူးတယ်မဟုတ်လား ? { ကြားဖူးပါတယ်ဘုရား } အရိယာပုဂ္ဂိုလ်(၈)ယောက်ထဲမှာ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်(၄)ယောက်ကို ဖယ်ထားလိုက်၊ မဂ်ရထားတဲ့ပုဂ္ဂိုလ်(၄)ယောက်၊ ဘာဖြစ်လို့လဲဆိုတော့ မဂ်ရထားတဲ့ပုဂ္ဂိုလ်ရဲ့ခဏက အင်မတန်တိုတာ၊ လက်ဖျစ်တစ်ချက်ကာလတောင် မရှိဘူး၊ မဂ်ပြီးရင် ဖိုလ်ဆိုတာ တန်းလာတာ၊ ဖိုလ်ရရင် ဖိုလ်ပုဂ္ဂိုလ်ဖြစ်သွားရော။ အဲဒါကြောင့် မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ကို မပြောနဲ့၊ သူက အင်မတန် သက်တမ်းတိုတာ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်(၄)ယောက်ကို ဖယ်ထားလိုက်တော့၊ ဖလဋ္ဌာန်ပုဂ္ဂိုလ်ဘယ်နှစ်ယောက်ကျန်လဲ ? { ၄-ယောက်ပါဘုရား } ဖလဋ္ဌာန်ပုဂ္ဂိုလ်(၄)ယောက်ပဲကျန်တယ်လို့ မှတ်ထား၊ (၄)ယောက်ထဲမှာ အမြင့်ဆုံးက ရဟန္တာ၊ အမြင့်ဆုံးက ဘယ်သူလဲ ? { ရဟန္တာပါဘုရား } အေး ရဟန္တာနှုတ်လိုက်မယ်ဆိုရင် ကျန်တဲ့ပုဂ္ဂိုလ် (၃)ယောက်ကျန်တယ်၊ (၃)ယောက်ကလည်း မြင့်တဲ့ပုဂ္ဂိုလ်က စရေမယ်ဆိုရင် အနာဂါမ်ပုဂ္ဂိုလ်တဲ့၊ ဘာတဲ့လဲ ? { အနာဂါမ်ပုဂ္ဂိုလ်ပါဘုရား } နောက် သကဒါဂါမ်ပုဂ္ဂိုလ်တဲ့၊ ဘာတဲ့လဲ ? { သကဒါဂါမ်ပုဂ္ဂိုလ်ပါဘုရား } သောတာပန်ပုဂ္ဂိုလ်တဲ့၊ ဘယ်နှစ်ယောက်လဲ ? { ၃-ယောက်ပါဘုရား } အဘိဓမ္မာအလို (၃)ယောက်၊ အဲဒါကို သုတ္တန်ကျတော့ ဘုရားရှင်က (၉)ယောက်ပွားပြီးတော့ ဟောထားတယ်။

အဲဒီတော့ အရှင်သာရိပုတ္တရာက လျှောက်တယ် "နံနက်တုန်းက ပရိဗိုဇ်တွေ ဆွေးနွေးနေတယ်ဘုရား"တဲ့၊ ဥပါဒါန် မကင်းတဲ့ပုဂ္ဂိုလ်တွေ အပါယ်တံခါး မပိတ်သေးဘူး၊ ဥပါဒါန်ကင်းတဲ့ ရဟန္တာတစ်ဦးသာလျှင် အပါယ်ပိတ်တယ်လို့ ဆွေးနွေးနေတယ်၊ အဲဒီဆွေးနွေးချက်ကို မှန်သလား မှားသလား ဘုရားရှင်ကို လျှောက်တော့ ဘုရားရှင်က "ချစ်သား သာရိပုတ္တရာ တိတ္ထိတွေက ပရိဗိုဇ်တွေက အဲဒီလိုတရားစကားမျိုး ဆွေးနွေးနေသော်လည်း အဲဒီဥပါဒါန်ကင်းတဲ့ပုဂ္ဂိုလ်ကို ကင်းပြီလို့ သူတို့ မသိဘူး"တဲ့၊ "အဲဒီလောက် သိလောက်တဲ့ဉာဏ်လေး သူတို့ မရှိပါဘူးကွာ"တဲ့၊ တကယ်တမ်းကျတော့ ဥပါဒါန် မကင်းသော်လည်း တစ်နည်းအားဖြင့် ရဟန္တာ မဖြစ်သော်လည်း အပါယ်တံခါးပိတ်တဲ့ပုဂ္ဂိုလ် (၉)ယောက်တောင်ရှိတယ်တဲ့၊ အဲဒီတော့ တိတ္ထိတွေ ဆွေးနွေးချက်က မှားတယ်ပေါ့ ဟုတ်လား၊ { မှန်ပါဘုရား } ဥပါဒါန် မကင်းသော်လည်း အပါယ်တံခါးပိတ်တာ ဘယ်နှစ်ယောက်လဲ ? { ၉-ယောက်ပါဘုရား } (၉)ယောက်က အဘိဓမ္မာအလို (၃)ယောက်ပဲရှိတယ်၊ ဟိုက ရဟန္တာနှုတ်လိုက်ရင် အနာဂါမ်ရယ်, သကဒါဂါမ်ရယ်, သောတာပန်ရယ်၊ ဘယ်နှစ်ယောက်လဲ ? { ၃-ယောက်ပါဘုရား } အဘိဓမ္မာအလိုတော့ (၃)ယောက်၊ အဲဒါကို ပွားပြီး သုတ္တန်ကျတော့ (၉)ယောက်ဖြစ်အောင် ဘုရားက ပွားဟောတာ နော်၊ ဘုရားက တရားဟောတဲ့အခါ ကျွမ်းကျင်တော်မူတဲ့အတွက် (၃)ယောက်ကနေ ဘယ်နှစ်ယောက်ပွားလိုက်လဲ ? { ၉-ယောက်ပါဘုရား } ဘယ်ပုံဘယ်နည်းပွားလဲဆိုတော့ ခုနက (၃)ယောက်ထဲမှာ အမြင့်ဆုံးက အနာဂါမ်မဟုတ်လား၊ အနာဂါမ်ကို (၅)ယောက်ဖြစ်အောင် ပွားလိုက်တယ်၊ အဲဒီ(၅)ယောက်ပွားတာတွေတော့ မပြောတော့ဘူး၊ အချိန်ကုန်သွားလိမ့်မယ်၊ ပြောလည်း မှတ်မိမှာမဟုတ်ဘူး ဟုတ်လား။ အနာဂါမ်တစ်ယောက်တည်းကို ဘယ်နှစ်ယောက်ပွားလဲ ? { ၅-ယောက်ပါဘုရား } (၅)ယောက်ပွားတယ်၊ အဲဒီတော့ အနာဂါမ်(၅)ယောက်လို့မှတ်လိုက်။ သကဒါဂါမ်ကတော့ (၁)ယောက်ပဲထားလိုက်တော့၊ သကဒါဂါမ်တစ်ယောက်နဲ့ဆို ဘယ်လောက်လဲ ? { ၆-ယောက်ပါဘုရား } သောတာပန်ပုဂ္ဂိုလ်ကိုတော့ (၃)ယောက်ပွားလိုက်တယ် ဘုရားရှင်က၊ (၆)နဲ့ (၃)နဲ့ပေါင်းတော့ - { ၉-ယောက်ပါဘုရား } အဲဒါသုတ္တန်ဒေသနာတော်မှာ (၉)ယောက်၊ အဘိဓမ္မာဒေသနာတော်အလိုတော့ (၃)ယောက်ပဲရှိတယ်။ အဲဒီ(၉)ယောက်သောပုဂ္ဂိုလ် 'တစ်နည်း' (၃)ယောက်သောပုဂ္ဂိုလ်တွေ ဥပါဒါန်တော့ မကင်းသေးဘူး၊ သို့သော် အပါယ်တံခါးပိတ်သွားပြီ ဟုတ်လား၊ ဥပါဒါန်တော့ မကင်းသေးဘူး၊ အပါယ်တံခါးပိတ်တဲ့ပုဂ္ဂိုလ် ဘယ်နှစ်ယောက်ရှိလဲ ? { ၉-ယောက်ပါဘုရား } အေး အဘိဓမ္မာအလိုပြောရင် (၃)ယောက်၊ သုတ္တန်အလိုပြောရင် (၉)ယောက်၊ အတူတူပဲ အဓိပ္ပါယ်က ပွားသွားတာပဲရှိတယ် ဟုတ်လား။ "ဥပါဒါန်'ဆိုတာ ဘာလဲလို့ မေးရင် 'စွဲလမ်းမှု'လို့ခေါ်တယ်၊ ဘယ်လိုခေါ်လဲ ? { စွဲလမ်းမှုပါဘုရား } အဲဒီစွဲလမ်းမှုဆိုတာကို အဘိဓမ္မာအလိုပြောရင် တဏှာအားဖြင့်လည်း စွဲလမ်းတယ်၊ ဒိဋ္ဌိအားဖြင့်လည်း စွဲလမ်းတယ်၊ နှစ်ခုပဲရှိတယ်၊ တဏှာအားဖြင့်လည်း စွဲလမ်းတယ်၊ ဒိဋ္ဌိအားဖြင့်လည်း စွဲလမ်းတယ်။ အဲဒါကြောင့် ဥပါဒါန်တရားကို တရားကိုယ်အနေနဲ့ပြောရင် (၂)ပါးပဲရှိတယ်၊ ဘာလဲဆိုတော့ တဏှာနဲ့ ဒိဋ္ဌိတဲ့၊ ဘာတဲ့လဲ ? { တဏှာနဲ့ ဒိဋ္ဌိပါဘုရား }

လိုက်ဆို -
ထင်လွဲ သာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာ ဥပါဒါန်။

ဆိုလိုက် (၃)ခေါက် -
{ ထင်လွဲ သာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာ ဥပါဒါန်။ }
{ ထင်လွဲ သာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာ ဥပါဒါန်။ }
{ ထင်လွဲ သာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာ ဥပါဒါန်။ }

ထင်လွဲသောအားဖြင့် စွဲလမ်းတယ်ဆိုတာ 'ဒိဋ္ဌိ'ကို ပြောတာ၊ 'ဒိဋ္ဌိ'ဆိုတာ အထင်လွဲတယ်၊ 'နိစ္စ'ကို 'အနိစ္စ'ထင်တယ် ဟုတ်လား။ သာယာတယ်ဆိုတာကတော့ 'တဏှာ'ကို ပြောတာ ဟုတ်လား။ "ထင်လွဲ သာယာ၊ နှစ်ဖြာ" အဲဒီ(၂)ဖြာသော စွဲလမ်းမှုကို 'ဥပါဒါန်'ခေါ်တယ်တဲ့၊ အဲဒီဥပါဒါန်တရားကင်းတာက ရဟန္တာပဲရှိတယ်၊ အရိယာမှတစ်ပါး ကျန်တဲ့ ဖလဋ္ဌာန်ပုဂ္ဂိုလ် (၃)ယောက် အနာဂါမ်လည်း မကင်းဘူး၊ သကဒါဂါမ်လည်း မကင်းဘူး၊ သောတာပန်လည်း မကင်းဘူး။ အဲဒီပုဂ္ဂိုလ်တွေကို တိတ္ထိတွေက အပါယ်တံခါး မပိတ်ဘူးလို့ ပြောသော်လည်း ဘုရားရှင်ဟောလိုက်တော့ ဘာပြောသွားလဲ၊ ပိတ်တယ်တဲ့ ဟုတ်လား၊ (၃)ယောက် 'တစ်နည်းအားဖြင့်' (၉)ယောက်လေ၊ အပါယ်တံခါး ပိတ်လား ? မပိတ်ဘူးလား ? { ပိတ်ပါတယ်ဘုရား } ပိတ်တယ်တဲ့၊ အဲဒါ အပါယ်တံခါးပိတ်တဲ့ပုဂ္ဂိုလ်လို့ ခေါ်တယ်၊ အဲဒီပုဂ္ဂိုလ်တွေ ရဟန္တာတော့ မဖြစ်သေးဘူး၊ သို့သော်  အပါယ်တံခါးပိတ်တယ်။ အဲဒီလို ဘုရားရှင်ကဖြေပြီးတော့ အရှင်သာရိပုတ္တရာကို ဆက်ပြီးတော့ မိန့်လိုက်တယ် "ချစ်သား သာရိပုတ္တရာ! ဒီလိုတရားမျိုးကို ငါဘုရား ဘယ်တော့မှ မဟောဘူးကွာ"တဲ့၊ "သို့သော် အခုဟောတယ်ဆိုတာက သင်မေးလို့ ငါဟောရတာ"တဲ့၊ ဒီလိုမှမဟုတ်ရင် ဒီလိုတရားမျိုး ဘုရားက မဟောဘူးတဲ့၊ ဘာဖြစ်လို့ မဟောတာလဲ သိလား၊ စဉ်းစားလေ ဘာဖြစ်လို့ မဟောတာလဲ၊ တရားပဲ ဒါ ဘုရားက ဘာဖြစ်လို့ မဟောတာလဲဆိုတော့ သတ္တဝါတွေ ဆန္ဒတွေ ဝီရိယတွေ လျော့သွားမှာစိုးလို့၊ ဘာဖြစ်လို့လဲဆိုတော့ သတ္တဝါရဲ့ဆန္ဒက ရဟန္တာဖြစ်အောင်လုပ်ပါဆိုရင် သိပ်အားမထုတ်ချင်သေးဘူး၊ ကာမဂုဏ်ထဲမှာပဲ ပျော်ချင်တယ်။ အဲဒီတော့ ဒီတရားအရ ရဟန္တာ မဖြစ်သော်လည်း အပါယ်တံခါးပိတ်ပြီဆိုတော့ အခု ရဟန္တာ မဖြစ်ဘဲ အပါယ်တံခါးပိတ်တဲ့ပုဂ္ဂိုလ် (၃)ယောက်ဖြစ်တယ်ဆိုကြပါစို့၊ အဲဒီအဆင့်လောက်နဲ့ လမ်း မဆုံးသေးဘူး၊ လမ်းဆုံးအောင် ရဟန္တာဖြစ်မှ လမ်းဆုံးမှာမဟုတ်လား၊ { မှန်ပါဘုရား } အေး လမ်း မဆုံးသော်လည်း "တော်ပါပြီကွာ၊ ရဟန္တာ မဖြစ်လည်း ကိစ္စ မရှိဘူး၊ ငါတို့ အပါယ်တံခါးပိတ်ပြီပဲ၊ လူ့ဘုံ နတ်ဘုံမှာ ပျော်လိုက်ဦးမယ်ဆိုတဲ့ အဲဒီလိုစိတ်မျိုးဝင်သွားမှာ စိုးလို့၊ ဘုရားရှင်က လမ်းဆုံးအောင် ကျင့်စေချင်တာ၊ လမ်းဆုံးတယ်ဆိုတာ ဘယ်ကျမှ လမ်းဆုံးတာလဲ ? { ရဟန္တာဖြစ်မှပါဘုရား }

ကဲ အခု ဒကာ ဒကာမတွေကို မေးမယ်၊ ကိုယ့်သားသမီးတွေဘာတွေ မရှိဘူးလား ? { ရှိပါတယ်ဘုရား } သားသမီးကျောင်းထားတဲ့အခါမှာ ဘွဲ့ရစေချင်တာလား ? တစ်ဝက်တစ်ပျက်နဲ့ ထွက်စေချင်တာလား ? { ဘွဲ့ရစေချင်တာပါဘုရား } လမ်းဆုံး ဘွဲ့ရစေချင်တာ ဟုတ်လား၊ { မှန်ပါဘုရား } သားလေးရယ် ကြိုးစားပါ သမီးလေးရယ် ကြိုးစားပါ ဘွဲ့ရအောင် ကြိုးစားပါ၊ မိဘတိုင်း မိဘတိုင်း သားသမီးကို ဘွဲ့ရအောင် ကျောင်းထားတာမဟုတ်လား၊ { မှန်ပါဘုရား } ဘွဲ့ မရဘဲနဲ့ လမ်းခုလတ်မှာ ထွက်သွားတယ်ဆိုရင် မတက်သာလို့ထွက်သော်လည်း စိတ် မကောင်းဘူး၊ ဆန္ဒကတော့ ဘယ်အထိလဲ 'ဘွဲ့ရစေချင်တာ'။ အဲဒီအတိုင်းပဲ ဘုရားရှင်တည်းဟူသော မိဘကြီးကလည်း သတ္တဝါဆိုတဲ့ သားသမီးတွေကို သူက ဘွဲ့ရစေချင်တာ၊ ဘာဘွဲ့လဲ၊ { ရဟန္တာဘွဲ့ပါဘုရား } အေး ရဟန္တာဘွဲ့ရစေချင်တာ၊ ခုနကတရားမျိုးသွားဟောရင် ရဟန္တာ မဖြစ်သော်လည်း အပါယ်တံခါးပိတ်ပြီဆိုတော့ အဲဒီသားသမီးက ဆက်ကြိုးစားမှာ မဟုတ်တော့ဘူး၊ အပါယ်တံခါးပိတ် တော်ပြီပေါ့ကွာ၊ ဒီလိုစိတ်ဝင်သွားမှာ ဟုတ်လား။ အဲဒါကြောင့် ဒီလိုတရားမျိုး ငါ မဟောဘူးတဲ့၊ ဝီရိယထက်သန်တဲ့တရားမျိုးပဲ ဟောတယ် ဘုရားရှင်က၊ အခုတော့ ဘာဖြစ်လို့ ဟောတာလဲ၊ မေးတာကိုး၊ မေးတော့ ဖြေရတာပေါ့ ဟုတ်လား၊ ဒီလိုမှမဟုတ်ရင်တော့ မဟောဘူး။ အဲဒီလိုဟောတယ်တဲ့၊ အဲဒီတော့ ဒီဒေသနာတော်ကို ပြန်ချုံးကြည့်ရင် အပါယ်တံခါးပိတ်တဲ့ပုဂ္ဂိုလ် အဘိဓမ္မာဒေသနာတော်အားဖြင့် (၃)ယောက်၊ သုတ္တန်ဒေသနာတော်အားဖြင့် (၉)ယောက်။ အဲဒီ (၉)ယောက်သောပုဂ္ဂိုလ်, (၃)ယောက်သောပုဂ္ဂိုလ်တွေကို ပြန်ကြည့်လိုက် သူတို့က ပုထုဇဉ်တွေလား ? အရိယာတွေလား ? { အရိယာတွေပါဘုရား } အရိယာတွေ ပုထုဇဉ် မဟုတ်ဘူး၊ ပုထုဇဉ်လား ? အရိယာလား ? { အရိယာပါဘုရား } အခု ဒီပရိသတ်တွေ အဲဒီ(၉)ယောက်ထဲပါလား ? { မပါ'ပါဘုရား } မပါဘူး ဟုတ်လား၊ (၉)ယောက်ထဲ မပါဘူးဆိုရင် အပါယ်တံခါးပိတ်တဲ့ထဲ မပါတော့ဘူးပေါ့၊ ကိုယ်သေရင် အပါယ်ကျနိုင်တယ်ဆိုတဲ့အဓိပ္ပါယ် မရဘူးလား ? { ရပါတယ်ဘုရား } အေး ရတယ်၊ အဲဒီတော့ ကြိုးစားရမှာပေါ့ ဟုတ်လား၊ { မှန်ပါဘုရား } သို့သော်လည်း အဲဒီသုတ်ကို ဖွင့်တဲ့ အဋ္ဌကထာဆရာက ဒီ(၉)ယောက်ထဲမှာ မပါသော်လည်း ပုထုဇဉ်ဘဝနဲ့ အပါယ်တံခါးပိတ်တဲ့ပုဂ္ဂိုလ်တွေကို ပိဋကတ်သုံးပုံကနေ ရှာထုတ်လိုက်တဲ့အခါ (၇)ယောက်ထွက်လာတယ်၊ အခု ဒီ(၉)ယောက်ထဲမှာ အရိယာတော့ မဖြစ်သေးဘူးပေါ့၊ (၉)ယောက်ထဲမှာ မပါဘူး၊ ပုထုဇဉ်ဘဝနဲ့ အပါယ်တံခါးပိတ်တဲ့ပုဂ္ဂိုလ်ကို အဋ္ဌကထာဆရာက ပိဋကတ်တော်မှာ ပိဋကတ်ဆိုတာ ဘုရားဟောတရားပဲ၊ အဲဒီထဲကနေရှာလိုက်တော့ ဘယ်နှစ်ယောက်တွေ့လဲ ? { ၇-ယောက်ပါဘုရား } (၇)ယောက်တွေ့တယ်၊ နောက်ထပ် (၇)ယောက်မှတ်ထား ဟုတ်လား၊ အေး အဲဒါ အဋ္ဌကထာဆရာက ပိဋကတ်တော်ကနေ ရှာထုတ်တာ၊ အဲဒီ(၇)ယောက်ကို ပြောမယ် မှတ်ထား၊ အဲဒီ(၇)ယောက်ထဲမှာ ငါတို့ပါလားဆိုတာ စဉ်းစားပြီး အဖြေထုတ်ရမယ် နော်။

နံပါတ် (၁) "ယေသံ ပန ကုလာနံ တီဏိ သရဏာနိ" (အံ၊ ဋ္ဌ၊ ၃။ ၂၆၅။)တဲ့၊ သရဏဂုံသုံးပါးဆောက်တည်သူတဲ့၊ ပြော ဘာတဲ့လဲ ? { သရဏဂုံသုံးပါးဆောက်တည်သူပါဘုရား } "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ"၊ "ဘုရား, တရား, သံဃာကို ကိုးကွယ်ပါ၏"ဆိုတာ သရဏဂုံဆောက်တည်တာပဲ ဟုတ်လား၊ ဘာသာခြားပုဂ္ဂိုလ်တွေက "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"လို့ ဆိုပါ့မလား ? { မဆိုပါဘုရား } ဟိုက ဘုရား, တရား, သံဃာ မကိုးကွယ်ဘူးလေ။ ဗုဒ္ဓဘာသာတွေကတော့ များသောအားဖြင့် မကိုးကွယ်ဘူးလား ? { ကိုးကွယ်ပါတယ်ဘုရား } အေး အဲဒါ သရဏဂုံတည်သူလို့ခေါ်တယ် ဟုတ်လား၊ အေး သရဏဂုံတည်သူဆိုတဲ့နေရာမှာလည်း သာမန်နေလို့တော့ မရဘူး၊ တကယ် မြတ်မြတ်နိုးနိုး ကြိုးကြိုးစားစား သရဏဂုံတည်ရမယ် ဟုတ်လား၊ { မှန်ပါဘုရား } ဒီပရိသတ်နဲ့တွေ့ရင် သရဏဂုံတည်ပြီးတော့ တခြားဘာသာခြားနဲ့တွေ့ရင် ဟိုဘက်ဘာသာနောက်ပါသွားတယ်ဆိုရင် ဒါ သရဏဂုံတည်တာ မဟုတ်ဘူး၊ သရဏဂုံပါပျက်သွားတာ ဟုတ်လား။ 'ဘုရား, တရား, သံဃာကို အသက်ဟူသော အကြောင်းကြောင့်မှ မစွန့်ဘူး'ဆိုတဲ့စိတ်မျိုးနဲ့ သရဏဂုံဆောက်တည်ရတယ်၊ ဒါ သရဏဂုံတည်သူခေါ်တယ်။ အဲဒီပုဂ္ဂိုလ် အပါယ်တံခါးပိတ်တယ်၊ တစ်ယောက်ရှိသွားပြီ နော်၊ အဲဒီထဲမှာ ဒီပရိသတ်ပါလား ? { ပါ'ပါတယ်ဘုရား } အေး အသက်သေရင် အသေခံမယ်၊ ငါတို့ သတ်ရင်သတ်၊ ဒီရတနာသုံးပါးကို ကိုးကွယ်မှာပဲ၊ မစွန့်ဘူး ဟုတ်လား၊ အဲဒီစိတ်မျိုးနဲ့ ကိုးကွယ်။

နံပါတ် (၂) "ပဉ္စ သီလာနိ" (အံ၊ ဋ္ဌ၊ ၃၊ ၂၆၅။) တဲ့၊ (၅)ပါးသီလကို လုံအောင်ထိန်းရမယ်၊ ပါလား (၅)ပါးသီလလုံတဲ့အထဲ၊ { ပါ'ပါတယ်ဘုရား } ပါတယ်ဆိုရင် မလိမ်နဲ့ မညာနဲ့၊ အဲဒါဆိုရင် မပါတော့ဘူး နော်၊ ဘယ်နှစ်ပါးရှိသွားပြီလဲ ? { ၂-ပါးပါဘုရား }

နောက် "ဧကံ သလာကဘတ္တံ" (အံ၊ ဋ္ဌ၊ ၃၊ ၂၆၅။) စာရေးတံဆွမ်း၊ စာရေးတံဆွမ်းဆိုတာ မန္တလေးမှာ အလွန်ပေါတယ်၊ ဘုရားပွဲရောက်လို့ရင် မဲချပြီးတော့ လှူတာတွေ မရှိဘူးလား ? { ရှိပါတယ်ဘုရား } အဲဒါ 'စာရေးတံဆွမ်းအလှူရှင်'ခေါ်တယ်၊ စာရေးတံဆွမ်းအလှူရှင်ထည့်လိုက် ဘယ်နှစ်ယောက်ရှိပြီလဲ ? { ၃-ယောက်ပါဘုရား }

အပါယ်တံခါးပိတ်တဲ့ပုဂ္ဂိုလ် အဋ္ဌကထာဆရာ ပိဋကတ်တော်ကနေရှာတာ (၇)ယောက်ရှိတယ်၊ (၇)ယောက်ထဲက (၃)ယောက်ပြီးသွားပြီ။ (၃)ယောက်ပြောကြည့်စမ်း ဘာတွေလဲ ?
{ သရဏဂုံဆောက်တည်သူ၊
ငါးပါသီလစောင့်ထိန်းသူ၊
စာရေးတံမဲအလှူရှင်ပါဘုရား }

လိုက်ဆို -
တိသရဏ၊ ငါးသီလ၊ မဲချ စာရေးတံ။

အေး 'တိသရဏ' သရဏဂုံ(၃)ပါးဆောက်တည်သူ၊ 'ငါးသီလ' (၅)ပါးသီလစောင့်ထိန်းသူ၊ 'မဲချ စာရေးတံ'က စာရေးတံဆွမ်းအလှူရှင်၊ ဘယ်နှစ်ယောက်လဲ ? { ၃-ယောက်ပါဘုရား }

နောက်တစ်ခါ ရှေ့ဆက်သွားရအောင် တစ်လ တစ်လမှာ ဗမာလပေါ့၊ လဆန်းပက္ခ, လဆုတ်ပက္ခ၊ လဆန်း (၁၅)ရက်, လဆုတ် (၁၅)ရက်လို့ မရှိဘူးလား ? { ရှိပါတယ်ဘုရား } အေး အခုနောက် ကလေးတွေက ဗမာလ မသိတော့ဘူး၊ အတန်းစာတွေက မသင်ဘူးဆိုတော့ အရင်တုန်းကတော့ သင်တယ် ဟုတ်လား၊ အဲဒီတော့ လဆန်းပက္ခမှာ (၁)ရက်, လဆုတ်ပက္ခမှာ (၁)ရက် ဆွမ်းလှူတဲ့ပုဂ္ဂိုလ်ကို 'ပက္ခိကဆွမ်းအလှူရှင်'လို့ခေါ်တယ်။ နေ့တိုင်း နေ့တိုင်း ဆွမ်းလှူဖို့ မတက်နိုင်ဘူး၊ မတက်နိုင်တော့ (၁၅)ရက်ကို (၁)ကြိမ်လောက်ပဲ လှူတယ်၊ အဲဒီလိုပုဂ္ဂိုလ်မျိုးကို 'ပက္ခိကဆွမ်းအလှူရှင်'လို့ခေါ်တယ်၊ တစ်ယောက်ထပ်ထည့်လိုက်၊ ဘာတဲ့လဲဟေ့ ? { ပက္ခိကဆွမ်းအလှူရှင်ပါဘုရား }

နောက်တစ်ခါ သံဃာတော်တွေကို ဝါတွင်းကာလ, ဝါကျွတ်တဲ့ကာလစသည်မှာ ဝါဆိုသင်္ကန်းလှူတယ်၊ ဝါဆိုသင်္ကန်းအလှူရှင် တစ်ယောက်ထည့်လိုက်၊ နောက်ထပ်ထည့်တာ (၂)ယောက်ရှိသွားပြီ ဟုတ်လား၊ { မှန်ပါဘုရား } ခုနက (၃)ယောက်ကို ထားလိုက်ဦး၊ နောက်ထပ်ထည့်တာ ဘယ်နှစ်ယောက်ရှိသွားပြီလဲ ? { ၂-ယောက်ပါဘုရား } (၂)ယောက်ရှိသွားပြီ ဟုတ်လား။ { မှန်ပါဘုရား }

နောက်တစ်ခါ ရေတွင်း, ရေကန်, ရေအိုးစင်, သောက်ရေအိုးစင်တွေ လှူတဲ့ပုဂ္ဂိုလ်ပေါ့၊ အဲဒါတစ်ယောက်ထည့်လိုက်၊ ဘယ်နှစ်ယောက်လဲ ? { အားလုံးပေါင်း (၆)ယောက်ပါဘုရား } အရင်(၃)ယောက်ထားလိုက်ဦး၊ အခု ဘယ်နှစ်ယောက်လဲ ? { ၃-ယောက်ပါဘုရား } (၃)ယောက်ထပ်ပြောရအောင် ဘာတွေလဲ -
ပက္ခိကဆွမ်း' ပက္ခိကဆွမ်းဆိုတာ (၁၅)ရက် (၁)ကြိမ်လှူတဲ့ဆွမ်းကို ပြောတာ၊
နောက်ပြီးတော့ ဝါဆိုသင်္ကန်းအလှူရှင်၊
နောက်ပြီးတော့ ရေတွင်း, ရေကန်, သောက်ရေအိုးစင်အလှူရှင်။

အဲဒီ(၃)ယောက်ကို လိုက်ဆိုရအောင် -
ဆယ့်ငါးရက်ဆွမ်း၊ ဝါသင်္ကန်း၊ လှူဒါန်း သောက်ရေကန်။

ဘယ်နှစ်ယောက်ရှိသွားပြီလဲ ? { ၆-ယောက်ပါဘုရား }

နောက်ဆုံးတစ်ယောက်ပြောမယ်၊ နောက်ဆုံးတစ်ယောက်က အခုလိုပဲ ဇရပ်, ကျောင်း, တန်စောင်းစသည်ပေါ့၊ အဆောက်အဦဆောက်လှူထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ထည့်၊ အဲဒါ လောလောဆယ် မပါဘူးလား ? { ပါ'ပါတယ်ဘုရား } အဲဒီပုဂ္ဂိုလ်တစ်ယောက်ထည့်ရင် ဘယ်နှစ်ယောက်လဲ ? { ၇-ယောက်ပါဘုရား } ပထမ (၃)ယောက်၊ ဒုတိယ (၃)ယောက်၊ နောက်ဆုံး ကျောင်းအလှူရှင် (၁)ယောက်ထည့်လိုက်တော့ ဘယ်နှစ်ယောက်လဲ ? { ၇-ယောက်ပါဘုရား } အဲဒီ(၇)ယောက်သောပုဂ္ဂိုလ်များက သူတို့သန္တာန်မှာ နိဗဒ္ဓကုသိုလ်တွေဖြစ်နေတဲ့ပုဂ္ဂိုလ်တွေတဲ့၊ အမြဲတမ်း ကုသိုလ်ဖြစ်နေတယ်ခေါ်တယ် ဟုတ်လား၊ { မှန်ပါဘုရား } အမြဲတမ်း ကုသိုလ်ဖြစ်တာကို "နိဗဒ္ဓကုသိုလ်ရှင်"လို့ခေါ်တယ်။ အခု ကျောင်းအလှူရှင်ထည့်လိုက်ရင် (၇)ယောက် မပြည့်ဘူးလား ? { ပြည့်ပါတယ်ဘုရား } အခု ဒီမှာ ဆွမ်းစားကျောင်းလေးဆောက်ထားတယ်၊ ဒီထဲမှာ သံဃာဘယ်နှစ်ပါးဆွမ်းစားနိုင်လဲ ပြောစမ်း၊ { စားပွဲ '၆'တွဲပါဘုရား၊ ၄၅-ပါဘုရား } { အပါး ၃၀-ပါဘုရား } ကဲ ထားပါတော့ ကြားချပြီး (၄၀)ပေါ့ ဟုတ်လား၊ တစ်နေ့ကို (၄၀)ဆွမ်းစားတယ် ထားပါတော့ ဟုတ်လား၊ တစ်နေ့ (၄၀)ဆိုတော့ (၁၀)ရက်ဆိုရင် (၄၀၀)ပဲ၊ ထပ်စားလည်း ထပ်တွက်ပေါ့၊ (၁၀)ရက်ဆိုရင် ဘယ်လောက်လဲ ? { ၄၀၀-ပါဘုရား } (၁)လဆိုရင်ရော { ၁,၂၀၀-ပါဘုရား } (၁)နှစ်ဆိုရင် - (၁၀)လမှ (၁၂,၀၀၀)ဖြစ်မယ်လေ၊ (၂)လက (၂,၄၀၀)ထည့်တွက်ရုံပေါ့ ဟုတ်လား၊ ကဲ ထားပါတော့ (၁၀,၀၀၀)ကျော်လောက်၊ ငါတို့ဆောက်လှူတဲ့ "ဓမ္မယာနဘောဇနသာလာ"ဆိုတဲ့ ဆွမ်းစားကျောင်းလေးမှာ (၁)နှစ် (၁)နှစ်မှာ သံဃာ (၁၀,၀၀၀)ကျော်လောက် ဆွမ်းဘုန်းပေးတယ်၊ အလှူရှင်တွေက အဲဒီလို စိတ်ထဲမှာ စဉ်းစားလိုက်မယ်ဆိုရင် ပီတိ မဖြစ်ဘူးလား ? { ဖြစ်ပါတယ်ဘုရား } ပီတိဖြစ်မှာလား ? ဒေါသဖြစ်မှာလား ? { ပီတိဖြစ်မှာပါဘုရား } ပီတိဖြစ်မှာ၊ အဲဒါ ကုသိုလ်လို့ပြောတာပဲ ဟုတ်လား၊ { မှန်ပါဘုရား }  နေ့တိုင်း နေ့တိုင်း အိပ်ယာထ မျက်နှာသစ်ရင် သြော် ဒီကျောင်းထဲမှာ မစိုးရိမ်တိုက်သစ်ထဲမှာ ငါတို့ "ဓမ္မယာနဘောဇနသာလာ"လေးဆောက်လှူထားတယ်၊ အဲဒီထဲမှာ တစ်နေ့ကို ကိုယ်တော်အပါး (၄၀)လောက် ပျမ်းမျှပေါ့ ဒီထက်များရင်လည်း များမှာပေါ့ ဟုတ်လား၊ { မှန်ပါဘုရား } (၄၀)လောက် ဆွမ်းစားနေတာ၊ ဆွမ်းစားရုံတင်မဟုတ်ဘဲ စာအံတာလည်း ရှိမယ် ဟုတ်လား၊ { မှန်ပါဘုရား } အေး အဲဒီတော့ မြတ်စွာဘုရားရဲ့ ပရိယတ္တိသာသနာတော်ကို ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ငါတို့လှူဒါန်းရတာ ငါတို့ အရတော်ပေစွ၊ တစ်ကြိမ် တစ်ခါ လှူပြီးပြီ၊ ကုသိုလ်က တစ်ခါတည်း မဖြစ်ဘူး၊ နေ့တိုင်းဖြစ်နေတာ၊ သတိရတိုင်း ဖြစ်နေတာ။ မေ့တော့ မထားနဲ့ပေါ့၊ ငါ ကျောင်းဆောက်ထားတယ်ဆိုတာ သတိရနေ ဟုတ်လား၊ အဲဒါဆို နေ့တိုင်း ကုသိုလ် မဖြစ်ဘူးလား ? { ဖြစ်ပါတယ်ဘုရား } အဲဒါကြောင့် "နိဗဒ္ဓကုသိုလ်ရှင်"လို့ခေါ်တယ်၊ အမြဲ ကုသိုလ်ရနေတာ ဟုတ်လား။

ကဲ လိုက်ဆို -
ကျောင်းလှူတစ်ဝ၊ နိဗဒ္ဓ၊ ပုညရှိသူမှန်။

"ပုည"ဆိုတာ ကုသိုလ်ကို ပြောတာပဲ၊ ပါဠိလို "ပုည"၊ မြန်မာလို "ကုသိုလ်"ပေါ့။

ကျောင်းလှူတစ်ဝ၊ နိဗဒ္ဓ၊ ပုညရှိသူမှန်။

(၇)ယောက်ရှိသွားပြီ အားလုံးပေါင်းလေ၊ { မှန်ပါဘုရား } အဲဒီ(၇)ယောက်သောပုဂ္ဂိုလ်များ အပါယ်တံခါးပိတ်တယ်တဲ့။ အရိယာပုဂ္ဂိုလ်တွေထဲမှာ အနိမ့်ဆုံးပုဂ္ဂိုလ်က သောတာပန်၊ အနိမ့်ဆုံးပုဂ္ဂိုလ် ဘယ်သူလဲ ? { သောတာပန်ပါဘုရား } အဲဒီသောတာပန်ပုဂ္ဂိုလ်များ သေရင် အပါယ်ကျသလား ? { မကျပါဘုရား } အေး သောတာပန်ပုဂ္ဂိုလ် အပါယ် မကျသလို ဒီ(၇)ယောက်သော အလှူရှင်တွေလည်း အပါယ် မကျဘူးတဲ့။ ဒါကြောင့် သောတာပန်နဲ့ အလားတူတဲ့အတွက် ကျမ်းဂန်က သူ့ကို ဘွဲ့ပေးထားတယ်၊ ဘာဘွဲ့လဲဆိုတော့ "စူဠသောတာပန်"တဲ့။ ဟို ဝိပဿနာတရားအားထုတ်လို့ တစ်မဂ်, တစ်ဖိုလ်ရတဲ့ သောတာပန်ကတော့ "မဟာသောတာပန်"ပေါ့၊ ဒါကတော့ မဟာသောတာပန်အဆင့်တော့ မဟုတ်ဘူး၊ အဲဒီမဟာသောတာပန်လို အပါယ် မကျတာချင်း တူတဲ့အတွက် ဘွဲ့ပေးလိုက်တယ်၊ ဘာဘွဲ့လဲ ? { စူဠသောတာပန်ပါဘုရား } စူဠသောတာပန်။

လိုက်ဆို -
သောတာလိုပဲ၊ ဂတိမြဲ၊ သူလည်း ပါယ် မပြန်။

"ဂတိ"ဆိုတာ သတ္တဝါတွေ သေပြီးရောက်နိုင်တဲ့ဘုံကို "ဂတိ"လို့ခေါ်တာ ပါဠိလို ဟုတ်လား၊ အေး သေပြီးရင် သုဂတိဘဝကို ရောက်ဖို့ သေချာနေတယ်ဆိုရင် အဲဒီလိုပုဂ္ဂိုလ်မျိုးကို စာပေက "ဂတိမြဲတဲ့ပုဂ္ဂိုလ်"လို့ခေါ်တယ်၊ ဂတိမြဲတယ်ဆိုတာ စာအသုံးပေါ့၊ အဓိပ္ပါယ်က ဘာပြောတာလဲ သုဂတိဘုံ ကောင်းတဲ့ဘုံရောက်ဖို့ သေချာတယ်လို့ပြောတာ ဟုတ်လား။ ကောင်းတဲ့ဘုံရောက်ဖို့ မသေချာဘူး၊ မကောင်းတဲ့ဘုံရောက်ရင်လည်း ရောက်မယ်၊ ကောင်းတဲ့ဘုံရောက်ရင်လည်း ရောက်မယ်၊ အဲဒီလို မသေချာတဲ့ပုဂ္ဂိုလ်ကို ဂတိမြဲတယ်လို့ မခေါ်ဘူး ဟုတ်လား။ အခု ဒီစာပေမှာ ဂတိမြဲတယ်ဆိုတာ ကောင်းတဲ့ဘုံရောက်မယ်၊ အပါယ် မရောက်ဘူးလို့ပြောတာ။

သောတာလိုပဲ၊ ဂတိမြဲ၊ သူလည်း ပါယ် မပြန်။

ဆို (၃)ခေါက် -
{ သောတာလိုပဲ၊ ဂတိမြဲ၊ သူလည်း ပါယ် မပြန်။ }
{ သောတာလိုပဲ၊ ဂတိမြဲ၊ သူလည်း ပါယ် မပြန်။ }
{ သောတာလိုပဲ၊ ဂတိမြဲ၊ သူလည်း ပါယ် မပြန်။ }

ကဲ အဋ္ဌကထာဆရာထုတ်ပြတာ အပါယ် မကျတဲ့ပုဂ္ဂိုလ် (၇)ယောက်၊ ဒါ အရိယာတော့ မဟုတ်ဘူး ဟုတ်လား၊ { မှန်ပါဘုရား } အရိယာ မဟုတ်တဲ့အတွက် သေချာပေါက် တရားသေမှတ်လို့တော့ မရဘူး၊ အဲဒီ(၇)ယောက်ထဲမှာ အခု ကျောင်းအလှူရှင်တွေ ဘယ်နှစ်ဌာနပါလဲဆိုတော့ -
သရဏဂုံတည်တဲ့နေရာမှာလည်း မပါဘူးလား ? { ပါ'ပါတယ်ဘုရား }
(၅)ပါးသီလကော ဆောက်တည်ရဲ့လားဟေ့ { ဆောက်တည်ပါတယ်ဘုရား } အေး တည်ရင် (၂)ခါပါတယ်ပေါ့ ဟုတ်လား၊
အခု နောက်ဆုံး ကျောင်းလှူထားတာဆိုတော့ တစ်ထိုင်တည်းမှာပဲ (၃)နေရာပါနေတယ်၊ ဘယ်နှစ်နေရာပါနေလဲ ? { ၃-နေရာပါနေပါတယ်ဘုရား } အေး အပါယ် မကျနိုင်တဲ့ပုဂ္ဂိုလ် (၇)ယောက်ထဲမှာ ဘယ်နှစ်နေရာပါနေလဲ ? { ၃-နေရာပါဘုရား } (၃)နေရာပါတယ် ဟုတ်လား။ ခုနက ဘုရားရှင်ဟောကြားထားတဲ့ (၉)ယောက်ကတော့ သေချာပေါက် အပါယ် မကျဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အပါယ်ပို့ပေးတယ်ဆိုတာက မိမိလုပ်ထားတဲ့ အကုသိုလ်ကံက ပို့တာ၊ ဘယ်သူက ပို့တာလဲ ? { အကုသိုလ်ကံက ပို့တာပါဘုရား } အေး အဲဒီအကုသိုလ်ကံတွေ ပရိသတ်သန္တာန်မှာ ရှိသေးတယ် ဟုတ်လား။ အရိယာပုဂ္ဂိုလ်တွေကျ မရှိတော့ဘူး မဂ်နဲ့ပယ်ထားတာ၊ သူတို့ကတော့ သေချာပေါက် အပါယ် မကျဘူး။ ဒီ(၇)ယောက်သောပုဂ္ဂိုလ်လည်း အပါယ် မကျဘူးဆိုပေမဲ့ အာမခံချက်တော့ မပေးနိုင်ဘူး၊ ဘာဖြစ်လို့ မပေးနိုင်တာလဲ၊ 'ဟာ ဘုန်းကြီးက ဟောတယ်ဟေ့ တို့ အပါယ် မကျဘူး၊ ဒီနေ့ကစပြီး ငါတို့ အကုသိုလ်တွေ လုပ်မယ်, ဒုစရိုက်တွေလုပ်မယ်'ဆိုရင် ကျမှာလား ? မကျဘူးလား ? { ကျမှာပါဘုရား } အေး အပါယ် မကျချင်ဘူးဆိုရင် ဒီကုသိုလ်ကို နေ့တိုင်း အောက်မေ့နေရမယ်, သတိရနေရမယ်၊ နေ့တိုင်း ဘာလုပ်ရမလဲ ? { အောက်မေ့ရမှာပါဘုရား } အောက်မေ့ရမယ်၊ အဲဒါ အောက်မေ့ရင် "စာဂါနုဿတိ"လို့ခေါ်တဲ့ ကုသိုလ်တွေက တိုး'တိုးသွားတယ်။ အဲဒါတွေကို မေ့ပစ်လိုက်မယ်ဆိုရင်တော့ အာမခံချက် မပေးနိုင်ဘူး၊ အပါယ်ကျရင် ကျမှာ ဟုတ်လား၊ ဘာဖြစ်လို့လဲဆိုတော့ သတ္တဝါတွေ သေလို့ရင် နောက်ဆုံးစိတ်ကို "စုတိစိတ်"လိုခေါ်တယ် ပြောစမ်း၊ { စုတိစိတ်ပါဘုရား } စုတိစိတ်၊ အဲဒီစုတိစိတ်ရဲ့ ရှေ့နားမှာ ကုသိုလ်ဇောရယ်, အကုသိုလ်ဇောရယ် (၂)မျိုးရှိတယ်။ သေခါနီးရင် သတ္တဝါတွေ အဲဒီ(၂)မျိုးထဲက တစ်ခုခုဖြစ်တယ်၊ သေတဲ့စိတ်ရဲ့ရှေ့နားမှာ ဘာဇောဖြစ်လဲ၊ ကုသိုလ်ဇော, အကုသိုလ်ဇော၊ အဲဒီဇော(၂)မျိုးက သူတို့ကိုယ်တိုင်တော့ အကျိုး မပေးဘူး၊ သို့သော် သူက ရေလာ မြောင်းပေးလုပ်ပေးတယ်၊ အဲဒီတော့ သေခါနီးမှာ ကုသိုလ်ဇောစောပြီဆိုရင် သူက တခြားကုသိုလ်လှမ်းခေါ်လိုက်တာ၊ မင်းတို့လာခဲ့ကြ၊ မင်းတို့ အကျိုးပေးလိုက်၊ ကုသိုလ်အကျိုးပေးတော့ ကောင်းတဲ့ဘုံရောက်တာပေါ့ ဟုတ်လား၊ အေး အဲဒီတော့ သေခါနီးမှာ ကုသိုလ်ဇောစောဖို့ အရေးကြီးတယ်။ တကယ်လို့ အကုသိုလ်ဇောစောပြီဆိုရင် အကုသိုလ်က တခြားအကုသိုလ်တွေကို လှမ်းခေါ်လိုက်တာ 'လာခဲ့ မင်းတို့အကျိုးပေးတော့မှာ'၊ ဒါဆို မကောင်းတဲ့ဘုံရောက်ပြီ ဟုတ်လား။ အဲဒီတော့ သေခါနီးကာလမှာဖြစ်တဲ့ဇောက သူကိုယ်တိုင်တော့ အကျိုး မပေးဘူး၊ ရေလာ မြောင်းပေးအနေနဲ့ လုပ်ပေးတယ်၊ သူက အရေးကြီးတယ်။ အဲဒီအချိန်မှာ ကုသိုလ်ဇောစောရင် သေချာပေါက် ကုသိုလ်ကံက အကျိုးပေးပြီးတော့ ကောင်းတဲ့ဘုံရောက်လိမ့်မယ်၊ အဲဒီအချိန်မှာ အကုသိုလ်ဇောစောရင်တော့ မကယ်နိုင်ဘူး ဟုတ်လား၊ အကုသိုလ်ကံတွေလာပြီးတော့ မကောင်းတဲ့ဘုံ ပို့မှာပဲ။ အဲဒါကြောင့် ဒီနေ့ပြုတဲ့ကုသိုလ်ကို နေ့တိုင်း အောက်မေ့ပါ၊ ဘယ်အချိန်ထိ အောက်မေ့ရမှာလဲဆိုရင် သေခါနီးအချိန်ထိ အောက်မေ့ရမယ်။ ဘယ်အချိန်ထိ အောက်မေ့ရမလဲ ? { သေခါနီးအချိန်ထိ အောက်မေ့ရမှာပါဘုရား } အဲဒီလို သေခါနီးအချိန်ထိ အောက်မေ့လို့ရင် ကုသိုလ်ကံတွေက လာပြီးတော့ ဟိုဘက်ဘဝကို ပို့ပေးမှာ၊ ကုသိုလ်ကံကပို့တော့ ကောင်းတဲ့ ဘဝလား ? မကောင်းတဲ့ ဘဝလား ? { ကောင်းတဲ့ ဘဝပါဘုရား } အဲဒီကျတော့ အပါယ် မကျတော့ဘူးလို့ ပြောလို့ မရဘူးလား ? { ရပါတယ်ဘုရား } အေး ဒါကြောင့် ဒီ(၇)ယောက်သော အလှူရှင်များလည်း သောတာပန်လိုပဲ အပါယ် မကျနိုင်ဘူးလို့ ပြောထားသော်လည်း မိမိအနေနဲ့ကတော့ အဲဒီကုသိုလ်တွေကို နေ့တိုင်း နေ့တိုင်း သတိရပေးပါ၊ တခြားကုသိုလ်တွေ ဆက်လုပ်နိုင်ရင်လည်း လုပ်, မလုပ်နိုင်ရင်လည်း ဒီကုသိုလ်ကို နေ့တိုင်း သတိရ၊ ဒီကျောင်းကို အာရုံပြု၊ သေခါနီးထိ အာရုံပြုနေ၊ အဲဒါဆိုရင်တော့ အပါယ် မကျဘူးလို့ ပြောလို့ရတယ် ဟုတ်လား။

အဲဒီတော့ ဒီနေ့ ကျောင်းဆောက်လှူဒါန်းရတဲ့ကုသိုလ်, အပါယ် မကျတဲ့ကုသိုလ် ငါတို့ လုပ်ပြီးပြီ၊ အဲဒီပွဲမှာ သံဃာတော်အရှင်မြတ်တွေကို နံနက်က ဆွမ်းကပ်တယ် အရုဏ်ဆွမ်းပေါ့ ဟုတ်လား၊ လှူဖွယ်ဝတ္ထုတွေ လှူတယ်။ အဲဒီကုသိုလ်တွေအားလုံး တို့သန္တာန်မှာ ဖြစ်ပြီ၊ 'နိဗဒ္ဓကုသိုလ်'လို့ခေါ်တဲ့ အပါယ် မကျတဲ့ကုသိုလ်လည်း ဖြစ်တယ်၊ အဲဒီကုသိုလ်ကို အနိစ္စ, ဒုက္ခ, အနတ္တ ဝိပဿနာရှုဆင်ခြင်ပြီး မဂ်, ဖိုလ်, နိဗ္ဗာန်ကို ဆုတောင်း ရေစက်ချကြမယ် -

တုမှေ၊ သင်ဒကာ, ဒကာမအပေါင်း သူတော်ကောင်းတို့သည်။ အတ္တနော သန္တာနေ ဥပ္ပန္နံ၊ မိမိတို့သန္တာန်၌ ဖြစ်ပေါ်နေသော။ ကုသလံ၊ ဒါန, သီလ, ဘာဝနာလို့ခေါ်တဲ့ ကုသိုလ်တရားကို။ ဝိပဿိတွာ၊ အနိစ္စ ဒုက္ခ အနတ္တ ဝိပဿနာတင်ကာ ရှုနိုင်ကြကုန်သည်ဖြစ်၍။ အနုတ္တရံ၊ အတု မရှိ အမြင့်ဆုံး အမြတ်ဆုံး အသာလွန်ဆုံးဖြစ်သော။ နိဗ္ဗာနသုခံ၊ ခပ်သိမ်းသော ဆင်းရဲမှန်သမျှတို့၏ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကြီးကို။ သစ္ဆိကရောထ၊ ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုတော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓုပါဘုရား

🎤၁၃၈၁-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၅)ရက်၊ (3.10.2019) ကြာသပတေးနေ့တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မယာနဘောဇနသာလာကျောင်း ရေစက်ချ အလှူတော်မင်္ဂလာ၌ ဟောကြား ချီးမြှင့်သော တရားတော်ဖြစ်ပါသည်။ 

#မှတ်ချက်
တရားတော်ကို ဓမ္မကာယကျောင်း၊ အရှင်နန္ဒိယ၏ Medianan Facebookမှ ကူးယူသည်။
                             
တက္ကသိုလ် လုလင်
၁၃၈၁-ခု၊ သီတင်းကျွတ်လဆန်း (၆)ရက်
(4.10.2019) သောကြာနေ့
                              Share