သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါကလိုးခူကျေးရွာ
ထီးပွင့်ကန်သာသနာပြုဌာန ထီးပွင့်ကန်ကျောင်းတိုက်
ပဓာနနာယကဆရာတော် ဘဒ္ဒန္တဉေယျဓမ္မမဟာထေရ်၏
ထေရုပ္ပတ္တိကထာနှင့် ဂုဏဝိသိဋ္ဌပူဇာ ကဗျာများ
______________________________________________
သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ
ထီပွင့်ကန်ဆရာတော် ဘဒ္ဒန္တဉေယျဓမ္မမဟာထေရ်၏
ထေရုပ္ပတ္တိကထာ သင်္ခေပဝစနာ
____________×_____________
ဆရာတော်လောင်းလျာကို ဖွားမြင်တော်မူခြင်း
_______________________________________
ထီးပွင့်ကန်ဆရာတော် လောင်းလျာကို စစ်ကိုင်းတိုင်း
ဒေသကြီး ကနီမြို့နယ်အပိုင် ဆူးလေကုန်းစံပြကျေးရွာ၌
ခမည်းတော်ဦးစိန်မောင် မယ်တော်ဒေါ်သိန်းမြတို့မှ
၁၃၃၆ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက် ဗုဒ္ဓဟူးနေ့တွင်
မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
ရှင်ရဟန်းအဖြစ် ခံယူတော်မူခြင်း
____________________________
ဆရာတော်လောင်းလျာသည် ၁၃၄၄ ခုနှစ် တပေါင်းလဆန်း
၉ ရက်နေ့ သက်တော် ၈-နှစ်အရွယ်တွင် ဆူးလေကုန်း
စံပြကျေးရွာ အောင်မြေသာဇံကျောင်းဆရာတော်
ဘဒ္ဒန္တအာလောကမထေရ်ကို ဥပဇ္ဈာယ်ပြု၍
မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ
ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
ကောဇာသက္ကရာဇ် ၁၃၅၆ ခုနှစ် တန်ခူးလပြည့်ကျော်
၆ ရက်နေ့ သက်တော် ၂၀ အရွယ်တွင် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့
ပစ္ဆိမာရုံစာသင်တိုက် ပဓာနနာယကဆရာတော်
အဂ္ဂမဟာဂန္ထဝါစက ဘဒ္ဒန္တစိန္တိတာလင်္ကာရ မဟာထေရ်ကို ဥပစ္ဈာယ်ပြု၍ မော်လမြိုင်ကျွန်းမြို့နေ
ဦးလှစိုး+ဒေါ်ခင်မာသီ မိသားစုတို့၏ ပစ္စည်းလေးပါးကို
ခံယူကာ ပစ္ဆိမာရုံမဟာခဏ္ဍသိမ်တော်၌ မြင့်မြတ်သော
ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။
ပရိယတ္တိစာပေများ သင်ကြားတော်မူခြင်း
___________________________________
ဆရာတော်သည် ကနီမြို့နယ် ဆူးလေကုန်းစံပြကျေးရွာ
အောင်မြေသာဇံကျောင်းဆရာတော် ဘဒ္ဒန္တအာလောက၊
ကယားပြည်နယ် ထီးပွင့်ကန်ကျောင်းဆရာတော်
ဘဒ္ဒန္တဣန္ဒဝံသ ၊ မော်လမြိုင်ကျွန်းမြို့ပစ္ဆိမာရုံကျောင်း
ဆရာတော် ဘဒ္ဒန္တစိန္တိတာလင်္ကာရ ၊ မန္တလေးမြို့
လေသာတိုက် ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒ ၊ ဘဒ္ဒန္တသုနန္ဒာဘိဝံသ ၊ မစိုးရိမ်တိုက်သစ်ဆရာတော်များ
မစိုးရိမ် တိုက်ဟောင်းဆရာတော်များ စသော
ပရိယတ္တိအကျော် ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ကြားတော်မူခဲ့ပါသည်။
အစိုးရပါဠိပထမပြန် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ
မူလတန်း ပထမငယ်တန်း ပထမလတ်တန်း ပထမကြီးတန်း တို့ကို အောင်မြင်တော်မူ၍ ဓမ္မာစရိယ
ဆိုင်ရာ စာပေများကို သင်ယူတော်မူရ
အဋ္ဌသာလိနီကျမ်းနှင့် သီလက္ခန်ကျမ်းတို့ကို
အောင်မြင်တော်မူခဲ့ပါသည်။
မော်လမြိုင်ကျွန်းမြို့ ပရိယတ္တိသာသနာလင်္ကာရ
သာမဏေကျော် ပထမဆင့် ဒုတိယဆင့် နှင့်
ရန်ကုန်မြို့ မင်္ဂလာဗျူဟာသာမဏေကျော်
ပထမဆင့် ဒုတိယဆင့်တိုကို ဖြေဆိုအောင်မြင်တော်မူ၍
တတိယဆင့်ဆိုင်ရာ စာပေများကို သင်ကြားခွင့်
ရတော်မူခဲ့သည်။
အစိုးရနိကာယ်ငါးရပ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ
ဝိနည်းငါးကျမ်းကို ဖြေဆိုအောင်မြင်တော်မူသောကြောင့်
ဝိနယဝိဒူ ဘွဲ့တံဆိပ်တော်ကို ရရှိတော် မူခဲ့ပါသည်။
သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များ
______________________________
ဆရာတော်သည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင်
သံဃာ့သမုတိရ ကိုယ်စားလှယ်ဆရာတော်အဖြစ်
ဆောင်ရွက်တော်မူခြင်း၊ သာသနာပြုသက်တမ်း ၉ နှစ်
အတွင်း အခြားဘာသာဝင် ၉၁ ဦးတို့အား ဗုဒ္ဓဘာသာသို့
သက်ဝင်ယုံကြည်လာအောင် စွမ်းဆောင်နိုင်ခြင်း၊
ယဉ်ကျေးမှုသက်တမ်း ၉ နှစ်ရှိပြီး နှစ်စဉ် သင်တန်းသား
သင်တန်းသူ ၁၃၀ ဦးတို့အား ဗုဒ္ဓယဉ်ကျေးမှု စာပေများ
သင်ကြားပေးတော်မူခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေး
သက်တမ်း ၂ နှစ်ရှိပြီး ကျောင်းသားကျောင်းသူ ၅၅ ဦး
တို့အား စားဝတ်နေရေးကျန်းမာရေးကို တာဝန်ယူလျှက်
ပညာသင်ကြားပေးတော်မူခြင်း၊ နှစ်စဉ် တိုင်းရင်းသား
ပေါင်းစုံတို့အား ရဟန်းခံရှင်ပြုပွဲများ ပြုလုပ်ဆောင်ရွက်
ပေးတော်မူခြင်း၊ ဝိပဿနာတရားစခန်းပွဲများ ကျင်းပ
ပြုလုပ်ပေးတော်မူခြင်းနှင့် အခြားသော သာသနာရေး
ဘာသာရေး လူမှုရေးဆိုင်ရာ ပရဟိတလုပ်ငန်းများကို
တစိုက်မတ်မတ် စဉ်ဆက်မပြတ် ဆောင်ရွက်တော်မူပါသည်။
ဆရာတော်သည် ၂၀၀၆-ခုနှစ်တွင် ကယားပြည်နယ်
ထီးပွင့်ကန် ကျောင်းတိုက်သို့ စတင်ရောက်ရှိပြီး
မူလထီးပွင့်ကန်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသမထေရ်
( လူမှုထူးချွန်ပထမဆင့်၊ သခင်ဦးဝတင့်၏သား)၏
သြဝါဒကို ခံယူကာ လမ်းပြင်လမ်းဖို့ လုပ်ငန်းများကို
ဦးဆောင်ပြုလုပ်လျှက် တဖက်မှလည်း စာဝါပို့ချခြင်းနှင့်
ကျောင်းတိုက်၏ တာဝန်အရပ်ရပ်တို့ကို ထမ်းဆောင်
တော်မူခဲ့ပါသည်။
၃၁- ၁-၂၀၀၈ ခုနှစ်တွင် မူလထီးပွင့်ကန်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ
ပျံလွန်တော်မူရာ အန္တိမဈာပနတွင် ဓါတ်တော်များ
ကြွင်းကျန်ရစ်သည်ကို အံ့သြဖွယ် ဖူးတွေ့ရပါသည်။
ထိုဓါတ်တော်များကို ဆရာတော်ဘုရားကြီးကိုယ်စား ပူဇော်သောအားဖြင့် ဓာတုစေတီ ဓါတ်တော်တိုက်ကို ထီးပွင့်ကန် ကျောင်းတိုက်၏ မြောက်ဘက်အရပ်တွင် တည်ထားကိုးကွယ်တော်မူပါသည်။
ထီးပွင့်ကန်ကျောင်းတိုက်၏ သာသနာပြုလုပ်ငန်းများ
ကိုလည်း ဆရာကောင်းတပည့်ပီသစွာ ဆက်လက်
ဆောင်ရွက်တော်မူပါသည်။
၂၀၀၉ ခုနှစ်တွင် သာသနာ့အလင်းရောင် ကျောင်းဆောင်သစ်ကြီးကို တည်ဆောက်တော်မူသည်။
(ယခင်က မူလဆရာတော်ဘုရားကြီး သီတင်းသုံရာ
ထရံကာ ဓနိမိုး ကျောင်းလေးတစ်လုံးသာရှိသည်။
ယနေ့တိုင် ဆရာတော်ကြီးအမှတ်တရအဖြစ်
ထားရှိဆဲ ဖြစ်ပါသည်။)
၂၀၁၀ ခုနှစ်တွင် ကျောင်းဝင်း၏ မြောက်ဘက်အရပ်
၂၀၁၁ ခုနှစ်တွင် ကျောင်းဝင်း၏ အရှေ့ဘက်အရပ်
၂၀၁၂ ခုနှစ်တွင် ကျောင်းဝင်း၏ တောင်ဘက်အရပ်
တို့ကို အုတ်တံတိုင်း ခတ်ခြင်းလုပ်ငန်းများနှင့်
ကျောင်းမုခ်ဦးတည်ဆောက်ခြင်း သိမ်သမုတ်ခြင်း၊
သာသန ဝံသ သိမ်တော်တည်ဆောက်ခြင်း၊
သိမ်တော် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပခြင်း၊
ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်သော
သီရိဝိဇယ အောင်တော်မူစေတီးတော် မြတ်ကြီးအား
ထီးတော်တင်လှူခြင်း စသည်တို့ကို ပြုလုပ်တော်
မူပါသည်။
၂၀၁၃ ခုနှစ်တွင် ရှစ်မျက်နှာ ဗောဓိစေတီကို တည်ထား
ကိုးကွယ်တော်မူ၍ မုခ်ဦးတွင် ကိန္နရီကိန္နရာရုပ်တုများကို
ပြုလုပ်ကာ မုခ်ဦးအလှဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်တော်မူသည်။
၂၀၁၆ ခုနှစ် နှစ်ဆန်းတွင် သာသနာ့ဗိမာန်တော်ကြီးကို စတင်တည်ဆောက်လျှက်ရှိပြီး ယခုအခါ ပြီးစီးလု
အခြေအနေသို့ ရောက်ရှိပြီ ဖြစ်ပါသည်။
ဘွဲ့တံဆိပ်တော်မြတ် အလှူခံတော်မူခြင်း
___________________________________
ထိုကဲ့သို့ အများအကျိုးကိုသည်းပိုး ရွက်ဆောင်တော်
မူသော ပရဟိတာဝဟဂုဏ်၊ သာသနာတော်အကျိုးကို
ကြိုးစားအားထုတ်တော်မူသော သာသနဟိတဓရဂုဏ်၊
လောကဓံတရားကို သည်းခံတော်မူနိုင်သော ခမာဂုဏ်၊
ပရဟိတလုပ်ငန်း သာသနာပြုလုပ်ငန်းများ၌ နိုးကြား
တက်ကြွစွာ လုပ်ဆောင်တတ်သော ဇာဂရိယဂုဏ်တိုနှင့်
ပြည့်စုံတော် မူသောကြောင့် ၂၀၁၇ ( ၁၃၇၈ ) ခုနှစ်
ဇန္နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ
နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော
" သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် " ကို
အလှူခံ ရရှိတော် မူပါသည်။
_______________________________________________
သဒ္ဓမ္မဇောတိကဓဇ ဂုဏဝိသိဋ္ဌပူဇာသဘင်၌
စာဆိုရှင် တေဇာဟိန်း( နန်းနတ်နေနွယ်နိုင် )
ရေးသားပူဇော်၍ တပည့်တော်(………………)မှ
ရွတ်ဆို ပူဇော်အပ်သော ထီးပွင့်ကန်ဆရာတော် ဘဒ္ဒန္တဉေယျဓမ္မမထေရ်မြတ်၏ ထေရုပ္ပတ္တိကထာ
ပိုဒ်လွန်ရတုနှင့် ဘုန်းတော်ဘွဲ့ တေးထပ်ပါဘုရား…။
__________¥___________
ထေရုပ္ပတ္တိကထာ ပိုဒ်လွန်ရတု
………………………………………………
( ၁ )
ဘုန်းမြတ်ဇာတာ ညွှန်းသစ်ခါတည့်…
မြန်မာပြည်တိုင်း ရွှေစကိုင်းဟု
ညို့မှိုင်းဝေစည် မြို့ကနီ၏
ရွာမည်ခေါ်သုံး ဆူးလေကုန်းတွင်
ရွှင်ပြုံးအိမ်ထောင် ဦးစိန်မောင်နှင့်
ရည်ဆောင်တူမျှ ဒေါ်သိန်းမြတို့
ရင်မှဖေါ်ညွှန်း မောင်ဇော်ထွန်းဟု
မှည့်ခွန်းသညာ ထေရ်ဆရာကို
ကောဇာခေါ်ထုံး တစ်သုံးသုံးခြောက်
နှစ်နှုန်းထောက်သော် ထွန်းတောက်ဝင်းမွတ်
သီတင်းကျွတ်၏ လင်းဆွတ်ရောင်စွက်
ဆန်းတရက်ဝယ် နှစ်သက်ရွှင်အပ်
ဖွားမြင်လတ်သည်…
ဘုန်းမြတ် ဇာတာတော်ပါ ဘုရား………။
( ၂ )
ရုန်းဖြတ်ခါသာ လူ့အိမ်ရာတည့်…
နိက္ခမာထုံး လောင်းလျာဘုန်းကြောင့်
တစ်သုံးလေးလေး ကောဇာရေးသော်
သင်ပေးမူလ အာလောကဟု
ထေရထံပါး ခဝပ်တွားလျှက်
နှစ်ပါးမိဘ ပစ္စယကို
ချီးမခံယူ ထောက်အကူဖြင့်
သုံးလူသနင်း တရားမင်း၏
ရင်တွင်းနှစ်မွေ သာမဏေသွင်
ဝါရေဆင်ခဲ့ ၊
သက်လျှင်ပြည့်ထုံး နှစ်ဆယ်ရုံးမှ
တစ်သုံးငါးခြောက် ကောဇာရောက်သော်
မွှေနှောက်ကျမ်းဂန် အတန်တန်ကို
နည်းမှန်ညွှန်ပြ စိန္တိတဟု
ထေရအမော် ဆရာတော်လျှင်
ငဲ့မျှော်ကြည့်ရှု ချီးမြောက်မှုဖြင့်
ဘိက္ခုရဟန်း အထက်လမ်းသို့
တက်လှမ်းမတ်မတ် အမြင့်ရပ်သည်…
ရုန်းဖြတ် အခါတော်ပါ ဘုရား………။
( ၃ )
သုံးသပ်ဓမ္မာ သင်စာဝါတည့်…
ဆရာစညွှန် ဣန္ဒဝံဟု
ထေရ်မွန်မဟာ ခြေစုံမှာလျှင်
ဝတ်ဖြာငယ်ကြီး နေထိုင်နည်းနှင့်
ဝိနည်းသဒ္ဒါ ဘိဓမ္မာတို့
သိရာခြေခံ သင်ရွတ်အံလျှက်
တဖန်မော်ကျွန်း မြို့ကိုယွန်းကာ
တောက်ထွန်းလျှံထိန် ဝရဇိန်သို့
ဥာဏ်ရှိန်ထွန်းပ စိန္တိတဟု
ထေရမဟာ ထံတော်မှာလျှင်
သုံးဖြာပိဋကတ် ပရိယတ်ကို
နှံ့စပ်ဖွေဖေါ် သာမဏေကျော်ဟု
စာတော်ထွတ်ကဲ သင်ယူစွဲခဲ့။
ကျမ်းလည်းအခိုင် တန်းအပိုင်တည့်
မန်းတိုင်ထွင်းဖေါက် မွှေနှောက်ပညာ
တိုက်လေသာနှင့် နှစ်ဖြာမစိုးရိမ်
ဥာဏ်ရောင်ထိန်သည့် ဂုဏ်သိရ်ထင်ရှား
မထေရ်များထံ နည်းအားခံလျှက်
သုံတန်ကျမ်းရင်း ဖြေဆိုသွင်းခဲ့
မယွင်းနိကာယ် ငါးရပ်နွယ်တွင်
ငါးသွယ်ဝိနည်း အောက်မြင်ပြီးမှ
ဘွဲ့ကြီးဝိနယ ဝိဒူလှကို
ပိုင်ရစိုးအပ် ကျမ်းဂန်တတ်သည်…
သုံးသပ် ဓမ္မာတော်ပါ ဘုရား………။
( ၄ )
သုံးရပ်သာသနာ ချီးမြှောက်ခါတည့်…
ပြည်မှာကယား တောစွန်ဖျား၌
ဆင့်ပွားသာသနာ ထွန်းစိမ့်ငှာလျှင်
ဆရာထေရ တည်ဦးစသည့်
မူလဌာနံ ထီးပွင့်ကန်ဝယ်
ရွာခံရပ်လှေး ပညာဝေးတို့
ယဉ်ကျေးစေရန် သဒ္ဓါသန်လျှက်
သည်းခံဇွဲထား လွန်စွန့်စားကာ
တပါးဘာသာ ယူလွဲစွာကို
ဘာသာဗုဒ္ဓ သိမ်းသွင်းမခဲ့
ငယ်ကရင်သွေး ကြီးလျှင်အေးဖို့
ယဉ်ကျေးလိမ္မာ သင်တန်းသာနှင့်
ဝိပဿနာစခန်း ရှင်ရဟန်းလည်း
ပြုစွမ်းပွဲဆင် ဘက-သင်ပြီး
များဖျင်အကျိုး ဆောင်သည်ပိုးခဲ့
တန်ဖိုးအမြတ် ဂုဏ်သကတ်ကြောင့်
စိုးရပ်ရာဇ ဆက်ကပ်သသည့်
သဒ္ဓမ္မဇောတိက ဓဇဘွဲ့မှန်
ပူဇော်ခံသော် ကြယ်ရံဝန်းခ
စန္ဒာကြွသို့ ဝင်းပရောင်ဖျပ်
စွမ်းအင်မြတ်သည်…
သုံးရပ် သာသနာပါ ဘုရား………။
ဘုန်းတော်ဘွဲ့တေးထပ်
------------------------------
သာသနာအောင်လံလွှင့်
ခေါင်စံမြင့် ဝေဟင်…။
ရောင်လျှံဝင့် ရွှေပလ္လင်မှာ
ဇယေသဘင် ဆင်နွှဲ…။
ဉေယျဓမ္မ မြတ်အရှင်ကို
နတ်အသွင် ဖူးမျှော်သည့်ပွဲ…။
သဒ္ဓမ္မဇောတိက ဓဇညွှန်တယ်
ဓမ္မတံခွန် ပုံစွဲ…။
ဘဝအမွန် ထုံကဲလို့
ဂုဏ်မြဲတဲ့ ဘွဲ့တော်…။
အယူတော် ဇမ္ဗူကျော် အလှူတော်သ
ပူဇော်ဂါရဝ ဖူးကြအခါတော်…။
အတူနော်ပဏာမ ဦးချကာပျော်
မြူးကြွပါသော် ဒကာအများက…။
သဒ္ဓါပွားလို့ ညွှန်းသစာတင်
ခွန်းစသာရွှင်…။
ထွန်းပတဲ့ ဆရာသခင်ရယ်
မဟာသဘင် အောင်ပွဲဘုရာ့လေး…။ ။
တေဇာဟိန်း ( နန်းနတ်နေနွယ်နိုင် )
______________________________________________
ထေရုပ္ပတ္တိကထာ ရှစ်လုံးဖွဲ့ကဗျာများ
_______________________________
၁။ ထီပွင့်ကန်ကျောင်း ကိန်းအောင်းစံပျော်။
ဉေယျဓမ္မ ထေရအမော်။
ဂုဏ်တော်ထုပ္ပတ် ရေးစပ်ပူဇော်။
သဒ္ဓါပွား မှတ်သားကြစေသော်။
၂။ စစ်ကိုင်းဒေသ မြို့ပြကနီ။
ဆူးလေကုန်းမှတ် နေရပ်ရွာမည်။
ဦးစိန်မောင်က မွေးဖနာမည်။
ဒေါ်သိန်းလှ မြတ်လှမာတာမည်။
၃။ တစ်သုံးသုံးခြောက် နှစ်ရောက်ကောဇာ။
သီတင်းကျွတ်မှန်း လဆန်းတစ်မှာ
ဗုဒ္ဓဟူးနေ့ ပျော်မွေ့လူ့ရွာ။
မထေရ်လောင်း ဖွားကြောင်းသတင်းဖြာ။
၎။ တစ်သုံးသုံးလေး နှစ်ရေးကောဇာ။
ဦးအာလောက ထေရထံမှာ။
စာပေသင်ကြား ညွှတ်တွာခိုကာ။
သာမဏေမြတ် ဝတ်လတ်ပျော်ရွှင်စွာ။
၅။ တစ်သုံးငါးခြောက် နှစ်ရောက်ချိန်ခါ။
ဦးစိန္တိတ ထေရဆရာ။
ဥပဇ္ဈာယ်မှု ကံပြုသေချာ။
ရဟန်းဇာတ် ဖြစ်လတ်သမဏာ။
၆။ အာစရိယ ထေရဖုံဖုံ။
နာနာနယ ဂန္ထစုံစုံ။
လေ့လာသင်ကြား မှတ်သားခိုးလှုံ။
စာအောင်ပန်း ဆင်မြန်းအလှဂုဏ်။
၇။ သာမဏေကျော်ပွဲ ဆင်နွှဲငယ်ခါ။
ဓမ္မာစရိယ ဂန္ထနှစ်ဖြာ။
ဝိနည်းငါးကျမ်း ဖြေစွမ်းအောင်ကာ။
ဝိဒူဘွဲ့ ယူခဲ့ထေရ်ဆရာ။
၈။ ထီးပွင့်ကန်ကျောင်း ကိန်းအောင်းဆရာ။
ဦဣန္ဒဝံသ ထေရထံမှာ။
ဝတ်ငယ်ဝတ်ကြီး ပြုပြီးနေကာ။
သာသနာရေး အားပေးကူညီရှာ။
၉။ တစ်သုံးခြောက်ကိုး ကံညှိုးနှစ်မှာ။
နတ်ထံပြောင်းကြွ မူလဆရာ။
စီစဉ်မှာတမ်း လုပ်ငန်းဝန်တာ။
ပခုံးပြောင်း ထမ်းကြောင်းသာသနာ။
၁၀။ သမ္မုတိရ သံဃာ့တာဝန်။
သံဃာ့ဖွဲစည်း ဦးစီးလမ်းညွှန်။
သာသနာရေး အားပေးထေရ်မွန်။
အများကျိုး သည်ပိုးလွန်ထူးချွန်။
၁၁။ မြန်မာတိုင်းရင်း ချစ်ခြင်းညီစွာ။
ပေါင်းရုံးကာစု ရှင်ပြုစေတာ။
ရဟန်းခံပွဲ ခြိမ့်သဲစည်ဖြာ။
နှစ်စဉ်နွှဲ ထူးကဲပျော်စရာ။
၁၂။ ရေဘေးမီးဘေး စစ်ဘေးကြုံလာ။
လူငယ်ရင်သွေး ကူဖေးမေတ္တာ။
ဘက-ကျောင်းကြီး ဖွင့်ပြီးကြင်နာ။
ပရဟိတ မြတ်လှစေတနာ။
၁၃။ အယူကွဲပြား များပြားပြည်သူ။
ဘာသာဗုဒ္ဓ တည့်မကယ်ယူ။
ယဉ်ကျေးသင်တန်း သင်စွမ်းထောက်ကူ။
မဂ်ဖိုလ်လမ်း စခန်းဖွင့်ကာထူ။
၁၄။ ကိုယ်ကျိုးမဖက် အသက်ပင်သေ။
အရေခြောက်ခမ်း အရိုးကျွမ်းစေ။
သာသနာကျိုး သည်ပိုးတဲ့ထေရ်။
ဂုဏ်ကျေးဇူး အထူးကြီးလှပေ။
၁၅။ တစ်သုံးခွန်ရှစ် ခုနှစ်ရောက်သော်။
စိုးရမင်းများ ညွှတ်တွားကော်ရော်။
သဒ္ဓမ္မဇောတိက ဓဇမည်ခေါ်။
ဘွဲ့တော်မြတ် ဆက်ကပ်ကာပူဇော်။
၁၆။ ထပ်မံဂုဏ်ဆင့် ညွှန်းဖွင့်တေဇာ။
ဆရာထေရ်ဘုန်း ရွှင်ပြုံးစေရာ။
ပူဇော်ခြိမ့်သဲ အောင်ပွဲကြေညာ။
တပည့်များ သုံးပါးဝန္ဒနာ။
၁၇။ ထီးပွင့်ကန်ကျောင်း ကိန်းအောင်းစံပျော်။
ဉေယျဓမ္မ ထေရအမော်။
ဂုဏ်တော်ထုပ္ပတ် ရေးစပ်ပူဇော်။
သဒ္ဓါပွား မှတ်သားကြစေသော်။
တေဇာဟိန်း( နန်းနတ်နေနွယ်နိုင် )
________________________________________
ထီးပွင့်ကန်ဆရာတော်အား ရည်ညွှန်းဆိုစပ်
ဂုဏ်ပြုအပ်သော ကဗျာများ
****************************************
" ဒီနေရာ ဒီဆရာ ဒီကဗျာ "
======<>======
ဘေးဒုက္ခစုံ သောကကြုံလည်း
လုံခြုံဖေးကူ အလေးမူလျှက်
သွေးတူသားချင်း ညီနောင်ရင်းသို့
မေတ္တာနှင်းတဲ့ ဒီနေရာ။
မိဝေးဖဝေး ဆွေမျိုးဝေးလည်း
ပိုက်ထွေးကြင်နာ ယုယကာဖြင့်
ရင်မှာပေါက်ဖွား သမီးသားသို့
ကရုဏာထားတဲ့ ဒီနေရာ။
စားဝတ်နေရေး ကျန်းမာရေးနှင့်
ယဉ်ကျေးလိမ္မာ တတ်ပညာကို
ပေးကာသင်ကြား ပီတိများနှင့်
မုဒိတာပွားတဲ့ ဒီနေရာ။
ထီးပွင့်ကန်သွင် နှလုံးရင်မှာ
အစဉ်ငြိမ်းချမ်း ဘဝလမ်းတို့
ဖြောင့်တန်းစေသား ဗြဟ္မစိုရ်တရားနှင့်
စေတနာထားတဲ့ ဒီဆရာ။
ဆရာသခင် ကျေးဇူးရှင်၏
ဂုဏ်အင်အထူး မြတ်ကျေးဇူးကို
ချီးကျူးရေးသား ဦးညွှတ်တွား
သဒ္ဓါပွားတဲ့ ဒီကဗျာ။
နန်းနတ်နေနွယ်နိုင်
_______________________________________
ထီးပွင့်ကန်ဆရာတော် သို့မဟုတ်
ပရဟိတသူရဲကောင်း
*****************
လိုနေရင် ဖြေတွေးပေမယ့်
ပိုနေရင် ဝေပေးဖို့ အသင့်ပါ။
မရှိရင် မပူဖြစ်ပေမယ့်
ရှိရင်တော့ လှူပစ်မည့်သူပါ။
မစားရရင် နေနိုင်ပေမယ့်
မသနားရရင် မနေနိုင်သူပါ။
ဘဝအသိ အလှတရားနဲ့
ပရဟိတ သမားဆိုတာ
သူ့အပြုံးအတွက်
ကိုယ်အရှုံးမတွက်ပဲ
ချွေးရွှဲတဲ့ ဇာနည်ကောင်း
သွေးရဲတဲ့ ပါရမီလောင်း…။
နန်းနတ်နေနွယ်နိုင်
_______________________________________
ထီးပွင့်ကန်ဆရာတော်
"""""""""""""""""''''''''''''''''''''''''''''
ထီး………ရိပ်အသွင် မေတ္တာယှဉ်
ရင်ခွင် ထွေးခပါတော့သည်။
ပွင့်………လန်းဝေဖြာ ပန်းစုံဖြာ
ရွှင်ကာ မွှေးလှပါတော့သည်။
ကန်……ဘောင်သဖွယ် စီးရေဆယ်
ကူဖွယ်ဖေးမပါတော့သည်။
ဆ………နှိုင်းလမ်းညွှန် ဆုံးမသွန်
ထေရ်မွန် တွေးဆပါတော့သည်။
ရာ………ထောင်သိန်းသန်း သင်္ချေမှန်း
ဂုဏ်ပန်း ငေးရပါတော့သည်။
တော်… တတ်သိမြင် လုံ့လတင်
အစဉ် အေးမြပါတော့သည်။
နန်းနတ်နေနွယ်နိုင်
________________________________________
" ကန္တာရပန်း "
နွေ……ချွေစမ်းပါလေ
မီးတောက်စေဦး
သူလေမနွမ်း
အစဉ်လန်းလျှက်…။
မိုး……ငြိုးစမ်းပါလေ
မုန်တိုင်းစွေဦး
သူလေမလဲ
အားမာန်စွဲလျှက်…။
ဆောင်း……သောင်းကြမ်းပါစေ
နှင်းရိုင်းချွေဦး
သူလေမမှု
အန်ကိုတုလျှက်…။
ထီးနှင့်မတန် နန်းမဆန်လည်း
ပန်းမာန်မချ သူ့အလှသည်
အားကျဂုဏ်ယူ ဖွယ်ပါတည်း…။
နန်းနတ်နေနွယ်နိုင်
________________________________________
" တောင်ထိပ်နန်းမှာ ပန်းပျိုးသူ "
************************
သူလိုရဟန်း အားအစွမ်းနဲ့
ညှိုးနွမ်းငိုက်ငုံ ပန်းအစုံသည်
မာန်ဟုန်စွင့်၍ ပွင့်တော့သည်။
သူလိုရဟန်း အားအစွမ်းနဲ့
ပွင့်ပန်းရောင်စုံ ဥယျာဉ်ဘုံသည်
မွှေးထုံသင့်၍ တင့်တော့သည်။
သူလိုရဟန်း အားအစွမ်းနဲ့
တောတန်းတောင်လွှာ သာသနာသည်
ရောင်ဝါဝင့်၍ မြင့်တော့သည်။
ခန္တီမေတ္တာ ကရုဏာနှင့်
သစ္စာလွှမ်းခြုံ သိက္ခာထုံလျှက်
ရဂုံခေါင်နန်း တောမြိုင်တန်းမှာ
ရဟန်းဝသီ အားမာန်ချီလျှက်
သုံးလီကျင့်စွမ်း ရှင်တော်လမ်းသည်
ချီးမွမ်းဖွယ်ပင် ဖြစ်တော့သည်။
နန်းနတ်နေနွယ်နိုင်
______________________________________